သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယား ဆောင်းရာသီအိုလံပစ်ပွဲ မြောက်ကိုရီးယားအသင်း ယှဉ်ပြိုင်ဖို့ သဘောတူ


 မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယား နိုင်ငံတို့ကြား ကျင်းပတဲ့ ပထမဆုံး မျက်နှာချင်းဆိုင်တွေ့ဆုံပွဲ
မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယား နိုင်ငံတို့ကြား ကျင်းပတဲ့ ပထမဆုံး မျက်နှာချင်းဆိုင်တွေ့ဆုံပွဲ

တောင်ကိုရီးယား နိုင်ငံ ပြုံချမ်းမှာ နောက်လထဲ ကျင်းပမယ့် ဆောင်းရာသီ အိုလံပစ် ပြိုင်ပွဲမှာ အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ စေလွှတ်ဖို့ မြောက်ကိုရီးယားက သဘောတူလိုက်ပါပြီ။ မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယား နိုင်ငံတို့ကြား ဒီကနေ့ အင်္ဂါနေ့ ကျင်းပတဲ့ ပထမဆုံး မျက်နှာချင်းဆိုင်တွေ့ဆုံပွဲမှာ အခုလို ကမ်းလှမ်းခဲ့တာပါ။

ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ စတင်မယ့် ဆောင်းရာသီ အိုလံပစ် ပြိုင်ပွဲ အတွက် အဆင့်မြင့် အရာရှိတွေ၊ အားကစားသမားတွေ၊ ပန်းပွားအလှပြ ကပြမယ့် အဖွဲ့တဖွဲ့၊ တိုက်ကွမ်ဒို သရုပ်ပြ အဖွဲ့နဲ့ သတင်းထောက် တချို့ကို စေလွှတ်ဖို့ မြောက်ကိုရီးယားဘက်က ဆွေးနွေးပွဲ အတွင်း သဘောတူခဲ့ပါတယ်။

အိုလံပစ် ပွဲတော် ဖွင့်ပွဲမှာတော့ တောင်နဲ့ မြောက် ကိုရီးယား နှစ်နိုင်ငံ အိုလံပစ် အဖွဲ့နှစ်ခုတို့ အတူ ချီတက်ဖို့ကိုလည်း တောင်ကိုရီးယားဘက်က ကမ်းလှမ်းထားသလို အိုလံပစ် ပွဲတော် ကာလအတွင်း ကျရောက်မယ့် တရုတ်နှစ်ကူး အားလပ်ရပ် အတွင်း ကွဲကွာနေတဲ့ မိသားစုတွေ ပြန်လည်ပေါင်းစည်းနိုင်ရေး ဆွေးနွေးကြဖို့လည်း ကမ်းလှမ်းခဲ့ပါတယ်။ မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားကြား ဆက်ဆံရေး တိုးတက်စေဖို့ စစ်ဘက် ဆွေးနွေးပွဲတွေ ကျင်းပရေး နှစ်ဘက်တို့ သဘောတူခဲ့ကြပါတယ်။

လက်ရှိ စစ်ရေး တင်းမာမှုကို လျှော့ချရေး စစ်ဘက် ဆွေးနွေးမှု လုပ်ဖို့ သဘောတူခဲ့ကြောင်း နှစ်နိုင်ငံတို့ရဲ့ ပူးတွဲ ကြေညာချက်မှာ ဖော်ပြပါတယ်။ နှစ်နိုင်ငံ နယ်စပ်က အပစ်ရပ် ပါမွန်ဂျွန်ရွာမှာ ဒီကနေ့ ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲ့တော့ အိုလံပစ်ပွဲတော်မှာ မြောက်ကိုရီးယားတို့ အဆင်ပြေပြေ ပါဝင်နိုင်ရေး၊ မြောက်ကိုရီးယားရဲ့ နျူးကလီးယားနဲ့ ဒုံးကျည် စမ်းသပ်မှုတွေကြောင့် တင်းမာမှု တိုးလာတာကို လျှော့ချနိုင်မယ့် နည်းလမ်းရှာရေး ရည်ရွယ် ဆွေးနွေးခဲ့ကြတာပါ။ တောင်နဲ့ မြောက် ကိုရီးယား နှစ်နိုင်ငံ ခေါင်းဆောင်တွေကတော့ ဆွေးနွေးပွဲကို သီးသန့် ချိတ်ဆက်ပေးထားတဲ့ ရုပ်သံကနေ စောင့်ကြည့်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG