သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်ဖြူ ရေနက်စီမံကိန်း တရုတ်-မြန်မာသဘောတူလက်မှတ်ထိုး


ကျောက်ဖြူ ရေနက်စီမံကိန်း တရုတ်-မြန်မာသဘောတူလက်မှတ်ထိုး (MOI)
ကျောက်ဖြူ ရေနက်စီမံကိန်း တရုတ်-မြန်မာသဘောတူလက်မှတ်ထိုး (MOI)

ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက် ဆိပ်ကမ်း စီမံကိန်း တည်ဆောက်ရေး မူဘောင် သဘောတူညီချက်ကို ဒီကနေ့ နေပြည်တော်မှာ မြန်မာနဲ့ တရုတ်ကြား လက်မှတ်ရေးထိုး ခဲ့ကြပါတယ်။ တရုတ်ရဲ့ အကြွေးပိပြီး လုပ်ငန်းကြီး တခုလုံး ထိုးအပ်လိုက်ရမယ့် အရေး စိုးရိမ်ချက်တွေကြောင့် စီမံကိန်း အရွယ်အစားကို အကြီးအကျယ် လျှော့ချလိုက်ပြီး မြန်မာဘက်က ရင်းနှီးမြှုပ်နှံမှုကို မူလထက် ၂ ဆ တိုးနိုင်ဖို့ နှစ်နဲ့ချီ ညှိနှိုင်းခဲ့ကြပြီးနောက်မှာ အခုလို လက်မှတ်ရေးထိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။ မသိဂီ ၤထိုက် စုစည်းတင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ် ကျောက်ဖြူရေနက် ဆိပ်ကမ်း စီမံကိန်းကို ဒေါ်လာ သန်း ၁၃၀၀ လောက်နဲ့ ပမဆုံး စပြီး ရင်းနှီးမြှုပ်နှံ အကောင်အထည်ဖော်မယ့် မူဘောင် တရပ်ကို ဒီကနေ့ ကြာသပတေးနေ့ နေပြည်တော်မှာ မြန်မာ အစိုးရနဲ့ တရုတ်နိုင်ငံပိုင် CITIC Group ကြား သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်ထူးက ကျောက်ဖြူ ရေနက် ဆိပ်ကမ်း စီမံကိန်း ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး ဒီကနေ့ သတင်းထောက်တွေကို အခုလို ပြောပါတယ်။

"အဓိက ၂ ချက်ပဲ ၁ ချက်ကတော့ ၁၅ ရာခိုင်နှုန်းကနေမှ ၃၀ ရာခိုင်နှုန်းဖြတ်တာတွေ၊ နောက်တခုကတော့ အရင်တုန်းက ၇ ဘီလီယံဆောက်မယ်ဆိုတာကနေမှ အဆင့် ၄ ဆင့်နဲ့ ခွဲပြီးဆောက်မယ် ဒါပဲ။

မေး။ ။ ဆိုတော့ ဒီ ၇ ဘီလီယံကတော့ ဆက်ရှိနေမှာပေါ့နော်။

ဖြေ။ ။ လုပ်သွားရင်တော့ စုစုပေါင်း Project ပြီးတဲ့ကာလဆိုရင်တော့ နှစ် ၂၀ ၊ ၃၀ ဆိုရင်တော့ အဲဒါက ၇ ဘီလီယံဖြစ်သွားမှာပဲ။"

၂၀၁၅ ခုနှစ် သမ္မတ ဦးသိန်းစိန် လက်ထက်က စတင်ခဲ့တဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း အရတော့ ရင်းနှီးမြှုပ်နှံမှုကို ဒေါ်လာ သန်း ၇ ထောင်နဲ့ စဖို့ ဖြစ်ပြီး မြန်မာဘက်က ၁၅ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံပြီး တရုတ်ဘက်က ၈၅ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံဖို့ သဘောတူခဲ့ကြတာပါ။ ဒီသဘောတူညီချက်ကို တကယ်တန်း လက်တွေ့ အကောင်အထည် ဖော်တဲ့ အချိန်မှာ တရုတ်ရဲ့ အကြွေးပိပြီး အခက်တွေ့မယ့် အပေါ် စိုးရိမ်ချက်ကြောင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ အစိုးရလက်ထက်မှာ သဘောတူညီချက်ကို ပြန်ပြီး ညှိနှိုင်းခဲ့တာပါ။

စီမံကိန်း အရွယ်အစားကို ဒေါ်လာ သန်း ၇ ထောင်နဲ့ စမယ့် အစား အခု နောက်ဆုံး ဒေါ်လာ သန်း ၁၃၀၀ နဲ့ စမှာ ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုမှာလည်း မြန်မာဘက်က အရင် သဘောတူညီချက် အရ ၁၅ ရာခိုင်နှုန်းဘဲ ရခဲ့ရာကနေ အခု ၃၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံမှုကို ရမှာ ဖြစ်ပါတယ်။ ဒီလို အရွယ်အစားလျှော့ချလိုက်တာကြောင့် တရုတ်ရဲ့ အကြွေးပိမယ့် အရေးကနေ ရှောင်လွှဲနိုင်တာ ဖြစ်တယ်လို့လည်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်ထူးက သတင်းထောက်တွေကို ပြောဆိုသွားပါတယ်။

"အခုလည်း အရစ်ကျလုပ်သွားမယ်ဆိုရင် ကျနော်တို့ထပ်ချေးစရာမလိုဘူး။ ဒီ ၇ ဘီလီယံ project ကိုလုပ်လိုက်မယ်ဆိုရင်တော့ ကျနော်တို့က ချေးရမယ် ချေးတဲ့အခါမှာ အကြွေးထောင်ချောက်ဆိုတာအဲဒါပဲ အတိုးပေးရမယ် အဲဒီအတိုးကို အချိန်မှီမပေးနိုင်ရင် စာချုပ်အရ ကျနော်တို့ရတဲ့ ပိုင်ဆိုင်မှုရာခိုင်နှုန်း တဖြေးဖြေးလျော့သွားမယ် ။ sri lanka မှာဖြစ်တာ အဲဒါပဲ သူက ပိုက်ဆံတွေချေးထားတယ်။ သူတို့ကလည်း လောဘကြီးတာကို လောဘကြီးတဲ့အခါကျတော့ အချို့အပိုကိုယူထားတယ် ထည့်ရမယ့်ပိုက်ဆံများတယ်။ အဲဒီမှာ အတိုးတွေက တက်လာရော တက်လာတဲ့အခါတော့ တဖြေးဖြေးနဲ့ အတိုးမပေးနိုင်တဲ့အခါကျတော့ အဲဒီသူ့ပိုင်ဆိုင်မှုကို ရာခိုင်နှုန်းနဲ့ ပေးလိုက်တာ နောက်ဆုံးကျတော့ sri lanka အစိုးရမှာ ဘာမှ မကျန်တော့ဘူးဆိုတော့ အဲဒါကို ထိုးအပ်လိုက်ရတဲ့အဆင့်ဖြစ်သွားတယ်။"

ကျောက်ဖြူ ရေနက် စီမံကိန်း တည်ဆောက်ရေးမှာ အခုလက်ရှိ သဘောတူညီချက် အရတော့ မြန်မာဘက်က ထည့်ဝင်မယ့် ရင်းနှီးမြှုပ်နှံမှု ၃၀ ရာခိုင်နှုန်းမှာ အစိုးရက ၁၅ ရာခိုင်နှုန်းနဲ့ ပုဂ္ဂလိကဘက်က ၁၅ ရာခိုင်နှုန်း ထည့်ဝင်ကြမှာ ဖြစ်ပါတယ်။ ရေနက် စီမံကိန်းကို တည်ဆောက်ရေး အတွက် ပတ်ဝန်းကျင် ထိခိုက်နိုင်ခြေတွေကို တွက်ချက်ဆန်းစစ်ဖို့ ၂ နှစ်ခန့် အချိန်ယူရနိုင်ပြီး ဒီနောက်မှာမှ လုပ်ငန်းတွေ စတင်နိုင်မယ့် အနေအထား ဖြစ်ပါတယ်။ ကျောက်ဖြူရေနက် ဆိပ်ကမ်း စီမံကိန်း မြေနေရာ အတွက် ဒေသခံတွေကို လျော်ကြေးပေးထားပြီး ဖြစ်ကြောင်းနဲ့ ဒေသခံတွေ အတွက် အလုပ်အကိုင် ဖန်တီးပေးနိုင်ဖို့လည်း မြန်မာ အာဏာပိုင်တို့ မျှော်လင့်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG