ကချင်လွတ်လပ်ရေးတပ်မတော် KIA ဌာနချုပ်လိုင်ဇာကို အဝေးထိန်းဒရုန်းတွေနဲ့ နှစ်ကြိမ်တိုက်ခိုက်ခံ ခဲ့ရကြောင်း KIA ပြန်ကြားရေး တာဝန်ခံက ပြောလိုက်ပါတယ်။ ဒီရက်ပိုင်း KIA နဲ့ ပူးပေါင်းတပ်တွေက ဗန်းမော်မြို့ကို ထိုးစစ်အရှိန်မြှင့်လာနေချိန်မှာပဲ စစ်ကောင်စီက မနေ့တုန်းက ဌာနချုပ်ကို ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့သလို ဖားကန့်နဲ့ အခြားဒေသတွေကိုပါ လေကြောင်းက ပိုမိုတိုက်ခိုက်လာနေတာပါ။
ကချင်ပြည်နယ်က စစ်ရေးနောက်ဆုံးအခြေအနေကို တင်ပြထားပါတယ်။
ကချင်ပြည်နယ် ဗန်းမော်မြို့မှာ စစ်ကောင်စီနဲ့ KIA ကြား တိုက်ပွဲတွေပြင်းထန်နေချိန်မှာပဲ KIA ဌာနချုပ် လိုင်ဇာမြို့ကို စစ်ကောင်စီက အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာပါ။ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက VOA ကို အခုလို အတည်ပြု ပြောပါတယ်။
“ဟုတ်ကဲ့။ မနေ့က ညနေပိုင်းလောက်မှာ လိုင်ဇာနားမှာ Suicide Drone ပေါ့နော်။ အဲဒါနဲ့ ဗုံးကြဲတာ ရှိပါတယ်။ ကျနော်တို့ ကြားတာကတော့ နှစ်စင်းပါ။ နှစ်ခါ ဗုံးကြဲတာပဲ ကြားပါတယ်။”
ဒရုန်းကိုအဆုံးရှုံးခံပြီး ဝင်ရောက်တိုက်ခိုက်တာကို အသေခံဒရုန်းအဖြစ် သတ်မှတ်ပြောဆိုတာပါ။ ဒီ တိုက်ခိုက်မှုမှာ လူထိခိုက်သေပျောက်တဲ့သတင်းတော့ မကြားသိရဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ ဇန်နဝါရီလ ၂၄ ရက်နေ့ကလည်း လိုင်ဇာမြို့ကို အသေခံဒရုန်းနဲ့ တိုက်ခိုက်တာတွေ ရှိခဲ့ပြီး အခုအကြိမ်က ဒီနှစ်အတွင်း ဒုတိယအကြိမ် တိုက်ခိုက်တာလည်း ဖြစ်ပါတယ် ။
ဒီရက်ပိုင်းအတွင်း KIA ပူးပေါင်းတပ်တွေက ဗန်းမော်မြို့ကို ထိုးစစ်အရှိန်မြှင့်တင်တိုက်ခိုက်လာချိန်မှာ လိုင်ဇာသာမက အခြားဒေသတွေမှာပါ စစ်ကောင်စီက လေကြောင်းကတိုက်ခိုက်တာတွေ တိုးလုပ်လာနေတဲ့အကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကဆက်ပြောပြပါတယ်။
“ဒီတလောကတော့ လေကြောင်းနဲ့တိုက်ခိုက်တာတွေ၊ ဒရုန်းနဲ့ Suicide တိုက်ခိုက်တာတွေ ခပ်စိတ်စိတ် ဖြစ်နေပါတယ်။ ခပ်စိတ်စိတ်ဖြစ်တဲ့နေရာမှာ အထူးသဖြင့်ကတော့ စာသင်ကျောင်းတွေ၊ ပြီးတော့ လူထုရဲ့ ဒီ ရွှေတူးဖော်နေတဲ့ ရွှေမှော်တွေမှာလည်း ဗုံးကြဲတာကို တွေ့ရပါတယ်။ လောလောဆယ် ကတော့ ဖားကန့်ဘက်မှာလည်း ရှိတယ်။ နှစ်ခါ၊ သုံးခါလား မသိဘူး။ အဲဒီဘက်မှာလည်း ဗုံးကြဲတာ ပေါ့။ နောက် ကျနော်တို့ မိုးမောက်မြို့နယ်တို့၊ ဗန်းမော်မြို့နယ်တို့၊ မံစီမြို့နယ်တို့၊ အဲဒီဒေသမှာ ပိုပြီးမှ ဗုံးကြဲတာကို တွေ့ရပါတယ်။”
ဖားကန့်ဒေသခံတဦးကတော့ ဒီလ (၂၄) ရက်နေ့ည သန်းခေါင်ကျော်မှာ ဖားကန့်ဒေသအခြေစိုက် KIA တပ်ရင်း (၆) ဘက်ကို လေကြောင်းက ဗုံးကြဲခဲ့ကြောင်း အခုလို ပြောပါတယ်။
“တပ်မဟာ (၉) ရင်း (၆) ဒေသ ဖားကန့်မြောက်ဘက်အခြမ်းပေါ့။ ရင်း (၆) ဘက်ကို ဂျက်ဖိုက်တာနှစ်စီး နဲ့ ဗုံးလာကြဲသွားတယ်။ အထိအခိုက်တွေက အဲလောက်မရှိဘူးပြောတယ်။ ပြီးရင် ဖားကန့် တပ်မကုန်း က ဒရုန်းတစီးက ဖားကန့်တပ်မကုန်းနဲ့ မျက်နှာချင်းဆိုင်က ဆန်းကြွယ်ဘုရားကုန်းကို ဒရုန်းနဲ့ ဗုံးလာချ သွားတာ နှစ်လုံးပေါ့။ ရင်း (၆) ဘက်ကို ဗုံး ခဏခဏ လာကြဲတယ်။ လွန်ခဲ့တဲ့ (၁၀) ရက်လောက် ကလည်း လာကြဲတယ်။ ဒီနှစ်ထဲမှာ ဖားကန့်ဘက် ဗုံးတော်တော်လာကြဲတယ်။”
ဒီလ (၁၉) ရက်နေ့က မိုးမောက်မြို့နယ် ဝက်ငင်းနဲ့ နှင်းအီရွာတွေကို လေကြောင်းကနေ စစ်ကောင်စီက တိုက်ခိုက်ခဲ့ပြီး မိသားစုဝင် (၇) ဦး သေဆုံးခဲ့သလို အနည်းဆုံး (၄) ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ KIA ရဲ့ သတင်းဌာနတခုဖြစ်တဲ့ လိုင်ဇာ TV ကတော့ ပြီးခဲ့တဲ့ တပတ်အတွင်း လေကြောင်းတိုက်ခိုက်တာ ကြောင့် အရပ်သား (၁၄) ဦးသေဆုံးပြီး (၁၁) ဦး ဒဏ်ရာရခဲ့ကြောင်း ဒီလ (၂၃) ရက်နေ့က ထုတ်ပြန်ထားပါတယ်။
ဒီလို လေကြောင်းတိုက်ခိုက်မှု သတင်းတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘကက် သတင်းထုတ်ပြန်တာ မရှိသလို ထိခိုက်ဒဏ်ရာရတဲ့ သတင်းတွေနဲ့ပတ်သက်လို့ VOA အနေနဲ့ သီးခြားအတည်ပြုချက်ရဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။
Forum