(Zawgyi / Unicode)
ကရင်ပြည်နယ် မြဝတီခရိုင်ထဲက လေးကေ့ကော်ဒေသမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်၊ ကရင်အမျိုးသားကာကွယ်ရေးတပ်၊ ပြည်သူ့ကာကွယ်ရေးတပ် စတဲ့ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား ပစ်ခတ်မှုတွေ ဆက်ရှိနေပါတယ်။ ဒေသတွင်း နေရာအတော်များများကို သူတို့ ထိန်းချုပ်ထားနိုင်တယ်လို့ ပူးပေါင်းတပ်ဖွဲ့တွေက ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။
ကရင်ပြည်နယ် မြဝတီခရိုင် လေးကေ့ကော်မြို့သစ်အနီးမှာ ဒီဇင်ဘာလ ၁၅ ရက်နေ့ကနေ ၁၈ ရက်နေ့ထိ တိုက်ပွဲတွေ ဖြစ်နေဆဲဖြစ်ပြီး လက်နက်ကြီးနဲ့ ပစ်နေတဲ့ စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ အမြှောက်ကုန်းကတော့ ရိက္ခာပြတ်လတ်မှုတွေ ရှိနေတဲ့အတွက် လက်နက်ချဖို့ ပူးပေါင်းတပ်ဖွဲ့တွေက ပြောဆိုနေပါတယ်။ မနေ့ညကတော့ လေးကေ့ကော်အနီး ရဟတ်ယာဉ်တွေ ၅ ကြိမ်ထက်မနည်း ပျံဝဲနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒီဇင်ဘာလ ၁၈ ရက်နေ့ အခြေအနေမှာတော့ လေယာဉ်တစီး ပျံဝဲတာတွေ ရှိပေမယ့် လက်ရှိ ကေအန်ယူတပ်တွေနဲ့ ပူးပေါင်းတပ်တွေဟာ လေးကေ့ကော်နဲ့ အနီးက နယ်မြေတွေကို ထိန်းချုပ်လာနိုင်တယ်လို့လည်း ပူးပေါင်းတပ်ဖွဲ့ဝင်တဦးက အခုလိုပြောပါတယ်။
“ဒီမနက်လာတာကတော့ ရိုးရိုး လူစီးတဲ့ ခရီးသွားလေယာဉ် Air Force တော့ ပျံတယ်။ ကျန်ခဲ့တဲ့ ၂ ရက်တုန်းကတော့ သူတို့ဘက်က အတင်းကြီး ထိုးစစ်ဆင်တဲ့ပုံစံ ရှိတာပေါ့။ သူတို့က အမြှောက်ကုန်းကနေ လက်နက်ကြီးတွေနဲ့ပဲ ပစ်တာလေ။ အခုကတော့ ကျနော်တို့က ထိုးစစ်ဆင်တဲ့ပုံစံထိ ပြန်လုပ်နိုင်တယ်။ ပဟိကလောကျေးရွာကျော်ပြီး မေတ္တာလင်းမြိုင် ဘုရားကုန်းနားထိ ပြည်သူ့စစ်တွေရှိတဲ့ စခန်းထိ ကျနော်တို့ သိမ်းနိုင်တယ်။ အမြှောက်ကုန်းကတော့ သိမ်းလို့မရလို့ မဟုတ်ဘူး။ ဒီ အမြှောက်ကုန်းကို ထိန်းချုပ်နိုင်တဲ့အထိတော့ လုပ်ထားတယ်။ ဒီအမြှောက်ကုန်း ပတ်လည်မှာလည်း ကျနော်တို့က ဗုံးတွေဆင်ထားတယ်။ သူတို့လည်း ရိက္ခာပြတ်သွားပြီ။ သူတို့ကလည်း ရိက္ခာပြတ်လို့ လက်နက်ချမယ်၊ အဲဒီလိုပုံစံမျိုးလည်း ရှိတယ်။ အမြှောက်ကုန်း သိမ်းမယ်ဆိုရင် ၁၅ မိနစ်လောက်နဲ့ ကျနော်တို့ သိမ်းလို့ရတယ်။ ဒါပေမယ့် သူတို့ဘက်ကလည်း ဒီလိုသိမ်းရင် လေကြောင်းထောက်ကူတွေက ရောက်လာမှာပဲ။ အဲဒီအခါကျရင် ဆိုင်တာတွေရော မဆိုင်တာတွေရော ကျေးရွာတွေကို ထိမှာစိုးလို့ ကျနော်တို့က ထိန်းချုပ်ထားနိုင်တဲ့ အဆင့်ပဲ လုပ်ထားတယ်။”
ဒီဇင်ဘာလ ၁၈ ရက်နေ့မှာတော့ သောက်ရေပြတ်လတ်နေတဲ့ အမြှောက်ကုန်းက စစ်ကောင်စီတပ်တွေက ရေခတ်ဆင်းချိန် ပစ်ခတ်မှုတွေလည်း ဖြစ်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တဦး သေဆုံးကာ တချို့လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ပူးပေါင်းတပ်ဖွဲ့တွေက ဆိုပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ ကေအန်ယူတပ်တွေဖြစ်တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) နဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) တပ်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်တွေဟာ စစ်ကောင်စီတပ်တွေ နေရာယူထားတဲ့ လေးကေ့ကော်မြောက်ဘက်က မဲ့ထော်သလေးနေရာနဲ့ လေးကေ့ကော်အရှေ့ဘက်က နယ်ခြားစောင့်တပ်တွေရှိတဲ့ နေရာတွေကို ထိန်းချုပ်ထားနိုင်ပြီလို့ ပူးပေါင်းတပ်ဖွဲ့တွေက ဆိုပါတယ်။ ပြီးခဲ့တဲ့ရက်က တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်ကနေ စစ်သုံ့ပန်း ၈ ဦးကို ကေအန်ယူဘက်က ဖမ်ဆီးထားပြီး ကောင်းမွန်စွာ ထားပေးတယ်လို့ ပူးပေါင်းတပ်ဖွဲ့တွေက ဆိုပါတယ်။
မနေ့ညကတော့ စစ်ကောင်စီရဲ့ စစ်လေယာဉ် ၅ ကြိမ်ထက်မနည်း လာရောက်ပျံဝဲခဲ့ကြောင်း၊ ဒီနေ့ နေ့လယ်ပိုင်းမှာတော့ လေယာဉ်တစီး လာရောက်ပျံသန်းခဲ့တာတွေ ရှိပြီး လေးကေ့ကော်ဘက်ကို စစ်ကောင်စီဘက်က စစ်အင်အားတွေ တက်လာနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ စစ်ကောင်စီဘက်ကတော့ ဒီကနေ့ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ ထုတ်ပြန်တာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ရက်ကစပြီး လေးကေ့ကော်မြို့သစ်က ဒေသခံတွေနဲ့ အနီးတဝိုက် မဲ့ထော်သလေး၊ ဖလူးကြီးဖလူးလေး၊ မေတ္တာလင်းမြိုင်၊ ပဟိကလော် စတဲ့ကျေးရွာတွေက ကျေးရွာသား သောင်းဂဏန်းလောက်ဟာ တောတောင်တွေထဲမှာ ထွက်ပြေးတိမ်းရှောင်နေရသလို ထိုင်းဘက်ကို ရောက်ရှိလာတဲ့ ဒုက္ခသည် ၂,၀၀၀ ကျော်လောက် ရှိပါတယ်။ လက်ရှိမှာတော့ ထိုင်းဘက်ကိုလည်း ဒုက္ခသည်တွေ ဝင်လို့မရသေးတဲ့အတွက် နယ်စပ် သောင်ရင်းမြစ်နားမှာပဲ ဒုက္ခသည်တချို့ ပိတ်မိနေတာ ရှိနေပါတယ်။
--------------------
(Unicode)