သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump နဲ့ တွေ့ဆုံမည့်အစီအစဉ် ဖျက်သိမ်းဖို့ မြောက်ကိုးရီးယား ခြိမ်းခြောက်


အမေရိကန်သမ္မတ Donald Trump နဲ့ Kim Jong Un တို့ရဲ့ လာမယ့် ထိပ်သီးဆွေးနွေးပွဲနဲ့ ပတ်သက်တဲ့ ကံကြမ္မာအတွက် အမေရိကန်ဘက်က သတိနဲ့လုပ်ဆောင်ရမှာ ဖြစ်ကြောင်း မြောက်ကိုရီးယားက ပြောကြားရင်း ဗုဒ္ဓဟူးနေ့ ကျင်းပဖို့ စီစဉ်ထားတဲ့ တောင်ကိုရီးယားနဲ့ အဆင့်မြင့်ဆွေးနွေးပွဲတွေကို မြောက်ကိုရီးယားက ပယ်ဖျက်လိုက်ပါတယ်။ မြောက်ကိုရီးယားက အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ပူးတွဲစစ်ရေးလေ့ကျင့်မှု လုပ်နေတာကို ရည်ရွယ်ပြီး ပြောကြားခဲ့တာပါ။

ဒီ Max Thunder ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ မြောက်ကိုရီးယားကို ကျူးကျော်ဖို့ အစမ်းလေ့ကျင့်တာ ဖြစ်ပြီး တောင်နဲ့ မြောက်ကိုရီးယား ၂ နိုင်ငံကြား ဆက်ဆံရေး အဆင်ပြေလာပုံရနေတဲ့ ကြားကပဲ ခုလို လုပ်ခဲ့တာလို့ မြောက်ကိုရီးယား အစိုးရသတင်းဌာန KCNA ကပြောပါတယ်။

သမ္မတအိမ်ဖြူကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး သိပ်မပြောပေမယ့် အမေရိကန်အနေနဲ့ မဟာမိတ်တွေနဲ့ ဆက်လက်ပြီး အနီးကပ်လက်တွဲ ဆောင်ရွက်သွားမယ် လို့သာပြောပါတယ်။

ပင်တာဂွန်စစ်ဌာနချုပ်ကတော့ Max Thunder လေ့ကျင့်မှုဟာ အမေရိကန်ရဲ့ မဟာမိတ် တောင်ကိုရီးယားကို သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်း၊ စစ်ရေးပူးပေါင်းဆောင်ရွက်နိုင်စွမ်းနဲ့ အသင့်အနေထားရှိအောင် မြှင့်တင်ပေးဖို့ လုပ်ဆောင်တာ ဖြစ်ကြောင်း ပြောပါတယ်။

နိုင်ငံခြားရေးဌာန ပြောခွင့်ရ Heather Nauert ကလည်း အမေရိကန်အတွက် အခုလိုလေ့ကျင့်မှုဟာ အရေးပါကြောင်းနဲ့ ဒါကို နားလည် သဘောပေါက်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် Kim က ပြောကြားခဲ့တယ်လို့ ပြောပါတယ်။ ဒါ့အပြင် အမေရိကန်ပြည်ထောင်စုက Kim နဲ့ သမ္မတ Trump တို့ရဲ့ ထိပ်သီးဆွေးနွေးပွဲကျင်းပဖို့ စီစဉ်ထားတဲ့အတိုင်း ဆက်လုပ်ဖို့ ရှိကြောင်းလည်း ပြောပါတယ်။

တောင်နဲ့ မြောက်တို့ကြား ဗုဒ္ဓဟူးနေ့ ပြုလုပ်မယ့် ဆွေးနွေးပွဲတွေဟာ ကိုရီးယားစစ်ပွဲ တရားဝင်အဆုံးသတ်ရေးအတွက် အစီအစဉ်တွေနဲ့ လက်နက်ဖျက်သိမ်းရေး ကို ဦးစားပေးဆွေးနွေးဖို့ စီစဉ်ထားတာလို့ တောင်ကိုရီးယားက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG