သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်စပ်ဒေသတည်ငြိမ်ရေး တရုတ်တာဝန်ရှိသူတွေ KIA နဲ့ဆွေးနွေး


ယခင်မှတ်တမ်းရုပ်ပုံ | ကချင်လွတ်မြောက်ရေးအဖွဲ့အစည်း (KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ
ယခင်မှတ်တမ်းရုပ်ပုံ | ကချင်လွတ်မြောက်ရေးအဖွဲ့အစည်း (KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လနဲ့ အဖွဲ့ဟာ တရုတ်နိုင်ငံခရီးစဉ်အတွင်း နယ်စပ်ဒေသတည်ငြိမ်ရေးနဲ့ ကုန်သွယ်ရေးကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ KIO က ပြောပါတယ်။ တရုတ်နိုင်ငံနဲ့ နယ်စပ်မှာတည်ငြိမ်ရေး ဆွေးနွေးတဲ့တချိန်တည်းမှာပဲ ဗန်းမော်အပါအဝင် ကချင်ပြည်နယ်မှာ တိုက်ပွဲတွေလည်း ဆက်ဖြစ်နေတာပါ။ကချင်ပြည်နယ်က နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဥက္ကဋ္ဌနဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ တရုတ်အစိုးရရဲ့ ဖိတ်ကြားချက်အရ ဒီလဒီဇင်ဘာလ ၈ ရက်နေ့က တရုတ်နိုင်ငံကို သွားရောက်ခဲ့တာပါ။ အခုအခါမှာတော့ KIO ဥက္ကဋ္ဌနဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဌာနချုပ်လိုင်ဇာကို ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်းနဲ့ အဓိက ဆွေးနွေးတဲ့အချက်တွေကို KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက VOA ကို အခုလို ပြောပါ တယ်။

“ဟုတ်ကဲ့။ ပြန်ရောက်ပြီ။ တရားဝင် ကျနော်တို့ကိုပြောတာကတော့ မရှိဘူး။ ဒါပေမဲ့ ကြားတာကတော့ ခါတိုင်းလိုပေါ့။ ခါတိုင်းလို နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအကြောင်းတွေ၊ တိုက်ပွဲတွေရပ်ဖို့ ကိစ္စတွေပြောတယ်လို့ ကြားတယ်။ နောက်နယ်စပ်ဂိတ်ကိစ္စတွေပေါ့လေ။ အဲဒါတွေ ဆွေးနွေးတယ်လို့ ကြားတယ်။ ဒါပေမဲ့ သူတို့ရဲ့ ဆုံးဖြတ်ချက် တခုခု ချုပ်ထားတာကတော့ ကျနော်တို့ မကြားသိရဘူး။အဲဒါကတော့ မရှိလောက်ပါဘူး။ ”

KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လနဲ့အဖွဲ့ဟာ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့် (CPPCC) ဗဟိုကော်မတီအဖွဲ့ဝင် Wu Ken နဲ့ တွေ့ဆုံခဲ့ကြောင်းလည်း ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပါတယ်။

ဒီလ ၁၂ ရက်နေ့ ကူမင်းမှာ တွေ့ဆုံဆွေးနွေးပြီးတဲ့နောက်မှာ ကချင်ပြည်နယ်တလျှောက်က နယ်စပ်ဂိတ် တွေကို ပြန်လည်ဖွင့်လှစ်တာတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဒီကနေ့အထိ နယ်စပ်ဂိတ်တွေမှာ လူနဲ့ ကုန်ပစ္စည်းအဝင်အထွက်တွေဟာ အရင်လို ပုံမှန် ပြန်မဖြစ်သေးပါဘူး။

လောလောဆယ်မှာတော့ ဗန်းမော်မြို့မှာ စစ်ကောင်စီနဲ့ KIA တပ်ပေါင်းစုတွေကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး ဒီရက်ပိုင်းမှာတော့ ခေါင်လန်ဖူးဒေသက ပြည်သူ့စစ်စခန်းတခုကို သိမ်းယူတာရှိခဲ့ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

“ဗန်းမော်ဘက်မှာ တိုက်ပွဲတော့ ဆက်ဖြစ်ပါတယ်။ သိပ်ပြီးတော့ ထူးခြားတာ မရှိပါဘူး။ ၅ ရက်နေ့၊ ၅ ရက်နေ့ ညနေပိုင်းမှာ ခေါင်လန်ဖူးဘက်က ဌာနေပြည်သူ့စစ်၊ အင်အား ၇၀ ဝန်းကျင်လောက်ရှိတဲ့ ဌာနေ ပြည်သူ့စစ်စခန်းတခုကို သိမ်းတာ ရှိပါတယ်။ ဒေသအခေါ် လဟယ်စီးလို့ ခေါ်တယ်။”

ဒေသတွင်းသတင်းမီဒီယာတွေမှာတော့ ဒီလ ၁၅ ရက်နေ့က သိမ်းယူတာဖြစ်ကြောင်း ဖော်ပြတာတွေ ရှိပါတယ်။ ဒီလ ၁၂ ရက်နေ့ကတော့ မိုးကောင်းမြို့နယ်အတွင်း စစ်ကောင်စီနဲ့ ရှမ်းနီပူးပေါင်းတပ် စစ်ကြောင်းကို KIA က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ ဗိုလ်မှူးကြီးနော်ဘူကတော့ မကြားသိရကြောင်း ပြောပါတယ်။

KIA နဲ့ ပူးပေါင်းတပ်တွေဟာ မြေရှားသတ္တုထွက်ရှိရာ ပန်ဝါဒေသနဲ့ နယ်ခြားကုန်သွယ်ရေးစခန်းရှိရာ ကန်ပိုက်တီအပါအဝင် ယခင် ကချင်အထူးဒေသ (၁) နယ်မြေအားလုံးကို သိမ်းယူခဲ့ပါတယ်။ ယခင် ကချင်အထူးဒေသ (၁) ဟာ လျှပ်စစ်ကားတွေ၊ စမတ်ဖုန်းတွေ၊ လေစွမ်းအင်သုံးတာဘိုင်တွေမှာ အဓိက သုံးတဲ့ မြေရှားသတ္တုထွက်ရှိရာဒေသဖြစ်ပြီး မြန်မာနိုင်ငံဟာ ကမ္ဘာမှာ မြေရှားသတ္တု အများဆုံးထွက်တဲ့ နေရာလည်းဖြစ်နေတယ်လို့ Global Witness က အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။ ဒီလို ထွက်ရှိတဲ့ မြေရှားသတ္တုဟာ တရုတ်နိုင်ငံကို အဓိကတင်ပို့နေပြီး ယခင် ၃ နှစ်ကာလအတွင်း အမေရိကန်ဒေါ်လာ ၁.၄ ဘီလီယံရှိကြောင်းလည်း ဖော်ပြပါတယ်။

ပြီးဆုံးသွားတဲ့ KIO ဥက္ကဋ္ဌရဲ့ တရုတ်နိုင်ငံခရီးစဉ်မှာ မြေရှားသတ္တုထုတ်လုပ်တင်ပို့ရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့တာ ရှိ၊ မရှိ မေးမြန်းရာမှာတော့ ဗိုလ်မှူးကြီးနော်ဘူက အခုလို ဖြေကြားပါတယ်။

“အဲဒါတွေလည်း ပါတယ်လို့တော့ ပြောတယ်။ ဒါပေမဲ့ ဘယ်လို ဆွေးနွေးတယ်ဆိုတဲ့ အတွင်းရေးကတော့ ကျနော်တို့ မသိရသေးပါဘူး။”

လက်ရှိမှာတော့ ကချင်ပြည်နယ်အတွင်းမှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာကြောင့် ဒေသခံတွေကို ဆက်သွယ်မေးမြန်းနိုင်ဖို့ အခက်အခဲတွေလည်း ရှိနေသလို ကချင်ပြည်နယ် တိုက်ပွဲ အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာလည်း မရှိပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG