အမေရိကန်သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un တို့ရဲ့ ထိပ်သီးဆွေးနွေးပွဲ မတိုင်ခင်မှာပဲ သမ္မတ Trump နဲ့ ဂျပန်ဝန်ကြီးချုပ် Shinzo Abe တို့ မျက်နှာချင်းဆိုင်တွေ့ဆုံ ဆွေးနွေးဖို့ စီစဉ်နေကြပါတယ်။
တနင်္လာနေ့မှာ အမေရိကန်သမ္မတ Trump နဲ့ တယ်လီဖုန်း ဆက်သွယ်ပြောကြားခဲ့ပြီးတဲ့ နောက် ဝန်ကြီးချုပ် Abe က သူတို့ ၂ ဦး အမေရိကန်နဲ့ မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲ မတိုင်ခင် တွေ့ဆုံဖို့ သဘောတူခဲ့ကြကြောင်း Tokyo မှာ သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။
မြောက်ကိုရီးယားရဲ့ နျူကလီယား၊ ဓါတုနဲ့ ဇီဝလက်နက်တွေနဲ့ အတူ ပဲ့ထိန်းတပ်ဒုံးကျည် အစီအစဉ်တွေကိုပါ အပြီးတိုင် လုံးဝ ဖျက်သိမ်းဖို့ ကိစ္စဟာ မဖြစ်မနေ လုပ်ရမှာ ဖြစ်ကြောင်း အခုလို တယ်လီဖုန်းဆက်သွယ်ပြောကြားရာမှာ ၂ ဖက် သဘောတူခဲ့ကြတယ်လို့ လည်း သမ္မတအိမ်ဖြူကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
သမ္မတ Trump နဲ့ ဝန်ကြီးချုပ် Abe တို့ ၂ ဦးစလုံးဟာ ကနေဒါနိုင်ငံမှာ ဇွန်လ ၈ - ၉ ရက် ကျင်းပမယ့် စီးပွါးရေးအင်အားကြီးနိုင်ငံများ G-7 ထိပ်သီး အစည်းအဝေးကို တက်ရောက်ကြမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ခေါင်းဆောင် ၂ ဦးဟာ အဲဒီအစည်းအဝေး မတိုင်ခင်မှာပဲ အမေရိကန်သမ္မတ အိမ်ဖြူမှာ တွေ့ဆုံဖို့ ဖြစ်နိုင်တယ်လို့ အမေရိကန်နဲ့ ဂျပန်အရာရှိတွေက ပြောပါတယ်။ ထိပ်သီးဆွေးနွေးပွဲအတွက် အစီအစဉ်တွေကို ဆွေးနွေးဖို့ အမေရိကန်အရာရှိတွေ မြောက်ကိုရီးယားနဲ့ စင်္ကာပူ နိုင်ငံတွေကို ရောက်နေချိန်မှာပဲ သမ္မတ Trump နဲ့ ဝန်ကြီးချုပ် Abe တို့ ၂ ဦး တနင်္လာနေ့က စကားပြောခဲ့ကြတာပါ။
အောက်မေ့ဖွယ်အခမ်းအနား ကျင်းပရာ Arlington အမျိုးသား စစ်သချိုၤင်းကို သမ္မတ Trump မသွားရောက်ခင် ခေါင်းဆောင် ၂ ဦး တယ်လီဖုန်းနဲ့ ဆက်သွယ်ပြောကြားခဲ့ကြတာပါ။ အောက်မေ့ဖွယ်အခမ်းအနား အတွက် မိန့်ခွန်း ပြောကြားရာမှာတော့ သမ္မတ Trump က ကိုရီးယားကျွန်းဆွယ် အခြေအနေနဲ့ ပတ်သက်ပြီး ဘာမှ မပြောခဲ့ပါဘူး။ ကိုရီးယား ကျွန်းဆွယ်က ၃ နှစ်ကြာ စစ်ပွဲကာလအတွင်း အမေရိကန်နိုင်ငံသား ၃၄၀၀၀ လောက် အသက်ပေးခဲ့ရတာ ဖြစ်ပါတယ်။
အမေရိကန်နဲ့ မြောက်ကိုရီးယား အရာရှိတွေဟာ တနင်္လာနေ့မှာ ကိုရီးယား ၂ နိုင်ငံကြားက စစ်မဲ့ဇုံမှာ တွေ့ဆုံခဲ့ကြတာပါ။ အမေရိကန်အဖွဲ့ကို ဦးဆောင်သူကတော့ တောင်ကိုရီးယားဆိုင်ရာ သံတမန်ဟောင်း လည်းဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Sung Kim ဖြစ်ပါတယ်။ ဒီတွေ့ဆုံပွဲတွေကို အင်္ဂါနေ့အထိ ကျင်းပမယ်လို့ သတင်းတွေမှာ ဖေါ်ပြကြပါတယ်။