သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗြိတိန် ချားစ်ဘုရင်ရဲ့ ပြင်သစ်ခရီးစဉ် ဆန္ဒပြမှုတွေကြောင့် ရွှေ့ဆိုင်း 


မှတ်တမ်းဓါတ်ပုံ | ပြင်သစ်သမ္မတ Emmanuel Macron နဲ့ ချားလ်စ်ဘုရင် (ထိုစဉ်က ချားလ်စ်မင်းသား)ကို လန်ဒန်မြို့မှာ အတူတွေ့ရစဉ် (ဇွန် ၁၈၊ ၂၀၂၀)
မှတ်တမ်းဓါတ်ပုံ | ပြင်သစ်သမ္မတ Emmanuel Macron နဲ့ ချားလ်စ်ဘုရင် (ထိုစဉ်က ချားလ်စ်မင်းသား)ကို လန်ဒန်မြို့မှာ အတူတွေ့ရစဉ် (ဇွန် ၁၈၊ ၂၀၂၀)

ပြင်သစ်နိုင်ငံမှာ အစိုးရက ပင်စင်ယူနိုင်တဲ့အသက်ကို ၂ နှစ်တိုးလိုက်လို့ ဆန္ဒပြမှုတွေ ဆက်ရှိနေတာကြောင့် ဗြိတိန်ဘုရင် ပြင်သစ်သွားမယ့် ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ရပါတယ်။ ပြည်သူအများကန့်ကွက်နေတဲ့ကြားက ပင်စင်ယူနိုင်တဲ့အသက်ကို ၆၂ နှစ်ကနေ ၆၄ နှစ်အထိတိုးဖို့ ပြင်သစ်လွှတ်တော်မှာ မဲမခွဲဘဲ ဖွဲ့စည်းပုံလုပ်ပိုင်ခွင့်နဲ့ အစိုးရက အတည်ပြုလိုက်ပြီးနောက် နိုင်ငံတဝန်း ဆန္ဒပြမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ပြန်ဖြစ်နေပါတယ်။

လာမယ့် တနင်္ဂနွေနေ့ မတ်လ ၂၆ ရက်နေ့ကနေ ဗုဒ္ဓဟူးနေ့ မတ်လ ၂၉ ရက်နေ့အထိ ဗြိတိန်နိုင်ငံရဲ့ တတိယမြောက် ချားစ်ဘုရင်ပြင်သစ်ကို လာရောက်ဖို့ အစီအစဉ်ရှိပေမယ့် ပြင်သစ်မှာဖြစ်နေတဲ့ အခြေအနေကြောင့် သမ္မတ Macron ရဲ့ တောင်းဆိုမှုအရ ခရီးစဉ်ရွှေ့ဆိုင်းလိုက်တယ်လို့ ပြင်သစ်သမ္မတအိမ်တော် Élysée (အလီဇေ) နန်းတော်က ဒီနေ့ သောကြာနေ့မှာ ကြေညာချက်ထုတ်ပြန်ပါတယ်။ ချားစ်ဘုရင်နဲ့ သမ္မတ Macron တို့ ဒီနေ့မနက်က တယ်လီဖုန်းနဲ့ ဆက်သွယ်ပြောကြားခဲ့ပြီးနောက်မှာ ခရီးစဉ်ရွှေ့ဆိုင်းရေးကို ဗြိတိန်ရော ပြင်သစ်အစိုးရကပါ သဘောတူခဲ့တယ်လို့ (အလီဇေ) နန်းတော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တတိယမြောက် ချားစ်ဘုရင်နန်းတက်လာခဲ့ပြီးနောက် ပထမဆုံး နိုင်ငံခြားခရီးစဉ်အဖြစ် ပြင်သစ်နဲ့ ဂျာမနီကို သွားဖို့ စီစဉ်ထားတာဖြစ်ပြီး ဂျာမနီကိုတော့ အစီအစဉ်အတိုင်းသွားရောက်မှာဖြစ်ပါတယ်။ ဗြိတိန်ဘုရင် ပြင်သစ်နိုင်ငံလာလည်နိုင်ရေးကိုလည်း အမြန်ဆုံးပြန်ကြိုးစားမှာဖြစ်တယ်လို့ ပြင်သစ်သမ္မတရုံးက ပြောပါတယ်။ ကြာသပတေးနေ့က ပြင်သစ်နိုင်ငံတဝန်းဆန္ဒပြမှုတွေအတွင်း ဆန္ဒပြသူတွေနဲ့ ရဲတွေကြား ပါရီမြို့တော်မှာ အပါအဝင် ထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်ခဲ့ပါတယ်။ ဆန္ဒပြသူ ၄၅၀ ကျော်ကို ရဲက ဖမ်းဆီးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG