သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်စစ်ဒုက္ခသည်တွေအခြေအနေ ပုပ်ရဟန်းမင်းကြီးကို တင်ပြခဲ့


ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နှင့် ကချင်ပြည်နယ် ဒီမို ကရေစီပါတီ (KSDP) ဥက္ကဋ္ဌ ဒေါက်တာတူးဂျာ(Ksdp Kachin)
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နှင့် ကချင်ပြည်နယ် ဒီမို ကရေစီပါတီ (KSDP) ဥက္ကဋ္ဌ ဒေါက်တာတူးဂျာ(Ksdp Kachin)

မြန်မာနိုင်ငံကိုအလည်ရောက်လာတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နှင့် ဘာသာကြီး ၄ ခုရဲ့ ထိပ်ပိုင်းခေါင်းဆောင်များ သီး သန့်တွေ့ဆုံခဲ့ရာမှာ ကက်သလစ်ဘာသာဝင် ကချင်တိုင်းရင်းသားများရဲ့ ကိုယ်စားလှယ်တဦးဖြစ်တဲ့ ကချင်ပြည်နယ် ဒီမို ကရေစီပါတီ (KSDP) ဥက္ကဋ္ဌ ဒေါက်တာတူးဂျာကနေ ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးအခြေအနေနဲ့ စစ်ဘေး ရှောင် တွေရဲ့အခြေအနေတွေကို နှုတ်နဲ့ရော စာနဲ့ပါတင်ပြခဲ့ပါတယ်။ လက်ရှိကချင်ပြည်နယ်အတွင်း စစ်ဘေးရှောင်တွေရဲ့ မူလ နေရာတွေမှာ ကုမ္ပဏီတွေ စီးပွားရေး လုပ်ငန်းရှင်တွေကနေ ဝင်ရောက်နေရာယူလုပ်ကိုင်လာနေတဲ့အခြေအနေ မှာရှိနေ တယ်လို့လဲ ကချင်လူမှုအဖွဲ့အစည်းတာဝန်ရှိသူတွေကထောက်ပြနေပါတယ်။ ထိုင်းအခြေစိုက်ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်ကနေသတင်းပေးပို့ထားပါတယ်။

ကချင်ပြည်နယ်အတွင်းဖြစ်ပွါးနေတဲ့စစ်ပွဲတွေအကျိုးဆက်ကြောင့် ကချင်စစ်ဘေးရှောင်တွေကြုံတွေ့နေရတဲ့ အခက်ခဲ အခြေအနေတွေကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နဲ့မနေ့ကတွေ့ဆုံမှုမှာတင်ပြခဲ့တယ်လို့ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ (KSDP) ဥက္ကဋ္ဌ ဒေါက်တာတူးဂျာကအခုလိုပြောပါတယ်။

"ကျွန်တော်တို့နိုင်ငံမှာတော့ ငြိမ်းချမ်းရေးအမြန်ရရှိမှဖြစ်မယ်။ တိုက်ပွဲတွေကြောင့် IDPsတွေကအများကြီးဒုက္ခရောက် နေ တယ်ဆိုတာတွေပေါ့။ ငြိမ်းချမ်းရေးရရှိဖို့ဆိုလို့ရှိရင် ပြည်တွင်းစစ်ပြဿနာ နိုင်ငံရေးပြဿနာဖြစ်တဲ့ နိုင်ငံရေးနည်းနဲ့ ဖြေ ရှင်းပါ။ စစ်ရေးနဲ့ဖြေရှင်းလို့မရတဲ့အကြောင်းပေါ့။ အခုဟာပင်လုံညီလာခံလဲကျင်းပနေချိန်ခါဖြစ်တယ်။ ဖက်ဒရယ်ပြည် ထောင်စုတည်ဆောက်ရေးဖြစ်ပါတယ်ဆိုတာ။ပုပ်ရဟန်းမင်းကြီးလာရောက်ခြင်းအားဖြင့် အားလုံးမျှော်လင့်နေတာ က တော့ ငြိမ်းချမ်းရေးအမြန်ရရှိမယ်လို့ မျှော်လင့်နေတယ်ဖြစ်တဲ့အတွက်ကြောင့် ပုပ်ရဟန်းမင်းကြီးတွေ့ဆုံတဲ့ နိုင်ငံခေါင်း ဆောင်တွေကိုလဲ ငြိမ်းချမ်းရေးကိစ္စဘဲအကြံဉာဏ်ပေးသွားဖို့ မေတ္တာရပ်ခံတဲ့ဆိုတဲ့အကြောင်းတွေပေါ့နော။"

ဒေါက်တာတူးဂျာဟာကက်သလစ်ဘာသာဝင် ကချင်တိုင်းရင်းသားများရဲ့ ကိုယ်စားလှယ်အနေနဲ့ စေလွှတ်ခြင်း ခံရ တာပါ။

ပုပ်ရဟန်းမင်းနဲ့တွေ့ဆုံမှုအချိန်နဲပါးပေမဲ့ ဒေါက်တာတူးဂျာအနေနဲ့ ကချင်ပြည်နယ်အတွင်းအခြေအနေတွေကို စာနဲ့ပါတင်ပြထားတယ်လို့သူကဆိုပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အနေနဲ့ မြန်မာနိုင်ငံကိုအလည်ပတ်ခရီးစဉ်အတွင်း မြန်မာနိုင်ငံခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးမှုပြုလုပ်ခဲ့သလို ဒီခရီးစဉ်ကြောင့်မြန်မာနိုင်ငံရေးအပြောင်းအလဲဖြစ်လာနိုင်လိမ့်မယ်လို့လဲ မျှော်လင့်ကြောင်း ကချင်ပြည်နယ်ဒီမိုကရေစီပါတီ (KSDP) ဥက္ကဋ္ဌ ဒေါက်တာတူးဂျာကပြောပါတယ်။

ဒါ့အပြင် ကချင်ဒေသအတွင်းတိုက်ပွဲတွေကြောင့်နေရပ်ကနေစွန့်ခွါထွက်ပြေးနေရတဲ့ IDPs တွေရဲ့ အိမ်ခြံလယ်ယာ မြေတွေ အများပိုင်မြေတွေကို ကုမ္ပဏီတွေ စီးပွားရေး လုပ်ငန်းရှင်တွေကနေ သိမ်းယူတာတွေ မလုပ်ဖို့ နိုဝင်ဘာ ၂၅ ရက်က ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဗဟိုကော်မတီကနေ ထုတ်ပြန်တဲ့အခြေအနေအကြောင်းကိုလဲ ပုပ်ရဟန်း မင်းကြီးကိုတင်ပြခဲ့တယ်လို့ ဒေါက်တာတူးဂျာကဆိုပါတယ်။

"အဓိကတော့ ဒီIDPsတွေက သူတို့ပြန်လို့မရလို့အဲဒီလိုနေနေတဲ့အချိန်မှာ သူတို့ရဲ့မူရင်းနေရာ နယ်မြေဒေသအသိမ်းခံရ တာတော့ရှိတယ်။ သူများသိမ်းယူသွားတာရှိတယ်။ နိုင်ငံတော်ခေါင်းဆောင်တွေနဲ့တွေ့ဆုံတဲ့အခါ အကြံညဏ်ပေးသွားဖို့ တင်ပြလိုက်တာပေါ့လေနော။ KIOထုတ်ပြန်တဲ့အတိုင်းပါဘဲ။ ဒါတကယ်လဲဖြစ်နေတာကိုး။"

ကချင်ပြည်နယ်အတွင်း KIOကချင်လွတ်လပ်ရေးအဖွဲ့နဲ့ မြန်မာ့တပ်မတော် တို့တကျော့ပြန်တိုက်ပွဲအတွင်း စစ်ဘေး ရှောင်ဒုက္ခသည် အရေအတွက်ဟာ (၁၂၀၀၀၀)ကျော်ရှိလာခဲ့သလို သူတို့ရဲ့မူလနေထိုင်တဲ့လယ်ယာခြံမြေတွေကို လုပ် ငန်းရှင်တွေကနေ နားလည်မှုနဲ့သိမ်းယူတာမျိုးတွေလဲဖြစ်လာနေတာပါ။

စစ်ဘေးရှောင်တွေရဲ့ မြေယာတွေနဲ့ အိမ်ယာတွေကိုနေရပ်ပြန်မလာခင် ဝင်ရောက် သိမ်းပိုက်ခြင်းမပြုဖို့ ကချင်လွတ်လပ် ရေးတပ်မတော် ကေအိုင်အိုကနေ နိုဝင်ဘာ(၂၅)ရက်စွဲနဲ့ကြေညာချက်ထုတ်ပြန်ထားပါတယ်။

လက်ရှိစစ်ဘေးရှောင်တွေရဲ့ မြေယာအသိမ်းဆည်းခံနေရတဲ့အခြေအနေနဲ့ပက်သက်လို့ ကချင်လူမှုဖွံ့ဖြိုးရေးအဖွဲ့က ကိုဆာဂျီးက အခုလိုပြောပါတယ်။

"စစ်ဘေးရှောင်ထွက်ပြေးတဲ့နေရာတွေမှာ မိုးမောက်မြို့နယ် ဝိုင်းမော်မြို့နယ် တာလောကြီးဧရာဝတီမြစ်အောက်ပိုင်း ပေါ့ နော်။ အဲဒီနေရာကထွက်ပြေးတဲ့နေရာမှာ အခု မည်သူကခွင့်ပြုတယ်ဆိုတာအတိအကျတော့မသိပေမဲ့ အဲဒီနေရာတွေမှာ အခု ငှက်ပျောစိုက်ခင်းတွေ ကုမ္ပဏီကို ချပေးတာတော့သိရတယ်။ ငှက်ပျောစိုက်ခင်းတော်တော်များများဒီဝိုင်းမော်မြို့နဲ့ ဗန်းမော်မြို့နယ်အကြား အခုထွက်ပြေးရတဲ့ ကားလမ်း လမ်းမတလျှောက်ပေါ့နော် အဲဒီနေရာမှာ ဒီ ကုမ္ပဏီကို အငှါးချပေး တဲ့ပုံစံနဲ့သိရှိရတယ်။ စစ်ပြေးတဲ့နေရာမှာ တချို့အိမ်မှာ ပိုင်ရှင်နေရာမှာ ပိုင်ရှင်မဟုတ်တဲ့တခြားသူစိမ်းတွေသွားယူပြီးမှ လုပ်ကိုင်စားသောက်တဲ့ အပိုင်းတွေရှိတယ်။ သွားရောက်နေရာယူ ခိုလှုံနေတဲ့အပိုင်းတွေလဲတွေ့ရှိရတယ်။"

စစ်ဘေးရှောင်တွေရဲ့ မူလနေရပ်အတွင်း ကုမ္ပဏီအဖွဲ့အစည်းတွေရဲ့ ဧကသောင်းနဲ့ချီတဲ့ စိုက်ခင်းတွေလည်း အခုနောက် ပိုင်းနှစ်တွေအတွင်း ပေါ်ပေါက်လာနေတယ်လို့ ကချင်အရပ်ဘက်အဖွဲ့အစည်းတာဝန်ရှိသူတွေကပြောပါတယ်။

မြန်မာ့တပ်မတော်နဲ့ KIOကချင်လွတ်လပ်ရေးအဖွဲ့အကြား ပဋိပက္ခတွေဖြစ်ပွားနေတဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ အရေအတွက် ၁ သိန်းကျော်ရှိတဲ့ စစ်ဘေးရှောင်တွေဟာ နေရပ်ရင်းကိုမပြန်နိုင်သေးသလိုစစ်ဘေး ရှောင်စခန်းတွေမှာ သောင်တင်နေဆဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG