သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိပ်ကျွန်းလူသတ်မှု မြန်မာလူငယ်နှစ်ဦးကိစ္စ အထူးကော်မတီပြန်ဖွဲ့


လူသတ်မှုနဲ့ သေဒဏ် ချမှတ်ထားတဲ့ ထိုင်းနိုင်ငံက မြန်မာရွှေ့ပြောင်းလူငယ်နှစ်ဦး။
လူသတ်မှုနဲ့ သေဒဏ် ချမှတ်ထားတဲ့ ထိုင်းနိုင်ငံက မြန်မာရွှေ့ပြောင်းလူငယ်နှစ်ဦး။

ထိုင်းနိုင်ငံ အယူခံတရားရုံးက သေဒဏ်ထပ်အတည်ပြုလိုက်ပြီးတဲ့နောက် နောက်ဆုံးအဆင့် အမြင့်ဆုံးတရားရုံးကို ထပ်ပြီးအယူခံဝင်သွားနိုင်ဖို့ လိပ်ကျွန်းလူသတ်မှု အထူးကော်မတီတရပ် အသစ်ပြန်ဖွဲ့ပြီး အလေးအနက်ထားဆောင်ရွက်ဖို့ နိုင်ငံတော်အတိုင်ပင်ခံနဲ့ သမ္မတက သမ္မတရုံးကတဆင့် တိုက်ရိုက်ညွှန်ကြားထားပါတယ်။ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးဆောင်ပြီး အသစ်ပြန်ဖွဲ့မယ့်ကော်မတီအနေနဲ့ ထိုင်းရှေ့နေများကောင်စီနဲ့ ပူးပေါင်း ပြီး အယူခံထပ်ဝင်နိုင်ဖို့ ဆောင်ရွက်ကြမှာဖြစ်တယ်လို့လည်း သိရပါတယ်။ အသေးစိတ် မဆုမွန် တင်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ်၂၀၁၄ခုနှစ်တုန်းက ထိုင်းနိုင်ငံတောင်ပိုင်း ကော့တောင်ကျွန်းလို့ခေါ်တဲ့ အပမ်းဖြေစခန်း လိပ်ကျွန်းမှာဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရတဲ့ လူသတ်မှုနဲ့ပတ်သက်လို့ မြန်မာနိုင်ငံသားနှစ်ဦးကို ထိုင်းနိုင်ငံ တရားရုံးက သေဒဏ်ချမှတ်ခဲ့ပြီးတဲ့နောက် နောက်ထပ်အယူခံဝင်တဲ့ အယူခံတရားရုံး ကလည်း သေဒဏ်ကို ထပ်ပြီးအတည်ပြုလိုက်တာဖြစ်ပါတယ်။

အဲ့ဒီ့လိုမျိုး အယူခံတရားရုံးကနေ သေဒဏ်ထပ်အတည်ပြုလိုက်ပြီး အယူခံကို ပယ်လိုက်တဲ့အပေါ်မှာ နောက်ဆုံးအဆင့်ဖြစ်တဲ့ အမြင့်ဆုံးတရားရုံးကို အယူခံဝင်သွားနိုင်ဖို့အရေး နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တို့ဘက်က ဥပဒေကြောင်းအရ အကောင်းဆုံး ဆောင်ရွက်ပေးနိုင်ဖို့ ညွှန်ကြားတဲ့အတွက် နိုင်ငံတော်သမ္မတရုံးကတဆင့် လိပ်ကျွန်းလူသတ်မှုနဲ့ပတ်သက်ပြီး အထူးကော်မတီ တရပ်ပြန်လည်ဖွဲ့စည်းဖို့ စီစဉ်နေတယ်လို့ နိုင်ငံတော်သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“နောက်ဆုံးအခြေအနေက ကျနော်တို့ အယူခံတင်မယ်၊ အချက် ၂၄ ချက်တင်မယ် ဒါနဲ့ပတ်သက်ပြီးတော့ အားသာချက် အလားနည်းချက်ကို ပြန်ပြီးတော့ သုံးသပ်ရမယ်။ အဲဒါသုံးသပ်ဖို့အတွက် ကော်မတီပြန်ဖွဲ့ရမယ်။ ကော်မတီမှာ ဘယ်သူတွေပါသလဲဆိုတော့ ဦးအောင်မျိုးသန့်တို့ ကိုထူးချစ်တို့အဖွဲ့တွေပါမယ်။ အဲဒါကို သံအမတ်ကြီးက ဦးဆောင်မယ်။ ကျနော်တို့ ဝန်ကြီးဌာနတွေက အလုပ်သမားကိစ္စ၊ ဥပဒေရေးရာ ကျွမ်းကျင်တဲ့လူတွေရှိတယ်။ အဲဒီအဖွဲ့တွေနဲ့ အစိုးရ အရာရှိတွေနဲ့ ပူးပေါင်းပြီးတော့ အဖွဲ့ဖွဲ့မယ်။ အဖွဲ့ဖွဲ့ပြီးတော့ ပြီးခဲ့တဲ့ ခရိုင်အဆင့်မှာ ပယ်ချခံရတဲ့အတွက် အခုနောက်ဆုံးအဆင့်ဖြစ်တဲ့ High Court တရားရုံးချုပ်မှာ ဘယ်လိုကောင်းမွန်အောင်လုပ်မလဲ ဒီကော်မတီကို ပိုထိရောက်အောင် ဘယ်လိုဖွဲ့မလဲ ဒါတွေ ကျနော်တို့ လုပ်မှာ ဖြစ်ပါတယ်။

မေး။ ။ နိုင်ငံတော်သမ္မတကြီးနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဘက်ကရော ဘယ်လို သဘောထားရှိပါသလဲ။

ဖြေ။ ။ ဒီသတင်းဆိုးကြားတဲ့အတွက် အထူးပဲ စိတ်မကောင်းကြီးစွာဖြစ်ရတယ်။ ကိုယ်နိုင်ငံသားတွေ၊ တနိုင်ငံ လုံးကလည်း စိတ်ဝင်စားတယ်။ ပယ်ချခံရတဲ့သတင်း က ကျနော်တို့အတွက် သတင်းဆိုးပေါ့နော်။ ဒီသတင်းဆိုးဖြစ်ပေမယ့် အခုကျနော်တို့ တခုသိထားရမှာက ထိုင်းနိုင်ငံရဲ့တရားရုံး လုပ်ထုံးလုပ်နည်းအတိုင်း ကျနော်တို့ သွားရမှာ ဖြစ်ပါတယ်။ အဲဒီမှာ ထိုင်းနိုင်ငံ လက်ရှိအစိုးရရဲ့ အချုပ်အချာအာဏာကိုလည်း လေးစားရမှာဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီဘက် ကျနော်တို့ မြန်မာနိုင်ငံမှာလည်း တပ်မတော်အစိုးရ အုပ်ချုပ်ခဲ့တဲ့ ကာလတွေရှိတယ် ။ အဲဒီလို တပ်မတော်တွေရဲ့သဘောသဘာဝက ဖိအားပေးတာမျိုးဆိုရင် အဆင်မပြေနိုင်ဘူး။ အဲဒီတော့ အကောင်းဆုံးနည်းနဲ့ ဘယ်လို ချဉ်းကပ်မလဲ ၊ ဒီအပေါ်မှာပဲ ထိုင်းနိုင်ငံရဲ့တရားရုံး လုပ်ထုံးလုပ်နည်းအတိုင်း ကျနော်တို့ အကောင်းဆုံး ဘယ်လိုဖြစ်အောင်လုပ်မလဲ ဒါကို ကျနော်တို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

လိပ်ကျွန်းလူသတ်မှုအရေး ဆောင်ရွက်နိုင်ဖို့ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးက ဦးဆောင်ဖွဲ့စည်းထားတဲ့ အထူးစုံစမ်းစစ်ဆေးရေးကော်မတီမှာ ပါဝင်တဲ့ ရှေ့နေ ဦးအောင်မျိုးသန့်ကလည်း အခုအသစ်ပြန်လည်ဖွဲ့စည်းဖို့ပြင်ဆင်နေတဲ့ကော်မတီနဲ့ပတ်သက်ပြီး စီစဉ်ဆောင်ရွက်နေတာကို ရှင်းပြပါတယ်။

“လောလောဆယ်မှာတော့ အန်ကယ်တို့ သမ္မတရုံးကနေပြီးတော့ ဆက်သွယ်ပြောကြားလာပါတယ်။ အဓိက အန်ကယ်တို့ ပြောချင်တာကတော့ အရင်တုန်းက သံအမတ်ကြီး ဗိုလ်ချုပ်ဝင်းမောင် ဖွဲ့ခဲ့တဲ့ သံရုံးအထူးစုံစမ်းရေးကော်မတီကို ပြန် renew လုပ်မယ်။ ဖွဲ့ပြီးရင် ၁ အချက် ကလေးတွေကို ဘန်ခွမ်အကျဉ်းထောင်မှာသွားတွေ့မယ်။ တွေ့ပြီးရင် ထိုင်းရှေ့နေများကောင်စီနဲ့သွားတွေ့မယ်။ တွေ့ပြီးရင် နိုင်ငံတော်ဘက်က ဥပဒေအကြံပေးတွေနဲ့တွေ့မယ် အဲလိုစီစဉ်ထားပါတယ်။ သံရုံးအနေနဲ့ ပြန်ပြီးတော့ Renew လုပ်ပြီးတဲ့နောက်မှာ နိုင်ငံတော်အစိုးရဘက်က နောက်တခါ နိုင်ငံခြားရေးဝန်ကြီးဘက်က ၊ နောက်တခါ သံရုံးက ဒီအချက်တွေ ညွန်ကြားချက်တွေအတိုင်း အန်ကယ်တို့ ဆောင်ရွက်သွားဖို့ ရှိပါတယ်။”

လူသတ်မှုနဲ့ သေဒဏ်ကျခံထားရတဲ့ မြန်မာနိုင်ငံသားနှစ်ဦးဖြစ်တဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့နှစ်ဦးကို ထိန်းသိမ်းထားတဲ့ ထိုင်းနိုင်ငံအကျဉ်းထောင်ရှိရာကို မြန်မာသံရုံး တာဝန်ရှိသူတွေ ရှေ့လာမယ့် မတ်လ ၈ ရက်နေ့မှာ သွားရောက်တွေ့ဆုံဖို့ရှိတယ်လို့လည်း ဦးအောင်မျိုးသန့်ကပြောပါတယ်။

“အန်ကယ်တို့ နောက်ဆုံးတွေ့ခဲ့တဲ့အနေအထားကတော့ ကလေး ၂ ယောက်စလုံး ကျန်းမာရေးကောင်းပါတယ်။ နေလဲကောင်းကြတယ်အားလုံး။ ဒါပေမယ့် အန်ကယ်တို့ ဒီအမိန့်ချပြီးနောက်ပိုင်းမှာ မတွေ့ရသေးတာကြောင့်မို့ အန်ကယ်တို့ သွားတွေ့ဖို့ စီစဉ်နေတာပါ။ အကြမ်း ပြောရရင်တော့ ၈ ရက်နေ့မှာ သွားတွေ့ဖြစ်မယ်လို့ အန်ကယ်တို့ သတ်မှတ်ထားပါတယ်။ သံရုံးအဖွဲ့အနေနဲ့ နံပတ်၁ သွားတွေ့ဖို့ စဉ်းစားထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သံရုံးအနေနဲ့ လာတွေ့တယ်ဆိုတော့ နိုင်ငံတော်ရဲ့ အင်အားပါတာကြောင့်မို့လို့ ကလေးတွေ ပိုပြီးတော့ အားရှိလာမယ်ထင်ပါတယ်။ နောက်ပြီးတော့ လိုအပ်ရင် မိခင်တွေကိုခေါ်သွားမယ်၊ မလိုအပ်ရင်လဲ မိခင်တွေ နောက်ကျရင် ထွက်သွားပေးဖို့ စီစဉ်ပေးပါမယ်။”

မြန်မာရွှေ့ပြောင်းအလုပ်သမား ထောင်ချီ အလုပ်လုပ်ကိုင်နေတဲ့ ဒီ ကော့သောင်ကျွန်းလို့ခေါ်တဲ့ လိပ်ကျွန်းမှာ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့က လူသတ်မှုဖြစ်ပွားခဲ့တာဖြစ်ပြီးအလုပ်သမားအများအပြား စစ်ဆေးမှုခံခဲ့ရပါတယ်။ အဲ့ဒီ့အထဲကမှ မြန်မာလူငယ် ၂ ယောက်ဖြစ်တဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို လူသတ်မှုနဲ့ ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။ သူတို့နှစ်ဦးက သတ်ဖြတ်မှုကျုးလွန်ကြောင်း အစောပိုင်းမှာ ဝန်ခံပြောဆိုခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ရဲတွေရဲ့ နှိပ်စက်မှုကြောင့် ဖြောင့်ချက်ပေးခဲ့တာ ဖြစ်တဲ့အကြောင်း တရားရုံးမှာ ပြန်ထွက်ဆိုထားပါတယ်။

သူတို့နှစ်ဦးကို ထိုင်းနိုင်ငံ ကော့စမွေ အကျဉ်းထောင်မှာ ထိန်းသိမ်းထားပြီးတဲ့နောက်မှာတော့ ထိုင်းတရားရုံးကနေ အမှု ၇ မှုနဲ့ အမြင့်ဆုံးပြစ်ဒဏ်အဖြစ် သေဒဏ်ပေးခဲ့ပြီး အခုလက်ရှိမှာတော့ ဘန်ခွမ်အကျဉ်းထောင်မှာ ဘန်ခွမ်အကျဉ်းထောင်မှာ ထိန်းသိမ်းထားပြီး သေဒဏ်အတွက် အယူခံဝင်တဲ့ တရားရုံးက အယူခံကို ပယ်ချခဲ့တာဖြစ်ပါတယ်။ အခုနောက်ဆုံးအဆင့် အဆင့်မြင့်တရားရုံးကို ထပ်အယူခံဝင်ဖို့ ပြင်နေကြတာဖြစ်ပြီး တကယ်လို့ ဒီအယူခံကို ပယ်ချခဲ့ရင်တော့ ထိုင်းဘုရင်မင်းမြတ်ထံ အယူခံဝင်ရမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG