သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြဝတီခရိုင်အတွင်းတိုက်ပွဲ လက်နက်ကြီးကျည်တချို့ ထိုင်းနိုင်ငံဘက် ကျရောက်


ထိုင်း-မြန်မာနယ်စပ်မှာ လုံခြုံရေးယူနေတဲ့ ထိုင်းစစ်တပ် အမြောက်ကားတစီး။ (ဒီဇင်ဘာ ၂၅၊ ၂၀၂၁)
ထိုင်း-မြန်မာနယ်စပ်မှာ လုံခြုံရေးယူနေတဲ့ ထိုင်းစစ်တပ် အမြောက်ကားတစီး။ (ဒီဇင်ဘာ ၂၅၊ ၂၀၂၁)

(Zawgyi / Unicode)

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီခရိုင်အတွင်း စစ်ကောင်စီတပ်တွေနဲ့ ကေအန်ယူ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်တို့ရဲ့ နှစ်ဖက်တိုက်ပွဲတွေမှာ မြန်မာစစ်ကောင်စီဘက်က လက်နက်ကြီးကျည်တချို့ ထိုင်းနိုင်ငံထဲ ကျရောက်ခဲ့ပါတယ်။ ဒီအတွက် ထိုင်းနယ်စပ်တလျှောက် ထိုင်းစစ်တပ်တွေ လုံခြုံရေး တိုးချလာပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံ ကရင်ပြည်နယ် မြဝတီခရိုင် ကေအန်ယူ တပ်မဟာ ၆ ထိန်းချုပ်ရာနေရာဖြစ်တဲ့ လေးကေ့ကော်နေရာကို စစ်ကောင်စီတပ်တွေက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကို ဒီကနေ့အပါအဝင် ၃ ရက်ဆက်တိုက် လုပ်လာခဲ့ပါတယ်။ ဒီနေ့မှာတော့ စစ်ကောင်စီရဲ့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်းမှာ အရပ်သားတွေ ထိခိုက်ဒဏ်ရာရမှုတွေလည်း ရှိနေပါတယ်။

ဒီဇင်ဘာလ ၂၅ ရက်နေ့ မနက်ပိုင်းကတည်းက စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေအပြင် နေ့လယ် ၁ နာရီကျော်မှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ခဲ့တာကြောင့် မြန်မာဘက်က ဒေသခံရွာသား ၈၀၀ ကျော်ဟာ ထိုင်းဘက်ခြမ်းကို နေ့လယ်ပိုင်းကစပြီး ထွက်ပြေး တိမ်းရှောင်လာနေပါတယ်။

မနက် ၉ နာရီကျော်လောက်က မြန်မာဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေလည်း ထိုင်းဘက်က အိမ်တလုံးကို ကျတဲ့အတွက် ထိုင်းဘက်ကလည်း နယ်စပ်မှာ အမြောက်ကားတွေ စစ်ကားတွေနဲ့ လုံခြုံရေးကို တိုးမြှင့်ချထားလိုက်ကြောင်း စစ်ဘေးရှောင် ဒုက္ခသည်တွေကို အကူအညီပေးနေသူတဦးက ပြောပြပါတယ်။

“နေ့လယ်လောက်မှာ ဟိုဘက်မှာ တိုက်ပွဲဖြစ်တော့ အင်ကြင်းမြိုင်ဘက်က ရွာသားတွေကလည်း ဒီဘက်ကမ်း မယ်ကုလန်ဘက်ကို ကူးလာတယ်။ ထိုင်းစစ်တပ်ကလည်း လုံခြုံရေးယူပေးပြီး ကူးပေးနေတာ တွေ့ရတယ်။ တဆက်တည်းမှာပဲ ထိုင်းစစ်တပ်က သံချပ်ကာကား ၂ စီး၊ အိမ်စီးကားတွေနဲ့လည်း သွားနေတာ တွေ့ရတယ်။ စစ်တပ်တွေက ဖြစ်တဲ့နေရာကို သွားနေတာ တွေ့ရတယ်။ စစ်တပ်က ကားလေးငါးစီးလည်း သွားနေတယ်။ ထိုင်းဘက်ကမ်းမှာ လုံခြုံရေးတွေနဲ့ စောင့်ကြည့်နေတာ တွေ့ရတယ်။ အခု နေရာယူတဲ့ နေရာကတော့ မယ့်ကိုကင်းမူစောင်ဘက်မှာ အမြောက်ကားတွေလည်း သွားတာတွေ့ရတယ်။ စစ်ကားတွေလည်း သွားတယ်။”

ကရင်ပြည်နယ် မြဝတီတောင်ဘက် စစ်ကောင်စီရဲ့ သေဘောဘိုး တပ်စခန်းကနေ မနက်ပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ထိုင်းနိုင်ငံဘက်ခြမ်း မောလီချိုင်း ကျေးရွာအတွင်းက လူနေအိမ်တလုံးပေါ် ကျရောက်ပေါက်ကွဲခဲ့တာပါ။

ဒီကနေ့မှာပဲ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်၊ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ပူးပေါင်းတပ်တွေ တိုက်ပွဲ ဆက်တိုက်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က လေးကေ့ကော်နဲ့ မယ်ဝါးခီး၊ ဖလူးကြီး စတဲ့ လူထုတွေနေထိုင်တဲ့ ကျေးရွာတွေကို လက်နက်ကြီး အလုံး ၅၀ ထက်မနည်း ပစ်ခတ်မှုတွေ ရှိတယ်လို့ ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေက ဆိုပါတယ်။

ဒီဇင်ဘာလ ၁၅ ရက်နေ့ကနေ စတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ကရင်ပြည်နယ် လေးကေ့ကော် အပါအဝင် ကျေးရွာ ၁၀ ရွာလောက်က ဒေသခံတွေ သောင်းဂဏန်းနဲ့ ထွက်ပြေးတိမ်းရှောင်နေရပြီး ထိုင်းဘက်ခြမ်းကိုတော့ စစ်ဘေးရှောင်ဒုက္ခသည် ၆,၀၀၀ ကျော်လောက် ရောက်ရှိလာကြပါတယ်။ တချို့ စစ်ဘေးရှောင်တွေကတော့ ထိုင်းဘက်ခြမ်းကို ထွက်ပြေးခိုလှုံနေကြသလို တချို့ကလည်း မြန်မာဘက်ခြမ်းမှာပဲ ခိုလှုံနေထိုင်နေကြပါတယ်။

ဒီဇင်ဘာလ ၂၅ ရက်နေ့မှာတော့ ထိုင်းဘက်က ဒုက္ခသည်တွေထားတဲ့ မယ်တောင်ကန်ဆိုတဲ့ နေရာကနေ မယ့်ကိုးကင်းဆိုတဲ့ နေရာကို ဒုက္ခသည်တွေကို ရွှေ့ပြောင်းထားတာတွေလည်း ရှိနေပါတယ်။ ဒါပေမယ့် စစ်ဘေးရှောင် ဒုက္ခသည်တွေကတော့ ထိုင်းဘက်ခြမ်းကို နေရာအသီးသီးကနေ ဝင်ရောက်လာနေဆဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------

(Unicode)











XS
SM
MD
LG