သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုတရုတ်ခရီးစဉ် ဘာတွေမျှော်လင့်ကြသလဲ


တရုတ်နိုင်ငံဦးဆောင်လုပ်တဲ့ ဒုတိယအကြိမ်မြောက် ရပ်ဝန်းနဲ့ ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး BRI ဖိုရမ်ကိုတက်ရောက်နေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က တရုတ်သမ္မတ ရှီကျင်းပင်နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။ နှစ်နိုင်ငံနားလည်မှု စာချွန်လွှာတချို့ လက်မှတ်ရေးထိုးတဲ့ပွဲကိုလည်း ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့သလို၊ အခုခရီးစဉ်ကနေ တရုတ်-မြန်မာ စီးပွား ဆက်ဆံမှုတွေ ပိုအားကောင်းလာနိုင်တယ်လို့ သုံးသပ်သူတချို့က ရှုမြင်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် တရုတ်ခရီးစဉ်အပေါ် သုံးသပ်ချက်တချို့ကိုတော့ ကိုဇော်ထက်က စုစည်းတင်ပြပေးပါမယ်။

မနေ့က တရုတ်သမ္မတ ရှီကျင့်ပင်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့တဲ့အခါမှာ ပိုးလမ်းမစီမံကိန်းကနေ နှစ်နိုင်ငံလူမှုဘဝတွေ မြှင့်တင်ဖို့၊ ချစ်ကြည်ရေးတိုးမြှင့်ဖို့၊ မြန်မာ့ငြိမ်းချမ်းရေးမှာ ကူညီပေးဖို့၊ နယ်စပ်တည်ငြိမ်ဖို့၊ ရခိုင်က နယ်စပ်စွန့်ခွာသူတွေအရေးကိစ္စ ကူညီပေးဖို့နဲ့၊ ကုလသမဂ္ဂမှာ နှစ်နိုင်ငံ ပူးတွဲလုပ်ဆောင်ဖို့ အပါအဝင် အချက်တချို့ကို ဆွေးနွေးခဲ့ကြတဲ့အကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ မြန်မာ့ဖွံ့ဖြိုး တိုးတက်ရေးနဲ့ နည်းပညာပိုင်းဆိုင်ရာ အကူအညီတွေအတွက်လည်း တရုတ်အစိုးရက တရုတ်ယွမ်ငွေ တစ်ဘီလီယံ (ဒေါ်လာသန်း ၁၅၀) ကူညီပေးမယ့်ကိစ္စ ကိုလည်း ဆွေးနွေးခဲ့ကြပေမဲ့၊ အများစိတ်ဝင်စား စောင့်ကြည့်နေတဲ့ မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး ဆွေးနွေးတယ်လို့တော့ မကြားသိရသေးပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ခရီးစဉ်နဲ့ပတ်သက်လို့ တရုတ်-မြန်မာဆက်ဆံရေးပိုနီးစပ်သွားနိုင်တယ်လို့ မြင်ကြောင်းနိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက ခုလိုပြောပါတယ်။

“နိုင်ငံတော်အတိုင်ပင်ခံရဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ခရီးစဉ်အလွန်ကာလမှာ မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးအပိုင်းမှာ ပိုပြီးတော့ နီးစပ်သွားနိုင်တယ်၊ နီးကပ်သွားနိုင်တယ်လို့ ကျနော်ကအဲဒီလိုယူဆပါတယ်။ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်း အထူးသဖြင့် အနောက်နိုင်ငံတွေအနေနဲ့ မြန်မာအစိုးရနဲ့ မြန်မာ့တပ်မတော် နဲ့ ထိတွေ့ဆက်ဆံမှုကို ပိုပြီးတော့ ချဲ့ထွင်ဖို့လိုအပ်တယ်လို့ မြင်ပါတယ်။ မြန်မာအစိုးရ အနေနဲ့ရော မြန်မာ့တပ်မတော်အနေ နဲ့ရော ကုလသမဂ္ဂ အပါအဝင် အနောက်နိုင်ငံတွေ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ဒီထက်ပိုပြီးတော့ ဗျူဟာမြောက် ထိတွေ့ဆက်ဆံဖို့လိုအပ်တယ်လို့ မြင်ပါတယ်။”

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်နိုင်ငံ ဦးဆောင်လုပ်တဲ့ ဒုတိယအကြိမ်မြောက် ရပ်ဝန်းနဲ့ ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး BRI ဖိုရမ်ကို တက်ရောက်ဖို့အတွက် တရုတ်နိုင်ငံကို ရောက်ရှိနေတာပါ။ ဒီခရီးစဉ်အတွင်း တရုတ်သမ္မတ၊ တရုတ်ဝန်ကြီးချုပ် စတဲ့ နိုင်ငံအကြီးအကဲတွေနဲ့ တွေ့ဆုံခဲ့သလို၊ နှစ်နိုင်ငံကြား ပူးပေါင်း ဆောင်ရွက်မှုတွေအတွက် နားလည်မှု စာချွန်လွှာတွေ လက်မှတ်ရေးထိုးတဲ့ပွဲကိုလည်း ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပါတယ်။

ခုလို ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံကို ရောက်ရှိနေချိန်မှာပဲ ရပ်ဆိုင်းထားတဲ့ မြစ်ဆုံစီမံကိန်းကို အပြီးတိုင် ဖျက်သိမ်းပစ်ဖို့အတွက် တောင်းဆိုလှုပ်ရှားမှုတွေ ကလည်း ပြည်တွင်းမှာ အရှိန်တက်နေတာပါ။ မြစ်ဆုံစီမံကိန်း ပြန်မစဖို့ အတွက် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပြည်သူနဲ့ အကျေအလည်ဆွေးနွေးပြီး တရုတ်အစိုးရကို ပြန်လည် ချပြသင့်တယ်လို့ ကချင်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးကွမ်ဂေါင်အောင်ခမ်း ကပြောပါတယ်။

“မြစ်ဆုံရေကာတာနဲ့ ပတ်သတ်ပြီး ဒေါ်အောင်ဆန်းစုကြည်က လွန်ခဲ့တဲ့အချိန် မြစ်ကြီးနားလာတုန်းက ပြည်သူကိုချပြတယ် ပွင့်ပွင့်လင်းလင်းထုတ်ဖော်ပါ့မယ်ဆိုတဲ့ဟာ နောက်ပြီးမှ ဖြစ်နိုင်ရင်တော့ မြစ်ဆုံရေကာနဲ့ ပတ်သတ်ပြီး ဆွေးနွေးပြီးမှ အချက်အလက်တွေကို၊ သဘောမတူတဲ့အချက်အလက်တွေကို တင်ပြဖို့လိုပါလိမ့်မယ်။ ဒါတွေဟာ ပွင့်ပွင့်လင်းလင်း တင်ပြဖို့ ကောင်းပါတဲ့ဆိုတဲ့ဟာမျိုး ကျနော် တင်ပြလိုပါတယ်။”

နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်တွင်းမှာဖွဲ့ထားတဲ့ ရပ်ဝန်းနဲ့ ပိုးလမ်းမစီမံကိန်း အကောင်အထည်ဖော်ရေး ကော်မတီရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူပါ။ တရုတ်နိုင်ငံ ဦးဆောင်မယ့် ရပ်ဝန်းနဲ့ ပိုးလမ်းမ စီမံကိန်းမှာ နိုင်ငံ ၆၀ကျော်ပါဝင်မှာဖြစ်ပြီး မြန်မာနိုင်ငံအနေနဲ့ ပထဝီအနေအထားအရ မဟာဗျူဟာကျတဲ့ နေရာမှာ ရှိတဲ့အတွက် ပါဝင်လိုကြောင်း၊ စီမံကိန်းတွေကိုဆောင်ရွက်ရမှာ နှစ်နှိင်ငံအကျိုး စီးပွားမျှမျှတတဖြစ်အောင် လိုအပ်ကြောင်း အဲဒီကော်မတီရဲ့ ပထမဆုံးအစည်းအဝေးမှာ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာပါ။

ဒီလို မြန်မာနိုင်ငံပါဝင်လာဖို့ ဆုံးဖြတ်ပြီးတဲ့ နောက်ပိုင်း ပြည်တွင်းမှာ တရုတ်-မြန်မာအကျိုးတူ ဆောင်ရွက်မယ့် စီးပွားရေး အခြေခံအဆောက်အအုံတွေ နဲ့ပတ်သတ် သဘောထားအမြင်တွေလည်း အမျိုးမျိုးထွက်ပေါ်လာပါတယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံအတွက် တရုတ်အကောင်အထည်ဖော်မယ့် စီမံကိန်းတွေဟာ တကယ်ပဲ အကျိုးရှိနိုင်လားဆိုတာ မေးခွန်းတခုဖြစ်နေပါတယ်။

မြန်မာနိုင်ငံမှာအခြေခံ အဆောက်အုံတွေ အများကြီးလိုအပ်နေပေမဲ့လို့ စီမံကိန်းတွေနဲ့ ပတ်သတ်ရင်နှစ်ဦး နှစ်ဘက်ညှိနှိုင်းပြီးမှ လုပ်သွားမယ်လို့မြင်ကြောင်း စီးပွားရေးမူဝါဒရေးရာ ပညာရှင် ဒေါက်တာအောင်ကိုကို ကပြောပါတယ်။

“ဒါကတော့ နှစ်ဦးနှစ်ဘက်အပြန်အလှန် ညှိရမှာပေါ့နော် သူတို့က propose လုပ်တိုင်းလည်း လက်ခံမယ်မဟုတ်ပါဘူး ကျနော်ထင်ပါတယ်။ နောက်ပြီးတော့ ပြည်တွင်းက စီးပွားရေးလုပ်ငန်းရှင်တွေ နိုင်ငံသားတွေ ဒါကလည်း ဘယ်လိုအကျိုးရှိသွားမှာလဲ ဘယ်လို ပါဝင်ဆောင်ရွက်နိုင်မှာလဲ ဆိုတာကလည်း ဒါလည်းဖြစ်ဖို့လိုတာပေါ့။ ဒါတွေကသေချာစဉ်းစားရမှာပေါ့။”

တရုတ်နိုင်ငံ ပေကျင်းမြို့ မှာ ဧပြီလ ၂၅ရက်ကနေ ၂၈ရက်ထိလုပ်နေတဲ့ ဒုတိယမြောက် ရပ်ဝန်းနဲ့ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ကို နိုင်ငံတော်အတိုင်ပင်ခံနဲ့အတူ ပို့ဆောင်ဆက်သွယ်ရေး၊ လျှပ်စစ်စွမ်းအင်၊ စီးပွားကူသန်း၊ စီမံဘဏ္ဍာဝန်ကြီးတွေနဲ့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်တို့ တက်ရောက်နေကြပါတယ်။ အတိုင်ပင်ခံကတော့ ကမ္ဘောဒီယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆင် ဖိတ်ခေါ်ထားတဲ့အတွက် တရုတ်ခရီးစဉ်ပြီးတဲ့နောက်မှာ ကမ္ဘောဒီးယားကို ခရီးဆက်မှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG