ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေ ဖာပွန်ခရိုင်ထဲက စစ်ကောင်စီရဲ့ လက်ကျန် အမာခံစခန်းကြီးတခုလည်းဖြစ်ပြီး ၁၉၉၂ ခုနှစ်ကတည်းက တည်ထောင်ထားတဲ့ သက်တမ်းရင့် ခေါပုတ်စခန်းကို KNLA/PDF ပူးပေါင်းတပ်တွေက အောက်တိုဘာလ ၃၀ ရက်နေ့မှာ တိုက်ခိုက်သိမ်းယူခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေ ဖာပွန်ခရိုင်ထဲမှာရှိတဲ့ စစ် ကောင်စီရဲ့ လက်ကျန်အမာခံစခန်းကြီးတခုဖြစ်တဲ့ ခေါပုတ်စခန်းကို KNLA/PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းယူခဲ့တယ်လို့ ပူးပေါင်းတပ်တွေဘက်က ဆိုပါတယ်။ စခန်းကို ၂၆ ရက်နေ့ကနေ ၂၉ ရက်နေ့ထိ ၃ ရက်လုံး ထိုးစစ်ဆင်တာကြောင့် စစ်ကောင်စီစခန်းကျသွားခဲ့တယ်လို့ ဒေသခံတဦးက VOAကို အခုလိုပြောပါတယ်။
"တိုက်တာတော့ဟုတ်တယ်။ ၂၆ ရက်နေ့က စတာ။ ခေါပုတ်စခန်းကတော့ရပြီ။ ၃၀ ရက်နေ့မနက်မှာ သူတို့ KNLA ကတက်ရှင်းလိုက်တယ်။"
ဒီစခန်းဟာ ဖာပွန်ခရိုင်ထဲမှာရှိတဲ့စစ်ကောင်စီရဲ့အမာခံစခန်းတခုဖြစ်သလို နောက်ဆုံးလက်ကျန် စခန်းကြီးတခုလည်းဖြစ်ပါတယ်။ သံလွင်မြစ်တလျှောက် တပ်အင်အားနည်းတဲ့စခန်းတွေက စခန်းတွေလက်လွှတ်ဆုံးရှုံးခဲ့ရပြီးတဲ့နောက် ဒီခေါပုတ်စခန်းမှာ သွားရောက် စုခဲ့ကြတာလို့လည်း ပြောပါတယ်။
"ကြာပြီ။ စခန်းကြီးတခုပဲ။ ခေါပုတ်စခန်းက Main စခန်းတခုပါပဲ။ ကျနော်တို့လယ်သိုဘက်က စခန်း တွေ၊ သံလွင်မြစ်ကစခန်းတွေ၊ ကျောက်ညှပ်စခန်းတို့ဘာတို့က သူ့စခန်းဆီကိုပဲ သွားပူးပေါင်းကြတာ။ ပြန်ရွှေ့သွားကြတာ။ သံလွင်မြစ်ပေါ်က စခန်းတွေကတော့ ခေါပုတ်စခန်းကိုပဲ ပြန်စုသွားကြတာ။ ဖါပွန်ကနေ ခေါပုတ်ကို ရိက္ခာတွေပို့ပေးနေတာ။ အရင်က သံလွင်စခန်းတွေက အခုတော့မရှိတော့ဘူး။ ဆုတ်သွားကြပြီ။ အဲဒီ စွန့်ခွါတဲ့စခန်းတွေက ခေါပုတ်စခန်းကို ပြန်ရွှေ့သွားကြတာပါ။"
ခေါပုတ်စခန်းကို ပူးပေါင်းတပ်တွေတိုက်ခိုက်နေစဉ်အတွင်း စစ်ကောင်စီဘက်က လေကြောင်းကနေ နေ့စဉ်ရက်ဆက်ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံတွေရဲ့ကျေးရွာတွေထဲကို ဗုံးတွေကျရောက် ပေါက်ကွဲခဲ့ရပါတယ်။ ဒေသခံတွေသေဆုံး၊ ဒဏ်ရာရတာတွေရှိခဲ့ပြီး ထွက်ပြေးသူတွေလည်း ထွက်ပြေးခဲ့ကြရပါတယ်။ ခေါပုတ်စခန်းမှာ စစ်ကောင်စီတပ်သားအင်အားရာဂဏန်းလောက်ရှိပြီး လက်နက်အများအပြားလည်း ရရှိခဲ့တယ်လို့ ပူးပေါင်းတပ်တွေဘက်ကဆိုပါတယ်။
ခေါပုတ်စခန်းကို သိမ်းပိုက်ရာမှာ စစ်ကောင်စီတပ်တပ်သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့ပြီး ၆ ဦး လောက် အရှင်ဖမ်းမိတယ်လို့လည်း ပူးပေါင်းတပ်တွေဘက်ကဆိုပါတယ်။ ခေါပုတ်စခန်း သိမ်းပိုက် နိုင်ခဲ့တဲ့အခြေအနေအသေးစိတ်ကိုတော့KNU ဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။ စစ်ကောင်စီဘက်ကလည်း ဒီသတင်းနဲ့ပတ်သက်လို့သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
Forum