သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခေတ်သစ်ပိုးလမ်းမစီမံကိန်းမှာ BCIM ကို တရုတ်ဖယ်ရှား


ရပ်ဝန်းနဲ့ ပိုးလမ်းမ ဒုတိယအကြိမ် နိုင်ငံတကာညီလာခံ အဖွင့်မိန့်ခွန်းပြောကြားနေတဲ့ တရုတ်သမ္မတ ရှီကျင်ဖျင် (ဧပြီလ ၂၆၊ ၂၀၁၉)
ရပ်ဝန်းနဲ့ ပိုးလမ်းမ ဒုတိယအကြိမ် နိုင်ငံတကာညီလာခံ အဖွင့်မိန့်ခွန်းပြောကြားနေတဲ့ တရုတ်သမ္မတ ရှီကျင်ဖျင် (ဧပြီလ ၂၆၊ ၂၀၁၉)

တရုတ်ကနေ ဥရောပထိ ဖေါက်လုပ်မယ့် BRI ခေတ်သစ်ပိုးလမ်းမ စီမံကိန်း စာရင်း စနေနေ့က ထုတ်ပြန်ရာမှာ အရင်က ပါခဲ့တဲ့ BCIM ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ လေးနိုင်ငံ စီးပွားရေးစင်္ကြန် စီမံကိန်းကို တရုတ်က ဖြုတ်ချခဲ့ပါတယ်။

ဧပြီလ ၂၅-၂၇ ရက်နေ့ထိ တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ ကျင်းပခဲ့တဲ့ BRI နိုင်ငံတကာ ညီလာခံကို အိန္ဒိယနိုင်ငံကလည်း သပိတ်မှောက်တဲ့အနေနဲ့ မတက်ရောက်ပဲနေခဲ့ပါတယ်။ မြန်မာ့အိမ်နီးချင်း အင်အားကြီးနှစ်နိုင်ငံ ဒေသတွင်း အားပြိုင်မှု အလားအလာ ဘယ်လိုရှိနေပါသလဲ။ မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။

မြန်မာနိုင်ငံက မန္တလေးနဲ့ ဘင်္ဂလားဒေ့ရှ်က ဒါကာမြို့တွေဖြတ်ပြီး တရုတ်နိုင်ငံအရှေ့ တောင်ဘက် Kunming မြို့ကနေ အိန္ဒိယနိုင်ငံက Kolkata မြို့ထိ ဖောက်လုပ်မယ့် BCIM စီမံကိန်းဟာ တရုတ်ရဲ့ BRI ခေတ်သစ်ပိုးလမ်းမ စီမံကိန်းမှာ အဓိက စီးပွားရေးစင်္ကြန် ခြောက်ခုမှာ အရင်က ပါနေတာပါ။

ဒါပေမယ့် စနေနေ့က ကျင်းပပြီးစီးခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါ အဝင် နိုင်ငံပေါင်း ၃၆ နိုင်ငံက အစိုးရထိပ်တန်းခေါင်းဆောင်တွေ တက်ရောက်တဲ့ Belt and Road နိုင်ငံတကာညီလာခံအပြီး ထုတ်ပြန်တဲ့ အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာ ကုန်ကျမယ့် ခေတ်သစ်ပိုးလမ်းမ စီမံကိန်းစာရင်းမှာ BCIM စီမံကိန်းကို တရုတ်က ဘာကြောင့် ဖြုတ်ချခဲ့သလဲဆိုတဲ့ အကြောင်းအရာကို ချက်ချင်းမသိရ သေးပါဘူး။

သုံးရက်ကြာ ဘေဂျင်းမှာ ကျင်းပခဲ့တဲ့ BRI နိုင်ငံတကာညီလာခံကိုတက်ရောက်ဖို့ တရုတ်က ဖိတ်ကြားခဲ့ပေမယ့် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြန် စီမံကိန်းကို ဆန့်ကျင် ကန့်ကွက်တဲ့အနေနဲ့ အိန္ဒိယက ညီလာခံကို တက်ရောက်ခြင်းမရှိခဲ့ပါဘူး။ ဒီစီမံကိန်းမှာ အိန္ဒိယနဲ့ ပါကစ္စတန် နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ Kashmir ဒေသ ပါကစ္စတန်ဘက်ခြမ်းကို ဖြတ်ပြီး ဖောက်လုပ်မယ့် အစီအစဉ်ပါနေတာပါ။

အခုလို တရုတ်ရဲ့ BRI ညီလာခံကို အိန္ဒိယဘက်က တက်ရောက်ခြင်းမရှိတာကိုကြည့်ရင် BRI စီမံကိန်းတွေဟာ ဒေသတွင်းနိုင်ငံတွေကို လွှမ်းမိုးမှုရဖို့ တရုတ်ဘက်က နယ်ချဲ့ လာနေတယ် လို့ အိန္ဒိယဘက်က အမြင်ရှိနေပြီး ဒီအပေါ်မှာ စိုးရိမ်မှုကြီးကြီးမားမားရှိနေကြောင်း ပြနေတယ်လို့ အမေရိကန်အခြေစိုက် မြန်မာ့အရေးအကဲခတ် ဒေါက်တာတင့်ဆွေက ပြောပါတယ်။

“ ပထမ တချက်က အိန္ဒိယ နဲ့ တရုတ်က ဒေသတွင်းပြိုင်ဘက် တခါတခါ ရန်သူလိုဖြစ်နေတဲ့ အစဉ်အလာ တခုရှိပါတယ်။ နောက်တခါ အဲဒီအခြေအနေကို သိလို့ တရုတ်ကလည်း သူ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ နီပေါရယ် တခါ ပါကစ္စတန် ရယ် နောက်တခါ သီရိလင်္ကာပေါ့နော် အဲဒီနိုင်ငံတွေကို အတတ်နိုင်ဆုံး ခြေကုတ်ရအောင် ယူပြီးတော့ အဓိကတော့ ပါကစ္စတန် ၊ သူနဲ့ ကျတော့ နည်းမျိုးစုံနဲ့ ဆက်ဆံရေးကောင်းအောင် တရုတ်က ကျိုးစားနေတယ်။ အဲဒီအချိန်မှာ ပါကစ္စတန် နဲ့ အိန္ဒိယ ကလည်း လွတ်လပ်ရေးရကတည်းက ရန်သူတွေလို ဖြစ်နေတော့ အဲဒီအချက်ကို အိန္ဒိယက ကျေနပ်ခြင်းမရှိဘူးပေါ့နော် ၊ ဒါက ပထမအချက်။ နောက်တချက်က မြန်မာနိုင်ငံပေါ့နော်။ တရုတ်နဲ့ အိန္ဒိယကြားမှာ မြန်မာနိုင်ငံရှိပြီးတော့ မြန်မာနိုင်ငံကို ခြေကုတ်ပြုပြီးတော့ လွှမ်းမိုးမှုတွေ အမျိုးမျိုးလုပ်ပြီးတော့ အိန္ဒိယသမုဒ္ဒရာကို တရုတ်က ထွက်ပေါက်ရအောင်ကြိုးစားတဲ့အပေါ်မှာလည်း ဒုတိယ အချက်အနေနဲ့ အိန္ဒိယက ကျေနပ်ခြင်းမရှိပါဘူး။”

အခုလို အိန္ဒိယဘက်က သူ့နိုင်ငံအကျိုးစီးပွားထိခိုက်လာမယ့် တရုတ်ရဲ့ ခေတ်သစ်ပိုးလမ်းမ စီမံကိန်းတချို့ မလိုလားတဲ့ အနေအထားရှိနေတဲ့အပေါ်မှာ တရုတ်ဘက်ကလည်း BCIM လေးနိုင်ငံ စီမံကိန်းကို ပြန်ပြီးမွမ်းမံလိုတာတွေ့ရတယ်လို့ ဒေါက်တာတင့်ဆွေက သုံးသပ်ပါတယ်။

“ယာယီတော့ တရုတ်က အိန္ဒိယကို ဖြုတ်ထားမယ့် သဘောတော့ ရှိနေတယ်။ ဒီစီမံချက်ကြီးကို မွမ်းမံပြုပြင်ပြီးတော့ တရုတ်က ဆက်လုပ်လိမ့်မယ်လို့ ကျနော်ထင်တယ်။ အိန္ဒိယကလည်း သူ့နိုင်ငံအကျိုးစီးပွားနဲ့ သူက ကြည့်တဲ့အခါမှာ အိန္ဒိယသမိုင်းတလျောက်မှာ သူ့ခြေပေါ်ရပ်တည်နိုင်ရေး ကြိုးစားပြီးဆက်သွားမယ်။ တရုတ်ကတော့ အရင် ပြီးခဲ့တဲ့ ဆယ်စုနှစ် ၊ ရာစုနှစ်တွေနဲ့ ပြောင်းပြန်ပေါ့နော် ကမ္ဘာကို လွှမ်းခြုံနိုင်တဲ့ ပုံစံမျိုးသွားနေတော့ လမ်းကြောင်းသွားတာချင်းက ဦးတည်ချက်မတူကြဘူး။”

အခုလက်ရှိအခင်းအကျင်းအရ အိန္ဒိယက ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ တရုတ်ရဲ့ BRI ခေတ်သစ်ပိုးလမ်းမ စီမံကိန်းဟာ အသာစီးရမယ့် အနေအထားရှိနေတယ်လို့ ဒေါက်တာတင့်ဆွေက ပြောပါတယ်။

ဧပြီလ ၂၂ ရက်နေ့ထုတ်ပြန်တဲ့ တရုတ်အစိုးရရဲ့ BRI စီမံကိန်းစာရင်း အစီရင်ခံစာမှာ BCIM ကို ဖေါ်ပြခဲ့ပြီး လွန်ခဲ့တဲ့ ငါးနှစ်က လေးနိုင်ငံ ဒီစီမံကိန်းအကောင်အထည်ဖေါ်ဖို့ အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းနဲ့ လူမှုအသိုင်းအဝိုင်း အဖွဲ့အစည်းတွေ တိုးတက်ဖွံဖြိုးဖို့၊ အခြေခံလမ်းပန်း အဆောက်အဦးတွေ ဆက်စပ်တည်ဆောက်၊ ဖောက်လုပ်ဖို့၊ ကုန်သွယ်ရေးအရ ပူးပေါင်းဆောင်ရွက်ဖို့၊ စက်မှုဇုံတွေ တည်ထောင်ဖို့၊ ငွေကြေးဈေးကွက် ဖွင့်လှစ်ဖို့၊ ယဉ်ကျေးမှု ပေါင်းကူးတံတားတွေ အပြန်အလှန်တည်ဆောက်ဖို့နဲ့ လူထုချင်း ဆက်ဆံရေးတည်ဆောက်ဖို့ စတာတွေအတွက် အဓိက စီမံကိန်းတွေ ချမှတ်ခဲ့ကြောင်း ရေးသားထားပါတယ်။

ဒါပေမယ့် ဧပြီလ ၂၇ ရက်နေ့ စနေနေ့က ထုတ်ပြန်တဲ့ နောက်ဆုံးစာရင်းမှာတော့ BCIM စီမံကိန်းကို ဖြုတ်ချခဲ့ပြီး တောင်အာရှဒေသတွင်း တရုတ်က အဓိကလုပ်မယ့်စီမံကိန်းသုံးခုအဖြစ်- CMEC တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်၊ နီပေါ်လ်-တရုတ် နယ်စပ်ဖြတ်ဖေါက်လုပ်မယ့် မီးရထားလမ်း စီမံကိန်းအပါအဝင် နီပေါ်လ်-တရုတ် ဆက်သွယ်ရေးလမ်းကြောင်း စီမံကိန်းနဲ့ CPEC တရုတ်-ပါကစ္စတန် စီးပွားရေး စင်္ကြန် စီမံကိန်းတွေကို ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG