သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖာပွန် မဲဝိုင်စစ်စခန်းကို KNU ပစ်ခတ်တယ်လို့ တပ်မတော်ထုတ်ပြန်


KNU တပ်ဖွဲ့က အဖွဲ့ဝင်များ။ (ဇန်နဝါရီ ၃၁၊ ၂၀၀၆)
KNU တပ်ဖွဲ့က အဖွဲ့ဝင်များ။ (ဇန်နဝါရီ ၃၁၊ ၂၀၀၆)

[Zawgyi/Unicode]

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်မှာရှိတဲ့ စစ်စခန်းတခုကို ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ KNU လက်အောက်ခံတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိခဲ့ကြောင်း တပ်မတော်က ပြောဆိုလိုက်တဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုနိုင်ကွန်းအိန်က တင်ပြပါမယ်။

ဖာပွန်မြို့နယ်က တပ်မတော်စခန်းရှိရာ မဲဝိုင်ကျေးရွာနဲ့အနီးဝန်းကျင်ကို ကရင်အမျိုးသားအစည်းအရုံးလက်အောက်ခံ KNLA တပ်မဟာ ၅ အဖွဲ့က ဒီသီတင်းပတ်ထဲမှာပဲ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်သေကြေမှုတွေ ရှိခဲ့တဲ့အကြောင်း တပ်မတော်က ပြောဆိုလိုက်ပါတယ်။ တိုက်ခိုက်မှုအတွက် တုံ့ပြန်သွားမယ်လို့လည်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

“တပ်မတော်အနေနဲ့က အရင်ကတည်းကရှိခဲ့တဲ့ မဲဝိုင်စခန်းနဲ့ ပတ်ဝန်းကျင်မှာ လာပြီး မိုင်းထောင် မိုင်းဆွဲတိုက်ခိုက်တာတွေ မဲဝိုင်စခန်းကိုလာပြီးပစ်ခတ်တာတွေ ရှိတယ်။ ကျနော်တို့ ထုတ်ပြန်လိုက်တဲ့အထဲမှာတော့ လာပြီး မိုင်းထောင်မိုင်းဆွဲ တိုက်ခိုက်လို့ အရာရှိစစ်သည်တချို့ ထိခိုက်ဒဏ်ရာရတာ ကျဆုံးသွားတာရှိတယ်။ ဒါနဲ့ ပတ်သက်ပြီး ကျနော်တို့ တပ်မတော်အနေနဲ့က ဒါလုံခြုံရေးအရ လိုအပ်ချက်တွေ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။”

တပ်မတော်ဘက်က ဆောင်ရွက်မယ့်အစီအစဉ် အသေးစိတ်ကိုတော့ ပြောခွင့်ရပုဂ္ဂိုလ်က မပြောခဲ့သလို၊ ထိခိုက် သေဆုံးမှု အသေးစိတ်ကိုလည်း မသိရပါဘူး။ ဒေသခံတစ်ဦးဖြစ်တဲ့ စောထီးကတော့ တိုက်ခိုက်မှုအတွင်း တပ်မတော်ဘက်က အနည်းဆုံး ၂ ဦး ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“စစ်ကြောင်း တပ်စခန်းတွေ KNU တပ်မဟာ ၅ အဖွဲ့က လာပစ်တာ။ မဲဝိုင်ရွာထဲမှာပဲ။ စခန်းရှိတာကြာပြီပဲ။ အဲမိုင်း ဖေါက်တယ်လေ၊ အဲဒီမှာသူက စခန်းကို လာပစ်တယ်။ လာပစ်တော့ သူတို့ဝိုင်းထားပါတယ်။ ကျနော်သိရတာတော့ နှစ်ယောက်ကျသွားတယ်။ ၆ ယောက်ဒဏ်ရာဖြစ်တာ အဲဒီလိုကြားတယ်။”

ဒီဇင်ဘာ ၁၅ ရက်နေ့ မနက်ပိုင်းမှာ KNLA တပ်မဟာ ၅ အဖွဲ့ကနေ မိုင်းဆွဲ တိုက်ခိုက်လို့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တပ်မတော်သားတချို့ ထိခိုက်မှုတွေရှိခဲ့ကြောင်းနဲ့ ဒီလထဲမှာပဲ မဲဝိုင်ရွာအနီး သတ်မှတ်နယ် မြေကျော်လွန်ပြီး မိုင်းဆွဲ တိုက်ခိုက်မှု ၅ ကြိမ်နဲ့ ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်မှု ၄ ကြိမ် ရှိခဲ့ကြောင်း မနေ့တုန်းကပဲ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။

ဖာပွန်မြို့နယ်အတွင်း မြန်မာစစ်တပ်နဲ့ KNU တပ်ဖွဲ့တို့အကြား ပစ်ခတ်မှု ဖြစ်ပွါးနေတာနဲ့ပက်သက်လို့ KNLA တပ်မဟာ ၅ တာဝန်ရှိသူတွေနဲ့ KNU ကို ဆက်သွယ်ခဲ့ပေမဲ့ မရခဲ့ပါဘူး။

KNLA ကတော့ တပ်မတော်အနေနဲ့ အရင်တပ်စခန်း ချထားတဲ့ တပ်စခန်းတွေနဲ့ ထပ်မံတိုးချဲ့တပ်စခန်းတွေကို ဒီနှစ်ကုန် နောက်ဆုံးထား ရုပ်သိမ်းပေးဖို့ တောင်းဆိုထားပြီး၊ ပျက်ကွက်ခဲ့မယ်ဆိုရင် အမျိုးသားရေးနဲ့ နယ်မြေလုံခြုံရေး အတွက် လိုအပ်သလို ဆောင်ရွက်မှာဖြစ်ကြောင်း ဒီလဆန်းမှာပဲ သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ ရက်နေ့က ဖာပွန်မြို့နယ်၊ ပိုလိုထာကျေးရွာနေ အမျိုးသမီးတစ်ဦးကို အမှတ်(၈) စစ်ကွပ်ကဲရေး ဌာနချုပ် (စကခ) လက်အောက်ခံ တပ်မတော်သား နှစ်ဦးက ပစ်သတ်ခဲ့ပြီး နောက်ပိုင်း ဒေသတွင်း မြန်မာစစ်တပ်စခန်း ရုပ်သိမ်းရေး ဒေသခံထောင်နဲ့ချီ တောင်းဆိုမှုတွေလည်း ပေါ်ပေါက်ခဲ့ဖူးပါတယ်။

KNU ကရင်အမျိုးသားအစည်းအရုံးဟာ မြန်မာအစိုးရနဲ့ NCA အပစ်ရပ်လက်မှတ်ရေးထိုးထားပေမဲ့ ဖာပွန်ခရိုင်ဘက်မှာတော့ တိုက်ပွဲတွေ ဖြစ်ပွါးနေဆဲပါ။ အထူးသဖြင့် ဒေသအတွင်းလမ်းဖေါက်လုပ်နေတဲ့ မြန်မာစစ်တပ်နဲ့ KNU ဖါပွန်ခရိုင် တပ်မဟာ ၅ တပ်ဖွဲ့တို့ကြား စစ်ရေးတင်းမာနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]












XS
SM
MD
LG