ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်ဒေသမှာ နှစ်ပေါင်းများစွာအခြေစိုက်ပြီး အင်တာနက် အွန်လိုင်းကဆင့် တရုတ်အပါအ၀င် နိုင်ငံတကာကိုပစ်မှတ်ထား ငွေကြေးလိမ်လည်ခဲ့တာ၊ လူတွေကိုအတင်းအဓမ္မ ကျွန်ပြုစေခိုင်းခဲ့တာတွေအပါအ၀င် အခြားရာဇဝတ်မှုတွေနဲ့ တရုတ်ကဖမ်းဆီးထားတဲ့ မြီမိသားစုနဲ့ သူတို့ရဲ့ မာဖီးယားဂိုဏ်းဝင်တွေအပါအ၀င် ဆက်စပ်နေသူ စုစုပေါင်း ၃၉ ဦးကို တရုတ်နိုင်ငံ တရားရုံးမှာ ဒီကနေ့စွဲချက်တင်လိုက်ပါတယ်။
တရုတ်ဒေသတွင်း ထုတ်ပြန်တဲ့ သတင်းတွေအရ- Zhejiang ပြည်နယ်ရှိ Wenzhou တရားရေးရုံးက စွဲချက်တင်လိုက်တဲ့ မြီမိသားစု၀င်တွေထဲမှာ သားဖြစ်သူ မြီရှောက်ဖျင် (Ming Guoping (aka) Ming Xiaoping) ၊ သမီးဖြစ်သူ မြီကျွီလန် (Ming Julan) နဲ့ မြေးဖြစ်သူ မြီကျိန်းကျိန်း (Ming Zhenzhen) တို့ ပါ၀င်ပါတယ်။
မြီမိသားစုဟာ လက်နက်ကိုင်တပ်ဖွဲ့တွေကိုအသုံးချပြီး အွန်လိုင်းလိမ်လည်မှုနဲ့ တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားတဲ့ အခြားရာဇ၀တ်မှုတွေ၊ နိုင်ငံတကာအဆင့်လူသတ်မှု၊ ရည်ရွယ်ချက်ရှိရှိလူထိခိုက်စေမှု၊ လူတွေကိုတရားမဝင်ဖမ်းချုပ်မှု၊ လောင်းကစားဝိုင်းထောင်မှု၊ မူးယစ်မှောင်ခိုကူးမှုတွေနဲ့ ဒီဇင်ဘာလ ၃၀ ရက်မှာ ပြည်နယ်အာဏာပိုင်တွေဘက်က တရားစွဲဆိုလိုက်တာ ဖြစ်ပါတယ်။
၂၀၂၃ခုနှစ် နို၀င်ဘာလမှာ မြီမိသားစုကို စစ်ကောင်စီကဖမ်းဆီးပြီး တရုတ်ဘက်ကို လွှဲပြောင်းပေးခဲ့ ပါတယ်။ ဖမ်းဆီးချိန်မှာ မြီမိသားစုရဲ့ဖခင် မြီရှောက်ချန်းဟာ ပစ္စတိုသေနတ်နဲ့ သူ့ကိုယ်သူ ပစ်ခတ်လို့ ထိခိုက်ဒဏ်ရာကို ဆေးကုသမှုခံနေစဉ် သေဆုံးသွားတယ်လို့ မြန်မာစစ်ကောင်စီဘက်က သတင်းထုတ် ပြန်ပါတယ်။
အွန်လိုင်းငွေကြေးလိမ်လည်တဲ့ လုပ်ငန်းတွေကြောင့် တရုတ်နိုင်ငံသားတွေပိုင်ဆိုင်တဲ့ ယွမ်ငွေ ဘီလျံနဲ့ချီ ဆုံးရှုံးခဲ့ပြီး လူတော်တော်များများ သေဆုံးတာတွေ ဖြစ်ပွားခဲ့တာကြောင့် အမှုတွေနဲ့ ဆက်စပ်ပြီး သံသယရှိသူ ထောင်နဲ့ချီပြီးတော့လည်း Wenzhou မြို့ တရားရုံးက စစ်ဆေးနေပါတယ်။ တိုင်ကြားထားတဲ့ အမှု တသောင်းကျော်ကို လက်ခံ စစ်ဆေးနေတဲ့အကြောင်း Xinhua သတင်းမှာ ဖေါ်ပြပါတယ်။ မြန်မာနိုင်ငံသားတွေရဲ့ တရားရေး ရပိုင်ခွင့်၊ တရားခံအကျိုးဆောင် ရှေ့နေ ငှားရမ်းခွင့်နဲ့ ဘာသာပြန်ရှာပေးတာ စတဲ့ အခွင့်အရေးတွေ ပေးထားတဲ့အကြောင်း တရုတ်အစိုးရရှေ့နေတွေကို ကိုးကားပြီး သတင်းစာမှာ ဖေါ်ပြထားပါတယ်။
Forum