သုံးရလွယ်ကူစေသည့် Link များ

စစ်ရှောင်ဒုက္ခသည်တွေဆီ အကူအညီရောက်ရှိရေး အခက်ကြုံ


ကယားဒေသ စစ်ဘေးရှောင်ပြည်သူများ Kayah ကယား / ကရင်နီ
ကယားဒေသ စစ်ဘေးရှောင်ပြည်သူများ Kayah ကယား / ကရင်နီ

မြန်မာနိုင်ငံအတွင်း လမ်းပန်းဆက်သွယ်ရေး နဲ့ ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေး ကန့်သတ်ခံရမှုတွေ၊ တယ်လီဖုံးနဲ့ အင်တာနက်လိုင်း ပြတ်တောက်မှုတွေဟာ လူသားချင်းစာနာမှု အကူအညီလိုအပ်နေသူတွေဆီ ရောက်အောင် ပေးပို့နိုင်ရေးမှာ အဟန့်အတားပဲလို့ အကူအညီပေးနေနေတဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။ ဒီအကြောင်း အလိမ္မာ က ပြောပြမှာပါ။

စစ်ရှောင်ဒုက္ခသည်တွေဆီ အကူအညီရောက်ရှိရေး အခက်ကြုံ

{{Zawgyi/Unicode}}
မြန်မာနိုင်ငံအတွင်း လမ်းပန်းဆက်သွယ်ရေး အတားအဆီးနဲ့ ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေး ကန့်သတ်ခံရမှုတွေ၊ တယ်လီဖုံးနဲ့ အင်တာနက်လိုင်း ပြတ်တောက်မှုတွေဟာ လူသားချင်းစာနာမှု အကူအညီလိုအပ်နေသူတွေဆီ ရောက်အောင် ပေးပို့နိုင်ရေးမှာ အဓိက အဟန့်အတား ဆက်ဖြစ်နေဆဲပဲလို့ ဒေသတွင်း အကူအညီပေးနေနေတဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။ လက်နက်ကိုင်ပဋိပက္ခကြောင့် စစ်ဘေးရှောင် ဒုက္ခသည်တွေ များလာတာနဲ့အမျှ အကူအညီပေးရေးကိစ္စကလည်း အဓိက စိန်ခေါ်နေတဲ့ အခက်အခဲ တခုဖြစ်လာပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အလိမ္မာ က ပြောပြမှာပါ။

မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာမှု အကူညီ လိုအပ်နေသူ ၃ သန်း ၁ သိန်းရဲ့ လိုအပ်ချက်တချို့ကို ပြီးခဲ့တဲ့ နှစ်ဝက်အတွင်း ကုလသမဂ္ဂအဖွဲ့အစည်းတွေက ပေးအပ်ခဲ့တဲ့အကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ဆက်သွယ် ညှိနှိုင်းရေးရုံး UNOCHA ရဲ့ နောက်ဆုံး ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ပြောပါတယ်။ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေတဲ့ နေရာတွေမှာ အကန့်အသတ်တွေ ရင်ဆိုင်နေရတာကြောင့် လူသားချင်းစာနာမှု အကူညီကို လိုအပ်နေသူတွေလက်ထဲ ရောက်အောင် ထိထိရောက်ရောက် ပေးဖို့ ခက်နေတဲ့အကြောင်း နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး အကူအညီပေးနေသူတွေက ပြောပါတယ်။ ကယားပြည်နယ် (ကရင်နီ) ဖရူဆို အနောက်ဘက်ခြမ်းမှာ ရှိနေတဲ့ စစ်ဘေးရှောင်တွေအတွက် လမ်းပန်းဆက်သွယ်ရေး အခက်အခဲအပြင်၊ ဖုန်းလိုင်းပြတ်တောက်တာကလည်း အဓိက အကြောင်းအရင်း တခုလို့ ဆိုပါတယ်။

"တချို့ NGO အဖွဲ့တွေကတော့ သူတို့သွားလာတာတော့ ရှိတယ်။ စာရင်းဇယား လိုချင်တာပဲဖြစ်ဖြစ် တခုခုဆို ကျနော်တို့ စာနဲ့ပို့ရတာ ရှိတယ်။ လူကြုံထည့်ရတာ ရှိတယ်။ လမ်းပန်းဆက်သွယ်ရေးလည်း ခက်ခဲတယ်။ သွားသွားလာလာလည်း လူ အဲလောက်မရှိဘူး။ ဆက်သွယ်ရေးက ခက်ခဲတော့ သူတို့ကလည်း ဟိုဘက်ကနေ လူကြုံနဲ့ပါးလာတာလား၊ စာနဲ့ပို့လာတာလား။ အဲဒီလို အနေအထားမျိုးတော့ ရှိတာပေါ့။"

ရခိုင် လက်နက်ကိုင် အဖွဲ့ AA နဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရခိုင်ပြည်က စစ်ရှောင်စခန်းတွေမှာဆိုရင်လည်း စားနပ်ရိက္ခာ လိုအပ်ချက်တွေ ရှိနေပါတယ်။ ကျောက်တော်မြို့နယ်က ညောင်ချောင်းကျေးရွာမှာ ရှိတဲ့ စစ်ဘေးရှောင်စခန်း တခုမှာဆိုရင် အုပ်ချုပ်ရေး တာဝန်ရှိသူတွေဘက်က အရင်ပေးနေတဲ့၊ လစဉ်ထောက်ပံ့မှု မရတာ ၆ လလောက်ရှိပြီလို့ စခန်းမှာနေထိုင်သူတဦးက ပြောပါတယ်။

"စစ်ရှောင်စခန်းကို ဖြတ်သန်းလာတာ အစိုးရဆီက ဘေးစီမံထောက်ပံ့မှုရယ်၊ WFP ကတော့ ပုံမှန်ထောက်ပံ့ပါတယ်။ ဘေးစီမံကတော့ မထောက်ပံ့တာဆိုရင် ဒီလနဲ့ဆို ၆ လတောင် ရှိသွားပြီပေါ့နော်။ အခုလက်ရှိမှာလည်း စစ်ရှောင်တွေနေတာ အဆင်ပြေလို့နေတာ မဟုတ်ဘူး။ သူတို့မှာ ပါလာတာတွေနဲ့ ဖြည့်စားနေရတာပဲ ရှိတယ်။ WFP က ထောက်ပံ့တာလည်း တလမှာ လူ ၁ ယောက်ကို ၁၈,၀၀၀ နှုန်းနဲ့ပေါ့။ ၁၈,၀၀၀ နှုန်းနဲ့ဆိုတော့ ကုန်ဈေးနှုန်းမြင့်တာနဲ့ ဆိုရင် ဘယ်လိုမှ အဆင်မပြေနိုင်ဘူးလေ။ အခက်အခဲက အများကြီးရှိတာပေါ့။ စစ်ရှောင်စခန်းထဲမှာ နေတဲ့သူတွေက ဒီစစ်ဘေးဒုက္ခထဲက ရုန်းထွက်ပြီး စစ်ရှောင်စခန်းကို ရောက်လာတာပေါ့နော်။ စစ်ရှောင်စခန်းမှာလည်း စားဝတ်နေရေး အဆင်မပြေရင်၊ ကြားထဲမှာလည်း ရပ်တန့်နေတော့ ဒီအစိုးရဆီကပဲ ဖြစ်ဖြစ်၊ NGO ဆီကပဲ ဖြစ်ဖြစ် ထောက်ပံ့မှုကတော့ ပုံမှန်ဖြစ်စေချင်တာပေါ့နော်။"

မြန်မာနိုင်ငံမှာ အကူညီလိုအပ်နေသူတွေ တိုးလာနေပြီး နိုင်ငံတွင်းမှာရှိတဲ့ ကုလသမဂ္ဂ အကူညီပေးရေးအဖွဲ့တွေ အနေနဲ့ ၂၀၂၂ ခုနှစ် ပထမနှစ်ဝက်အတွင်း လူပေါင်း ၃ သန်း ၁ သိန်းကို အကူညီပေးနိုင်ခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ဆက်သွယ်ညှိနှိုင်းရေးရုံး UNOCHA က ပြောပါတယ်။ ဒါပေမဲ့ လိုအပ်တဲ့ ရန်ပုံငွေ မပြည့်တဲ့အတွက် ကူလိုအပ်နေသူတွေဆီ အကူအညီ ပေးပို့ရေး အခက်အခဲတွေ ရှိနေတယ်လို့ ပြောပါတယ်။ တိုက်ပွဲအခြေအနေကြောင့် စစ်တပ်ဘက်က လုံခြုံရေးတင်းကြပ်ပြီး မြို့တွင်းအသွားအလာ ကန့်သတ်ခံရတာတွေကြောင့် ချင်းပြည်နယ် တောင်ပိုင်းမှာလည်း ဆန်နဲ့ အခြေခံကုန်စည် လိုအပ်ချက်တွေ သယ်ဖို့ ခက်ခဲနေပါတယ်။ ဒုက္ခသည်တွေကို ကူညီနေသူတဦးက အခုလို ပြောပါတယ်။

"ဟိုးအရင်ကတည်းက ကျောက်တော်တို့ မြောက်ဦးတို့ကို မှီခိုပြီးတော့ သူတို့က ဆန်တွေကို အဓိကဝယ်ရတာလေ။ အဲဒီဘက်မှာ တောင်ပေါ်ဒေသများတယ် ဆိုတော့ ဆန်တွေက သိပ်မထွက်ဘူးပေါ့နော်။ မထွက်တော့ ဒီက ဆန်တွေကိုပဲဝယ်ပြီး မှီခိုစားနေရတော့ အခုက လမ်းပန်းဆက်သွယ်ရေးက သွားလို့မရတော့ စားနပ်ရိက္ခာက အခက်အခဲတွေ့နေပြီလေ။"

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း ပြည်တွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ ၁ သန်းကျော်အထိ ရှိနေတယ်လို့ UNOCHA ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အကူအညီ လိုအပ်နေသူတွေဆီ လူသားချင်းစာနာမှု အကူအညီပေးရေးမှာ အဟန့်အတားမရှိ ပေးပို့နိုင်ရေးအတွက်လည်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့တွေ မကြာခန တောင်းဆိုနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

.................................................


{{Zawgyi/Unicode}}








XS
SM
MD
LG