သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ဆိုင်ရာ ဗြိတိန်သံအမတ် ရာထူးက နုတ်ထွက်


ကန်ဆိုင်ရာ ဗြိတိန်သံအမတ် Kim Darroch
ကန်ဆိုင်ရာ ဗြိတိန်သံအမတ် Kim Darroch

အမေရိကန်သမ္မတ Donald Trump ဟာ အသုံးမကျသူ၊ သူ့အစိုးရဟာလည်း အလုပ်မဖြစ်တဲ့ အစိုးရအဖြစ် ပေါက်ကြားခဲ့တဲ့ သံတမန်မှတ်တမ်း တခုမှာ ဝေဖန်ခဲ့တဲ့ ဗြိတိန်သံအမတ်ကြီး Kim Darroch ဟာ လက်ရှိအခြေအနေအရ ဆက်လက် တာဝန်ယူဖို့ မဖြစ်နိုင်တာကြောင့် ရာထူးက နုတ်ထွက်ကြောင်း ဒီနေ့ပဲ ကြေညာလိုက်ပါတယ်။

ဒီနှစ်ကုန်ကျမှ တာဝန်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပေမဲ့ လက်ရှိအခြေအနေအရ သံအမတ်တဦးကို အသစ်ခန့်အပ်တာဝန်ပေးဖို့ လိုအပ်နေပြီလို့ ယုံကြည်ကြောင်းလည်း ကြေညာချက်မှာ သံအမတ်ကြီးက ပြောဆိုခဲ့တာပါ။

သံအမတ်ကြီး Darroch ဟာ Trump သမ္မတ မဖြစ်ခင် ၂၀၁၆ ခုနှစ်ကတည်းက အမေရိကန်ဆိုင်ရာ ဗြိတိန်သံအမတ်ကြီး တာဝန်ယူခဲ့သူလည်း ဖြစ်ပါတယ်။ ဒါပေမဲ့လည်း လန်ဒန်ကို ပေးပို့တဲ့ သံတမန်ကြေးနန်းစာ ပေါက်ကြားခဲ့ပြီးနောက်မှာတော့ လက်ရှိရာထူးမှာ ကြာကြာခံတော့မှာ မဟုတ်ကြောင်း ဗြိတိသျှအစိုးရ တာဝန်ရှိသူတွေက ခန့်မှန်းနေကြတာပါ။

သမ္မတ Trump နဲ့ ပတ်သက်လို့ သံအမတ်ကြီးရဲ့ သုံးသပ်ချက်တွေ နောက်ထပ် ပေါက်ကြားနိုင်သေးတယ်လို့လည်း ဗြိတိန်အစိုးရ တာဝန်ရှိသူတချို့က ပြောနေကြပါတယ်။

အသက် ၆၅ နှစ်အရွယ် သံအမတ်ကြီးရဲ့ သံတမန် မှတ်တမ်းဟာ ဗြိတိသျှအစိုးရ တာဝန်ရှိသူတွေနဲ့ ဝန်ကြီးတွေသာ ကြည့်ခွင့်ရှိပေမဲ့ အပြင်ကို ပေါက်ကြားခဲ့တာဟာ ပြည်ပအစိုးရတခုခုကြောင့် မဟုတ်ဘဲ ဗြိတိသျှ နိုင်ငံရေး အသိုင်းအဝန်းနဲ့ အစိုးရ တာဝန်ရှိသူတွေရဲ့ လက်ချက် ဖြစ်နိုင်တယ်လို့လည်း ယူဆထားကြပါတယ်။

သမ္မတ Trump ကတော့ သံအမတ်ကြီးဟာ မိုက်မဲတဲ့သူ တဦးအဖြစ် မနေ့ကပဲ Twitter လူမှုကွန်ရက်ကနေ အပြင်းအထန် ဝေဖန်ခဲ့ပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် Theresa May ကတော့ အမေရိကန်ဆိုင်ရာ ဗြိတိန်သံအမတ်ကြီးအဖြစ် ၂၀၁၆ ခုနှစ်ကတည်းက တာဝန်ယူခဲ့တဲ့ သံအမတ်ကြီး နုတ်ထွက်ဖို့ ဆုံးဖြတ်တဲ့အပေါ် စိတ်မကောင်းကြောင်း ပြောဆိုခဲ့တာပါ။

အစိုးရတာဝန်ရှိသူတွေအနေနဲ့ ပွင့်ပွင့်လင်းလင်းနဲ့ ပြည့်စုံတဲ့ အကြံဉာဏ်တွေ ရရှိဖို့ လိုအပ်ကြောင်းလည်း သံအမတ်ကြီးက အမေရိကန် သမ္မတကို ဝေဖန် မှတ်ချက်ပေးခဲ့တဲ့အပေါ် ဝန်ကြီးချုပ် May က မှတ်ချက်ပေး ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG