သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဘက်ပြောင်းရေးအစီအစဉ် KNDF ရေးဆွဲ


ကရင်နီဒေသ ၁၁၁၁ စစ်ဆင်ရေးကြေညာပြီး စစ်ကောင်စီစခန်းတချို့ကို သိမ်းပိုက်လိုက်ကြောင်း KNDF ထုတ်ပြန် (နိုဝင်ဘာ ၁၁၊ ၂၀၂၃)
ကရင်နီဒေသ ၁၁၁၁ စစ်ဆင်ရေးကြေညာပြီး စစ်ကောင်စီစခန်းတချို့ကို သိမ်းပိုက်လိုက်ကြောင်း KNDF ထုတ်ပြန် (နိုဝင်ဘာ ၁၁၊ ၂၀၂၃)

ကယားပြည်နယ် ဒေသအခေါ် ကရင်နီပြည်နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေအနေနဲ့ တော်လှန်ရေးအင်အားစုတွေဘက်ကို ဘက်ပြောင်းလာဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က တိုက်တွန်းနေပါတယ်။ တပ်ရင်းအလိုက်၊ မိသားစုအလိုက် ဘက်ပြောင်းလာတဲ့ စစ်ကောင်စီဖွဲ့ဝင်တွေကို လူဂုဏ်သိက္ခာ၊ စစ်သားဂုဏ်သိက္ခာနဲ့အညီထားရှိပြီး လုံခြုံရေးအာမခံချက်ပေးသွားမယ်လို့လည်း KNDF က ဗဟိုပြန်ကြားရေးတာဝန်ရှိသူတဦးဖြစ်တဲ့ တာအယ်စိုးက ဗွီအိုအေကို အတည်ပြုပြောပါတယ်။ ဘက်ပြောင်းရေးအစီအစဉ်ကို စစ်ကောင်စီတပ်ဖွဲ့ တချို့ ဆက်သွယ်လာတာရှိတယ်လို့ KNDF က ပြောဆိုတဲ့အကြောင်း သတင်းပေးပို့ထားပါတယ်။

ကရင်နီပြည်နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေအနေနဲ့ တော်လှန်ရေးအင်အားစုတွေဘက်ကို ကူးပြောင်းလာဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) က ဒီကနေ့ ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။ ဘက်ပြောင်းလိုသူတွေကို ဘက်ပြောင်းရေးအစီအမံအားဖြင့် သူတို့ရဲ့လက်ရှိရာထူးတွေအတိုင်း တော်လှန်ရေးအစိုးရဘက်မှာ ပြန်လည်ထမ်းဆောင်နိုင်ဖို့ စီမံဆောင်ရွက်ပေးလျက်ရှိကြောင်းကိုလည်း ဖော်ပြထားပါတယ်။

ဘက်ပြောင်းလိုတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ မိသားစုဝင်တွေရဲ့ လုံခြုံရေး အာမခံချက်ပေးပြီး ဂုဏ်သိက္ခာရှိရှိ ထားရှိသွားမှာဖြစ်တယ်လို့ KNDF က ဗဟိုပြန်ကြားရေးတာဝန်ရှိသူတဦးဖြစ်တဲ့ တာအယ်စိုးက ဗွီအိုအေကို အတည်ပြုပြောပါတယ်။

“ဘက်ပြောင်းတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတော့ အထူးသဖြင့် သူတို့ရဲ့လုံခြုံရေးကို အာမခံပေးတယ်။ နောက်တခုက သူတို့ ရဲ့ ဂုဏ်သိက္ခာပိုင်ဆိုင်ရာတွေ နောက်ပြီးတော့ ကျနော်တို့ တော်လှန်ရေးအင်အားစုတွေဘက်ကနေပြီးတော့ ကျင့်သုံးနေတဲ့ ဥပဒေတွေနဲ့ အညီ သူတို့ကို အကာအကွယ်ပြုတာမျိုးတွေ ကျနော်တို့ လုပ်ပေးသွားမယ်ပေါ့နော်။ နောက်ပြီးတော့ ပြည်သူလူထုနဲ့ ပူးပေါင်းပြီးတော့ ဘက်ပြောင်းတဲ့အတွက် ဒါ ဂုဏ်ပြုတဲ့အစီအစဉ်တွေလည်း ဆက်လက်ပြီးတော့ လုပ်ဆောင်သွားမယ်ပေါ့နော်၊ ဆိုတော့ အသေးစိတ်ကိုတော့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေး ကောင်စီ (IEC) ရဲ့ဘက်ပြောင်းရေးအစီအမံမှာ အတ်အလင်းပေါ့နော် အတိအကျ ဖော်ပြထားတယ်ပေါ့။ ဆိုတော့ အဲ့ဒီအစီအမံနဲ့အညီပေါ့၊ ဘက်ပြောင်းရေး အစီအမံဖော်ဆောင်ရေး ကော်မတီကနေပြီးတော့မှ ဆက်လက်ပြီး ကိုင်တွယ်ပြီးတော့ လုပ်ဆောင်သွားမှာဖြစ်ပါတယ်ပေါ့နော်။”

ကရင်နီပြည်ဒေသမှာရှိတဲ့ စစ်ကောင်စီတပ်ရင်းတချို့ရဲ့ တာဝန်ရှိသူတွေကို ဘက်ပြောင်းရေးနဲ့ ပတ်သက်ပြီး ကနဦး ညှိနှိုင်းသဘောတူမှုတွေ ရရှိထားပြီးဖြစ်တာကြောင့် မကြာမီကာလအတွင်းမှာ တပ်ရင်းအလိုက် ဘက်ပြောင်းမှုအစီအစဥ်ကို မြို့နယ်တချို့မှာ အကောင်အထည်ဖော်ဆောင်ရွက်သွားမယ့်အကြောင်း KNDF က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ဘယ်တပ်ရင်း တပ်မတွေနဲ့ ညှိနှိုင်းမှုလုပ်ဆောင်ခဲ့သလဲဆိုတာ KNDF ဗဟိုပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးကို ဗွီအိုအေက မေးမြန်းရာမှာ ဘက်ပြောင်းရေးအစီအမံနဲ့ ပတ်သက်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေး ကောင်စီ (IEC)က ညှိုနှိုင်းမှုလုပ်ဆောင်ခဲ့တာကြောင့် အသေးစိတ်မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။

ကရင်နီပြည်နယ်မှာ ၁၁၁၁ (၁-လေးလုံး)စစ်ဆင်ရေး စတင်ကတည်းက စစ်ကောင်စီတပ်ဖွဲ့နဲ့ ကရင်နီတပ်ပေါင်းစုတွေကြား ရက်ဆက်တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ပွားပါတယ်။ ဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်ကအထိနာနေပြီး တပ်ဖွဲ့အများအပြားသေဆုံးပြီး လက်နက်ချအညံ့ခံသူတွေနဲ့ ဖမ်းဆီးခံရသူဦးရေ ရာဂဏန်း နီးပါးရှိခဲ့ကြောင်း KNDF က ပြောပါတယ်။

အဲ့ဒီနောက် ကရင်နီပြည်နယ်ဒေသမှာ ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ပြည်သူဖက် ဘက်ပြောင်းဖို့ ကရင်နီတော်လှန်ရေးအင်အားစုတွေက တောက်လျှောက် တိုက်တွန်းသတိပေးခဲ့တာပါ။

ပြည်သူဘက် ပြောင်းလိုတဲ့ စစ်ကောင်စီတပ်ဖွဲ့ တချို့က ဆက်သွယ်လာတာရှိတယ်လို့ KNDF ဗဟိုပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ဗွီအိုအေကို ခုလို ပြောပါတယ်။

“မိသားစုအလိုက်ပေါ့နော်၊ သူတို့ အကျိုးခံစားခွင့်တွေ၊ နောက်ပြီးတော့ သူတို့ရဲ့လုံခြုံရေးရော၊ သူတို့ရာထူးတွေရော၊ သူတို့ဂုဏ်သိက္ခာတွေအတွက်ရောပေါ့နော်။ ဒါကို အာမခံချက်ပေးနိုင်တဲ့ အခြေအနေမျိုးဖြစ်တဲ့အတွက် ဒါ သူတို့ဘက်ကနေ စိတ်ဝင်စားပြီးတော့ တချို့ဆက်သွယ်လာတာမျိုးတွေ ရှိတယ်လို့ပဲ ပြောချင်တယ်။ အရေအတွက်ကိုတော့ ကျနော်တို့ လောလောဆယ်မှာ အသေးစိတ်မပြောနိုင်သေးဘူးပေါ့နော်။”

ဘက်ပြောင်းမှုအစီအစဉ်ဖြစ်မြောက်ရင် ကရင်နီပြည်ရဲ့ တော်လှန်ရေးအောင်မြင်တဲ့ ပန်းတိုင်ရောက်ရှိဖို့ နောက်တဆင့် နီးစပ်လာမှာဖြစ်တယ်လို့ KNDF ဗဟိုပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ခု ပြောပါတယ်။

“အကြီးအကျယ်အပြန်အလှန်ပေါ့နော်- စစ်ကောင်စီဘက်က ထိုးစစ်ဆင်တိုက်ခိုက်တာတွေ ရှိတယ်။ ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေက အပြင်းအထန် ခုခံတိုက်ခိုက်ပြီးတော့ တန်ပြန်တိုက်ခိုက်ခဲ့တာတွေ ရှိတယ်ပေါ့နော်။ ဆိုတော့ ဒီ ၃ နှစ်တာ ကာလအတွင်းမှာတော့ အပြင်းထန်ဆုံးပေါ့နော်။ စစ်မြေပြင်ဖြစ်ခဲ့တယ်ပေ့ါ- ကရင်နီပြည်ကတော့။ ဆိုတော့ ဒီဘက်ပြောင်းရေး အစီအမံတွေကလည်း ဆွေးနွေးနေပြီး အဲ့ဒါတွေဖြစ်လာတယ်ဆိုရင်တော့ ကရင်နီပြည်ကတော့ ပြည်သူလူထုလိုလာတဲ့ တော်လှန်ရေးပန်းတိုင်ရောက်ရှိဖို့ နောက်တဆင့် နီးစပ်သွားပြီးလို့ပဲ ကျနော်ပြောချင်ပါတယ်။”

ကရင်နီပြည်သူနဲ့အတူ ရပ်တည်ပြီး အာဏာရှင်ကိုဆန့်ကျင်ပြီး တပ်ရင်းအလိုက်၊ မိသားစုများအလိုက် ကရင်နီပြည်သူ့ဘက်သို့ ဘက်ပြောင်းလာဖို့ အထူးတိုက်တွန်းလိုကြောင်း၊ မိသားစုများအလိုက်ဖြစ်စေ တပ်ရင်းအလိုက် ဘက်ပြောင်းလာသူကို တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက လှိုက်လှဲစွာကြိုဆိုပြီး ဘက်ပြောင်းရေးအစီအမံအတိုင်း အထူးအကျိုးခံစားခွင့်တွေကို စီမံဆောင်ရွက် ပေးမယ့်အကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG