သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တင်းမာမှုတွေ လျှော့ချရေး ညှိနှိုင်းဖို့ KIO နဲ့ TNLA သဘောတူ


ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ အတွင်း ဈေးတခုမှာ တွေ့ရတဲ့ လုံခြုံရေးယူနေတဲ့ တအောင်းပြည်သူ့လွတ်မြောက်ရေးတပ် TNLA တပ်ဖွဲ့ဝင်တဦး (ဇူလိုင် ၃၊ ၂၀၂၄)
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ အတွင်း ဈေးတခုမှာ တွေ့ရတဲ့ လုံခြုံရေးယူနေတဲ့ တအောင်းပြည်သူ့လွတ်မြောက်ရေးတပ် TNLA တပ်ဖွဲ့ဝင်တဦး (ဇူလိုင် ၃၊ ၂၀၂၄)

ရှမ်းပြည်နယ်မြောက်ပိုင်း ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ တအန်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တို့ကြား တင်းမာမှုတွေကို ညှိနှိုင်းဖြေရှင်းမယ့်အကြောင်း နှစ်ဘက်တာဝန်ရှိသူ တွေက ပြောလိုက်ပါတယ်။ ကွတ်ခိုင်မြို့က KIO ဆက်ဆံရေးရုံးနဲ့ တပ်ဖွဲ့ဝင်တွေကို TNLA အဖွဲ့က ဖယ်ရှားလိုက်ပြီးနောက် လူမှုကွန်ရက်စာမျက်နှာမှာ အပြန်အလှန် ဝေဖန်တိုက်ခိုက်တာတွေလည်း ရှိခဲ့တာပါ။ တိုင်းရင်းသား လက်နက်ကိုင်နှစ်ဖွဲ့ကြားတင်းမာမှု နောက်ဆုံးအခြေအနေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ ညနေပိုင်းက ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/ TNLA သိမ်းပိုက် ထားတဲ့ ကွတ်ခိုင်မြို့ရှိ KIO ဆက်ဆံရေးရုံးနဲ့ ကွတ်ခိုင်မြို့ကိုဝင်ရောက်လာတဲ့ KIA တပ်ဖွဲ့ဝင်တွေကို TNLA တပ်ဖွဲ့ဝင်တွေကဖယ်ရှားပြီး နမ့်ဖာကာဘက်ကို ပို့ဆောင်ခဲ့တာပါ။ ဒီလို နှစ်ဘက်တင်းမာမှုတွေ ဖြစ်လာတာကို လောလောဆယ်မှာ ရှေ့တန်းက တာဝန်ရှိသူအချင်းချင်းညှိနှိုင်းနေပြီး နှစ်ဘက် ဗဟို အချင်းချင်း ဆက်လက်ညှိနှိုင်းသွားဖို့ ရှိကြောင်း KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက VOA ကို ပြောပါတယ်။

“အခုလောလောဆယ်ကတော့ အဲဒီဒေသခံ ရှေ့တန်းကလူအချင်းချင်း ညှိနှိုင်းတာကတော့ ရှိပါတယ်။ တခြား ဗဟိုအဆင့်ကနဲ့ အဲဒီကိစ္စနဲ့ပတ်သက်လို့ သီးခြားညှိနှိုင်းတာတော့ မရှိသေးပါဘူး။ ဒါပေမဲ့ ကျနော်တို့ KIA ဗဟိုနဲ့ TNLA ဗဟို အချင်းချင်းပေါ့နော။ အရင်ကလည်း ကျနော်တို့ ညှိနှိုင်းတာ ရှိတယ်။ အခုလည်း ဆက်ပြီးတော့မှ ညှိနှိုင်းဖို့တော့ ရှိပါတယ်။ ဒါပေမဲ့ အခု လောလောဆယ်ကတော့ ညှိနှိုင်းတဲ့ အဆင့်ကတော့ မရှိသေးဘူး။ နှစ်ဘက်ကတော့ ပြင်ဆင်တဲ့အနေအထားလောက်ပဲ ရှိပါတယ်။”

TNLAရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကလည်း ကွတ်ခိုင်မြို့ အရေးအခင်းနဲ့ ပတ်သက်ပြီး နှစ်ဘက် ဗဟိုချင်း ညှိနှိုင်းသွားမှာဖြစ်ကြောင်း ပြောပါတယ်။

“အချင်းချင်းဖြစ်ပွားနေတဲ့ ပွတ်တိုက်မှုတွေ၊ အငြင်းပွားမှုတွေကို လူထုတွေအနေနဲ့ကတော့ စိုးရိမ်စရာ မရှိပါဘူး။ ကျမတို့ဘက်ကတော့ ဒါတွေကို နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးညှိနှိုင်းရေးနည်းလမ်းနဲ့ ကျမတို့ ဆောင်ရွက်မှာဖြစ်ပါတယ်။ ကျမတို့ KIA ဗဟိုနဲ့ TNLA ကြားမှာ ဗဟိုချင်းတွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်နိုင်ဖို့ လည်း ကျမတို့ ကြိုးပမ်းနေပါတယ်။”

KIA နဲ့ TNLA တပ်ဖွဲ့ဝင်တွေကြား တင်းမာမှုတွေဖြစ်တဲ့သတင်းကို မီဒီယာတွေမှာ ဖော်ပြလာတဲ့အခါ နှစ်ဘက်ပြည်သူတွေကြား အပြန်အလှန် ဝေဖန်တိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။

ဗိုလ်မှူးကြီးနော်ဘူကတော့ မဖြစ်သင့်တဲ့ကိစ္စတွေမဖြစ်ရအောင် အမုန်းစကားတွေရှောင်ကြဉ်ဖို့ အခုလို တိုက်တွန်းထားပါတယ်။

“အခု အဲလိုမျိုး အချိန်ကာလမှာကတော့ ကျနော်တို့ နှစ်ဘက်က ပြည်သူလူထုတွေ၊ နှစ်ဘက်က Online သမားတွေ၊ နှစ်ဘက်က ကျနော်တို့ တပ်ဖွဲ့ဝင်တွေအားလုံးလည်း အချင်းချင်း အမုန်းစကားတွေပေါ့။ Hate Speech လို့ ခေါ်မှာပေါ့နော။ အမုန်းစကားတွေ အခုအချိန်မှာကတော့ အတော်သတိထားဖို့ အရေးကြီးပါတယ်။ အဲဒါကတော့ မဖြစ်သင့်တဲ့ဟာတွေကို ဖြစ်စေတတ်တဲ့ စကားတွေပေ့ါလေနော။ ဒါကတော့ အခုချိန်မှာကတော့ ရှောင်ဖို့ လိုပါတယ်လို့ ကျနော်ကတော့ ပြောလိုပါတယ်။”

နှစ်ဘက်ပွတ်တိုက်မှုတွေရှိတဲ့အခါ ပြည်သူတွေကြား အထင်အမြင်လွဲမှားအောင်ဆောင်ရွက်နေတာတွေ ရှိနေကြောင်းနဲ့ ဒီလို အငြင်းပွားမှုတွေလျော့နည်းအောင် ဆောင်ရွက်သွားမှာဖြစ်ကြောင်း TNLA ပြော ခွင့်ရသူ လွေးယေဦးက ပြောပါတယ်။

“ပွတ်တိုက်မှုတွေ၊ အငြင်းပွားမှုတွေရှိလာတဲ့အခါမှာ တချို့က လူထုတွေ အမြင်မှားအောင်၊ လူထုတွေ သဘောထားကွဲလွဲအောင် ဆောင်ရွက်နေတာမျိုးတွေရှိပါတယ်။ ဒီဟာကို ကျမတို့ကတော့ ရေရှည် တည်တံ့ခိုင်မြဲတဲ့မဟာမိတ်နဲ့ ဆက်လက်ပြီးတော့မှ အငြင်းပွားမှုတွေလျော့နည်းအောင် ကျမတို့ ဆောင်ရွက်ဖို့ ရှိပါတယ်။”

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဟာ ၁၉၉၄ ခုနှစ် အပစ်အခတ်ရပ်စဲပြီးနောက် ကွတ်ခိုင်မြို့မှာ ဆက်ဆံရေးရုံး ဖွင့်လှစ်ခဲ့ပြီး ၂၀၁၁ခု တကျော့ပြန်တိုက်ပွဲဖြစ်တဲ့နောက် ရုတ်သိမ်းခဲ့ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးမှာ TNLA က ကွတ်ခိုင်မြို့ကို သိမ်းယူခဲ့တဲ့နောက်မှာ KIA က ဆက်ဆံရေးရုံးကို ပြန်လည် ဖွင့်ခဲ့တာပါ။ TNLA က ဆက်ဆံရေးရုံးဖွင့်လှစ်တာနဲ့ပတ်သက်ပြီး တရားဝင် အကြောင်းကြားဖို့၊ စစ်ဝတ်စုံတွေမဝတ်ဖို့ သတိပေးမှုတွေရှိခဲ့ပြီး အခုလို နှစ်အကြား အချင်းများမှုတွေ ဖြစ်လာခဲ့တာပါ။

KIA နဲ့ TNLA ကြား မန်တုံမြို့နယ်အတွင်းမှာလည်း ပြီးခဲ့တဲ့လပိုင်းက အလားတူ ပွတ်တိုက်မှုတွေ ဖြစ်ခဲ့ပါတယ်။ ၂၀၁၃ခုနှစ်အတွင်းမှာလည်း အောက်ခြေတပ်တွေအကြား အချင်းများတာတွေ ဖြစ်ခဲ့တာကြောင့် နှစ်ဘက် တွေ့ဆုံဆွေးနွေးတာတွေ ရှိခဲ့ဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG