သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်ပြည်နယ် တိုက်ပွဲအတွင်း အရပ်သား သေကျေထိခိုက်မှုတချို့ရှိ


KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေ ဖာပွန်ခရိုင်တွင်း စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူအချို့။ (ဖေဖော်ဝါရီ ၄၊ ၂၀၂၂။ ဓာတ်ပုံ - KNU - Mutraw News)
KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေ ဖာပွန်ခရိုင်တွင်း စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူအချို့။ (ဖေဖော်ဝါရီ ၄၊ ၂၀၂၂။ ဓာတ်ပုံ - KNU - Mutraw News)

(Zawgyi / Unicode)

ကရင်ပြည်နယ် ကော့ကရိတ်မြို့တောင်ဘက် ကမိုင်ကုန်းကျေးရွာအတွင်းကို စစ်ကောင်စီတပ်ဖြစ်တဲ့ ခလရ ၉၇ ကနေ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ မနက်က လက်နက်ကြီးနဲ့ ပစ်တဲ့အတွက် ရွာသားတဦးသေဆုံးပြီး တဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ကောကရိတ်မြို့နယ်နဲ့ ဖာပွန်မြို့နယ်ထဲမှာတော့ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တွေ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေသလို ထွက်ပြေးတိမ်းရှောင်ကြတဲ့ ဒေသခံတွေ ကျည်ဆန်ထိမှန်ပြီး သေဆုံးမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့မှာတော့ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်ြမောက်ရေးတပ်ဖွဲ့၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စတဲ့ ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ မကြာခန ရှိနေသလို စစ်ကောင်စီဘက်က နယ်မြေရှင်းလင်းတဲ့အနေနဲ့ ကေအန်ယူ ထိန်းချုပ်ရာ နယ်မြေထဲက ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ ရှိနေတာပါ။ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ကတော့ စစ်ကောင်စီ တပ်ရင်း ခလရ ၉၇ ကနေ ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံ အမျိုးသမီးတဦး သေဆုံးကာ အမျိုးသားတဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုစောမွန်က ပြောပြပါတယ်။

“အာရှလမ်းမပေါ် ကော့ကရိတ်-ကျိုက်ဒုံ ကားလမ်းမဘေးမှာရှိတဲ့ ကမိုင်ကုန်းဆိုတဲ့ အဲဒီရွာက အထက်တန်းကျောင်းခွဲထိရှိတယ်၊ မီးလည်းရတဲ့ရွာပါ။ အခု အဲဒီမှာ လက်နက်ကြီးကျတယ်။ အဲဒီတော့ ရွာသားတဦးသေတယ်၊ လင်မယားပေါ့၊ တယောက်က ဒဏ်ရာရတယ်။ ခလရ ၉၇ က နယ်မြေရှင်းလင်းတဲ့ တပ်ဖွဲ့ပဲ ကော့ကရိတ်မှာထိုင်တယ်။ လက်နက်ကြီးက နေ့တိုင်းပစ်တယ်။ သူတို့က နယ်မြေရှင်းလင်းမယ်ဆိုရင် သူတို့မလာခင် အရင်ကြိုပစ်တယ်။ ကော့ကရိတ် လှိုင်ဝမှာ အမြောက်တပ်ရှိတယ်။ နေပူကုန်းကနေ အမြောက်တွေနဲ့ လှမ်းလှမ်းပစ်တယ်။ ၁၂၀ မမနဲ့ လှမ်းလှမ်းပစ်တယ်။ ပြည်သူလူထု အိုးအိမ်ဆိုတာ ချင့်ချိန်ရမှာလေ၊ မချိန်ဘူူး။ ဒါပေမယ့် ကျတဲ့နေရာ ထိတဲ့နေရာကို အကုန်ပစ်ထည့်သွားတာပဲ။”

စစ်ဘေးရှောင်သူများ နေရပ်ပြန် အခြေချနေထိုင်ဖို့ ရွာထဲမှာ ပြန်လာနေတုန်းမှာပဲ လက်နက်ကြီးတွေ ထိမှန်ပြီး သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

လက်နက်ကြီး ရွာထဲကိုကျတာကြောင့် နေအိမ်မှာပဲ အသက် ၄၈ နှစ်အရွယ် နော်ဖုတင်ဆိုတဲ့ အမျိုးသမီးတဦး သေဆုံးသွားခဲ့ပြီး ခင်ပွန်းဖြစ်သူ စောကျော်ဖော့ကတော့ ပြင်းထန်တဲ့ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ စစ်ကောင်စီတပ်တွေက ကေအန်ယူ တပ်မဟာ ၆ ထိန်းချုပ်ရာ ကော့ကရိတ်မြို့နယ်အတွင်းက နယ်မြေတွေကို ဝင်ရောက်လာတဲ့အတွက် အံဖကြီး၊ ရေကျော်ကြီး၊ ကမိုင်ကုန်း ကျေးရွာဘက်တွေမှာ နေ့စဉ်နီးပါး နှစ်ဖက်တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားနေပါတယ်။

ကေအန်ယူ တပ်မဟာ ၅ ထိန်းချုပ်ရာ ဖာပွန်ခရိုင်မှာတော့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် တပ်မဟာ ၅ နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ကြတဲ့ ဒေသခံတချို့ ဒီရက်ပိုင်းမှာပဲ ကျည်ဆန်ထိမှန်ပြီး သေဆုံးသွားတာရှိတယ်လို့ ဖာပွန်မြို့ခံတဦးကလည်း ပြောပြပါတယ်။

“လမ်းမှာလည်း ပြေးရင်းနဲ့ အမျိုးသမီး ၂ ယောက် သေတယ်။ တယောက်က ဗိုက်ပွင့်သွားတယ်၊ တယောက်ကတော့ ဒဏ်ရာနဲ့သေတယ်။ ကလေးတယောက် ဒဏ်ရာရတယ်၊ ကျည်ဆန်ထိတာပါ။ ဆိုင်ကယ်တွေ ကားတွေနဲ့ ပြေးတဲ့အချိန်မှာ အနောက်ကနေ အသားကုန်လိုက်ပစ်တာပဲ၊ စစ်တပ်က။ ဖာပွန်မြို့ထဲမှာပဲ၊ အခုပြေးတာက တနေ့တနေ့ လူ ၁၀၀ ကျော် ၂၀၀ ကျော် ပြေးကြရတယ်။ မြို့ထဲက ရပ်ကွက် ၁ ဆိုရင် အိမ်ထဲမှာ လူမရှိသလောက်ပဲ ထွက်ပြေးကုန်ကြပြီ။ နောက် အခု ၃ ရက်လောက်ရှိပြီ။ ဝေလုဝဏ်နားမှာ ဆိုရင်လည်း တိုက်ပွဲက နေ့တိုင်းလိုပဲ ဖြစ်နေတယ်။ ညဘက်ဆို သေနတ်သံတွေ အရမ်းအရမ်းပစ်နေလို့ မအိပ်ရဲကြတဲ့အတွက် အိမ်တွေပိတ်ပြီး မိသားစုလိုက် ထွက်ပြေးကြတယ်။ ရပ်ကွက် ၁ ဆို သူဌေးတွေများပေမယ့် အိမ်တွေမှာ မနေရဲကြတော့ဘူး၊ ထွက်ပြေးနေကြရတယ်။ ဖာပွန်နဲ့ကပ်နေတဲ့ ရွာတွေကလည်း ထွက်ပြေးနေကြတယ်။”

ကေအန်ယူ တပ်မဟာအသီးသီးမှာ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်နေတဲ့အတွက် စစ်ဘေးရှောင် ဒုက္ခသည်အသစ် ၇၀,၀၀၀ လောက် ထပ်ပြီး ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ကေအန်ယူကလည်း မကြာသေးခင်က သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------------

(Unicode)










XS
SM
MD
LG