ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ရဲ့ ဌာနချုပ် လိုင်ဇာမြို့အနီး စစ်ကောင်စီက ဒီကနေ့ အစောပိုင်းမှာ ဒရုန်းနဲ့တိုက်ခိုက်ခဲ့ကြောင်း KIO အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောလိုက်ပါတယ်။ လူနေရပ်ကွက်တွေအနီး တိုက်ခိုက်ခံရမှုမှာ သေကျေထိခိုက်တာတော့ မရှိဘူးလို့လည်း ပြောပါတယ်။
ကချင်ပြည်နယ်က စစ်ရေးတင်းမာနေတဲ့ နောက်ဆုံးအခြေအနေ ရန်ကုန်က သတင်းပေးပို့ ထားတာကို အခြေခံပြီး တင်ပြထားပါတယ်။
ဒီရက်ပိုင်းအတွင်း ကချင်ပြည်နယ် ဒုတိယမြို့တော် ဗန်းမော်မြို့မှာ တိုက်ပွဲတွေ ပိုမို ပြင်းထန်လာချိန် မှာပဲ စစ်ကောင်စီဘက်က KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးကို အပျက်စီးခံပြီးတိုက်ခိုက်တဲ့ဒရုန်းသုံးပြီး ထပ်မံ တိုက်ခိုက် လာပါတယ်။
ဒီတိုက်ခိုက်မှုဟာ မနက်ပိုင်းတနာရီခွဲလောက်မှာ ဖြစ်ခဲ့ပြီး လူအထိအခိုက်တော့ မကြားရကြောင်း KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက VOA ကို ပြောပါတယ်။
“Sucide Drone တလုံးကျတယ်လို့ ပြောတယ်။ တနာရီခွဲလောက် ကျမှာပါ။ လူနေရပ်ကွက်နဲ့ သိပ်တော့ မဝေးဘူးလို့ပြောတယ်။ အထိအခိုက်ကတော့ ဘာမှ မကြားဘူး။ အိမ်နဲ့ နည်းနည်းဝေး တယ်ဆိုတော့ လူထိခိုက်မှုကတော့ မရှိပါဘူး။”
စစ်ကောင်စီတပ်ဘက်က လိုင်ဇာကို တိုက်ခိုက်ရေးဒရုန်းသုံးပြီး တိုက်ခိုက်တာဟာ အခုတကြိမ်နဲ့ပါဆိုရင် ဒီနှစ်အတွင်းမှာ ၃ကြိမ်ရှိပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ (၂၄) ရက်နေ့က ပထမအကြိမ်နဲ့ ဖေဖော်ဝါရီလ (၂၆) ရက်နေ့မှာ ဒုတိယအကြိမ် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒရုန်းကိုအဆုံးရှုံးခံပြီး ဝင်ရောက်တိုက်ခိုက်တာကို အသေခံဒရုန်းအဖြစ် သတ်မှတ်ပြောဆိုတာပါ။
ဒေသတွင်း သတင်းမီဒီယာတွေမှာကတော့ ဒီလ (၈) ရက်နေ့ကစတင်ပြီး ဗန်းမော်မြို့မှာ တိုက်ပွဲ ပြင်းထန်နေသလို (၁၀) ရက်နေ့မှာ စစ်ကောင်စီဘက်က ဒရုန်း (၇) စင်းကိုလည်း KIA နဲ့ ပူးပေါင်းတပ် တွေက ပစ်ချခဲ့ကြောင်း ရှေ့တန်း သတင်းရင်းမြစ်တွေကို ကိုးကား ဖော်ပြကြပါတယ်။
ဗိုလ်မှူးကြီးနော်ဘူကတော့ ဗန်းမော်မှာ တိုက်ပွဲဆက်လက် ပြင်းထန်နေကြောင်း ပြောပေမဲ့ ဒရုန်းတွေ ပစ်ချတာနဲ့ပတ်သက်လို့တော့ အတည်မပြုနိုင်ကြောင်း ပြောပါတယ်။
လက်ရှိ ကချင်ပြည်နယ်တွင်း တိုက်ပွဲတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာတော့ မရှိပါဘူး။
ပြီးခဲ့တဲ့လအတွင်းမှာတော့ မိုးမောက်၊ ဗန်းမော်၊ မံစီနဲ့ ဖားကန့် မြို့နယ်တွေကို စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်တာကြောင့် အရပ်သား အနည်းဆုံး (၁၄) ဦး သေဆုံးပြီး ၁၁ယောက် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း Laiza TV က သတင်းထုတ်ပြန်ခဲ့ပါတယ်။
Forum