သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NUG ရုံး နိုင်ငံကူးစာအုပ်သက်တမ်းတိုးမှု တောင်ကိုရီးယားအစိုးရခွင့်မပြု 


တောင်ကိုရီးယားရောက်မြန်မာများ လုပ်ငန်းခွင်မှာအလုပ်လုပ်နေပုံ 
တောင်ကိုရီးယားရောက်မြန်မာများ လုပ်ငန်းခွင်မှာအလုပ်လုပ်နေပုံ 

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ တောင်ကိုရီးယားကိုယ်စားလှယ်ရုံးက နိုင်ငံကူးလက်မှတ်စာအုပ် (ပတ်စ်ပို့) သက်တမ်းတိုးပေးတာတွေကို လက်မခံတော့ကြောင်း တောင်ကိုရီးယားအစိုးရ ဒီဇင်ဘာလ ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့ပေမယ့် မြန်မာနိုင်ငံကိုပြန်လို့မရတဲ့တက်ကြွလှုပ်ရှားသူတွေကိုတော့ G1-99 ဗီဇာတွေဆက်ပြီးနေထိုင်ခွင့်ပေးတဲ့အတွက် တောင်ကိုရီးယားမှာနေထိုင်ခွင့်တော့ဆက်ရရှိနေသေးတယ်လို့ တက်ကြွလှုပ်ရှားသူတွေကဆိုပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ NUG အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စားလှယ်ရုံးကနေ နိုင်ငံကူးလက်မှတ်များ သက်တမ်းတိုးပေးနေကြောင်း သတင်းထွက်ပေါ်လာပြီးနောက်၊ နိုင်ငံကူးလက်မှတ်တွေမှာ တရားမဝင် တံဆိပ်တုံးအတုအပတွေ လုပ်တာကို စီစစ်တွေ့ရှိရတဲ့အတွက်ဆိုပြီး တောင်ကိုရီးယားနိုင်ငံ ဆိုလ်းမြို့က စစ်ကောင်စီရဲ့ မြန်မာသံရုံးကနေ နိုင်ငံကူးလက်မှတ် ဖျက်သိမ်းတာမျိုး၊ အမည်မည်းစာရင်း သွင်းတာမျိုးလုပ်သွားမယ်လို့ နိုဝင်ဘာလ ၉ ရက်နေ့မှာ ကြေငြာချက် ထုတ်ပြန်ခဲ့တာပါ။

အခုအခါမှာတော့ တောင်ကိုရီးယားကိုယ်စားလှယ်ရုံးကနိုင်ငံကူးလက်မှတ်စာအုပ် (ပတ်စ်ပို့) သက်တမ်းတိုးပေးတာတွေကို လက်မခံတော့ကြောင်း ကိုရီးယားအစိုးရက ဒီဇင်ဘာလ၁၈ရက်နေ့ကကြေငြာခဲ့ပါတယ် ဒီလို့ကြေငြာခဲ့ပေမယ့် အရင်သက်တမ်းတိုးထားတဲ့သူတွေကိုတော့ပယ်ဖျက်တာမလုပ်ခဲ့ဘူးလို့ သက်တမ်းတိုးထားတဲ့ကိုရီးယားရောက်တက်ကြွလှုပ်ရှားသူတဦးက VOAကိုပြောပါတယ်။

"တောင်ကိုရီးယားနိုင်ငံမှာရောက်ရှိတဲ့ တက်ကြွလှုပ်ရှားသူများ အနေနဲ့စစ်ကောင်စီရဲ့သံရုံးမှာဗီဇာသက်တမ်းတိုးတာတွေဆက်မလုပ်နိုင်တော့ဘဲ ကျနော်တို့အရင်သက်တမ်းတိုးထားတဲ့သူတွေကိုပယ်ဖျက်တာမျိုးတော့မရှိဘူး။ တိုးပေးတာကို ခဏရပ်ထားတယ်လို့ပဲကြေငြာထားတယ်။ ဒီလိုတိုးပေးတဲ့အတွက် NUG ရုံးမှာတိုးထားတဲ့သူတွေကို စကစက ခြိမ်းခြောက်တာတွေရှိတယ်၊ မိသားစုတွေကိုဘယ်လိုလုပ်မယ်ဆိုတာမျိုး ပြန်လာရင်ဘာလုပ်မယ်ဆိုတာမျိုးခြိမ်းခြောက်တဲ့အတွက် အများပြည်သူ ကိုရီးယားရောက်မြန်မာတွေကို ငဲ့တဲ့အနေနဲ့ကိုယ်စားလှယ်ရုံး(NUG) ကနေ ခဏရပ်နားထားတဲ့ပုံစံမျိုးလို့ပြောပါတယ်"

ကိုရီးယားနိုင်ငံကိုရောက်ရှိနေသူတွေအနေနဲ့ မြန်မာပြည်တွင်းက စစ်ရေးနိုင်ငံရေးအခြေအနေတွေမတည်ငြိမ်တာကြောင့်ကော ပြန်ရင်အန္တရယ်ရှိနိုင်တဲ့သူတွေကိုတော့ကိုရီးယားအစိုးရက G1 Visa ပေးပြီး နေထိုင်အလုပ်လုပ်ခွင့်တွေပါပေးထားတာပါ ။အခုလို မြန်မာနိုင်ငံကူးစာအုပ်သက်တမ်းမတိုးရင်တောင်မှ ကိုရီးယားမှာဆက်လက်နေထိုင်လို့ရပါတယ်လို့လည်းဆက်ပြောပြပါတယ်။

"ပတ်စပို့သက်တမ်းမရှိတဲ့သူတွေကအနေနဲ့ကတော့ G1 Visa နဲ့ နေလို့ရတယ် အဓိက က ပတ်စပို့သက်တမ်းမရှိတဲ့သူတွေ ပြန်လို့မရသူတွေကို မြန်မာပြည်မှာ နိုင်ငံရေးကောင်းတဲ့အထိ ကိုရီးယားမှာနေလို့ရအောင် G199 ဗီဇာနဲ့နေလို့ရအောင်ခွင့်ပြုပေးထားပါတယ်။"

ကိုရီးယားရောက် မြန်မာတွေထဲမှာ အလုပ်လာလုပ်သူတွေ၊ ကျောင်းလာတက်သူတွေဟာ NUG ကိုယ်စားလှယ်ရုံးမှာ နိုင်ငံကူးလက်မှတ်သက်တမ်း လာတိုးတာတွေလည်း ရှိနေပါတယ်။

NUG အမျိုးသားညီညွတ်ရေးအစိုးရ တောင်ကိုရီးယားကိုယ်စားလှယ်ရုံးက နိုင်ငံကူးလက်မှတ် သက်တမ်းကုန်ဆုံးနေတဲ့ မြန်မာနိုင်ငံသားတွေကို အခွန်နဲ့အခကြေးငွေမယူပဲ သက်တမ်း ၂ နှစ် တိုးပေးတဲ့လုပ်ငန်းစဉ်ကို လုပ်ဆောင်တာဟာ ၇ လခန့် ရှိနေပြီဖြစ်သလို အခုဆိုရင် သက်တမ်းတိုးတဲ့ မြန်မာနိုင်ငံသား ထောင်ဂဏန်းနဲ့ ရှိနေပြီဖြစ်ပါတယ်။

Forum

XS
SM
MD
LG