သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်ဖြူဒေသ ရခိုင်-ကမန် ပြန်လည်ရင်းနှီးချစ်ခင်ရေး အလားအလာ


ကျောက်ဖြူရှိ ဒုက္ခသည်များ
ကျောက်ဖြူရှိ ဒုက္ခသည်များ

(Zawgyi/Unicode)

ရခိုင်ပြည်နယ်က ကျောက်ဖြူဒေသခံ ကမန်မူဆလင်တွေဟာ ဒုက္ခသည်စခန်းမှာ သီးခြား နေထိုင်ကြနေရဆဲဖြစ်ပေမဲ့ ဗုဒ္ဓဘာသာဝင် ရခိုင်တွေနဲ့ ခင်မင်ရင်းနှီးမှု ပြန်လည်ထွန်းကားဖို့ မျှော်လင့်နေကြပါတယ်။

အတူ ရောနှောနေထိုင်ရင် ပဋိပက္ခတွေ ပြန်လည်ဖြစ်လာလေမလား ဆိုတဲ့ စိုးရိမ်မှုတချို့ ကျန်ရှိနေဆဲဖြစ်ပေမဲ့ နှစ်ဘက်စလုံးက ဒီလိုပေါင်းစည်းရေးကို လိုလားနေကြတာပါ။ AFP သတင်းတပုဒ်ပေါ် အခြေခံပြီး ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။

ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးတဦးကို အဓမ္မပြုကျင့်ခဲ့တယ်ဆိုတဲ့ ကောလဟလသတင်းက ၂၀၁၂ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မှာ ပျံ့နှံ့ခဲ့ပြီးနောက် ဘာသာမတူတဲ့ ဒေသခံတွေကြား ပဋိပက္ခအကြီးအကျယ် ဖြစ်ခဲ့တဲ့နောက်ပိုင်းမှာ ကျောက်ဖြူမြို့က လူမှု အသိုင်းအဝိုင်းကြား ယုံကြည်မှုကင်းမဲ့ပြီး တင်းမာမှုတွေ ရှိလာခဲ့ပါတယ်။

ဒီလို ပဋိပက္ခတွေမဖြစ်ခင် တချိန်က ကျောက်ဖြူမြို့မှာ ဗုဒ္ဓဘာသာနဲ့ မူဆလင်တွေကြား ခင်မင်ရင်းနှီးစွာ နေလာခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သူ့ကိုယ်သူ ကိုထူးမောင်လို့ အမည်ပြောင်းထားတဲ့ ကျောက်ဖြူမြို့ခံ မူဆလင်အမျိုးသားတဦးကတော့ သူနဲ့အိမ်နီးချင်းဖြစ်ခဲ့ကြတဲ့ ဗုဒ္ဓဘာသာ မိတ်ဆွေတွေအိမ်ကို နေ့ခင်းပိုင်းမှာ လာရောက်လည်ပတ်ပြီး ညမထွက်ရအမိန့် အချိန်မပြည့်ခင် သူတို့ မူဆလင်တွေကိုထားတဲ့ ကျောက်ဖြူဒုက္ခသည်စခန်းထဲ အရောက်ပြန်ကြရတယ်လို့ ဆိုပါတယ်။

ဒီလိုအခြေအနေမျိုး ဖြစ်လာမယ်လို့ မထင်ခဲ့မိကြောင်း ကိုထူးမောင်က ပြောပါတယ်။

“ တွေးရင်းနဲ့ ဝမ်းနည်းမိတယ် ။ ဒီလိုအခြေအနေမျိုး ဖြစ်သွားမယ်လို့ တွေးတောင်မတွေးမိဘူး။ အရင်တုန်းကဆိုရင် ဒီနေရာတွေက တော်တော်ကို သာသာယာယာနေခဲ့တဲ့ နေရာတွေလေ။”

ရခိုင်ပဋိပက္ခ စဖြစ်ခဲ့ချိန်ကစပြီး မူဆလင်တွေဟာ ဒုက္ခသည်စခန်းထဲ နေလာရတာ အခုဆို (၇)နှစ်လောက်ရှိလာပြီ ဖြစ်ပါတယ်။

ပဋိပက္ခဖြစ်ခဲ့ချိန်တုန်းက ဒေါသထွက်နေကြတဲ့ ဒေသခံလူထုဟာ ရဲတွေနဲ့အတူ မူဆလင်အိမ်တွေကို ဝိုင်းပြီး ဖျက်ဆီးခဲ့ကြတာပါ။ ဒီအဖြစ်အပျက်အတွင်း လူ(၂၀၀)လောက် သေဆုံးခဲ့ရပြီး၊ ထောင်ချီတဲ့ ဒေသခံတွေ အိုးအိမ်စွန့် ထွက်ပြေးခဲ့ရပါတယ်။ ကျောက်ဖြူမြို့မှာ ဖျက်ဆီးခံရတဲ့ အခြေအနေကို ဒေါ်စောပုချေက ရှင်းပြပါတယ်။

“ဘာမှမရှိတော့ဘူး ဒါတွေ ၊ အကုန်ပြိုကျကုန်ပြီလေ ၊ လုံး၀ လုပ်လို့မရတော့ဘူး ဒါတွေ လူတက်လို့ မရတော့ဘူး။”

၂၀၁၇ ခုနှစ်ရောက်တဲ့အခါ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာမူဆလင်တွေ တဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်သွားကြတဲ့ အခြေနေအထိ ဖြစ်လာခဲ့တယ်လို့ သုံးသပ်ကြပါတယ်။

ဘာသာစွဲ လူမျိုးစွဲတွေ နက်နက်ရှိုင်းရှိုင်း ဆက်ဖြစ်နေမှာကို ဒေသခံ အများစု စိုးရိမ်နေကြပြီး၊ လူမှုအသိုင်းဝိုင်းနှစ်ခုကို ဇွတ်အတင်း ပြန်လည် ပေါင်းစပ်မယ်ဆိုရင် မတည်ငြိမ်မှု အသစ်တွေ ပြန်ဖြစ်လာနိုင်တယ်လို့ သတိပေးမှုတွေရှိပါတယ်။

ဒါပေမဲ့ ကျောက်ဖြူက မူဆလင်တချို့ကတော့ အရင်ကခင်မင်ခဲ့တဲ့ ဗုဒ္ဓဘာသာမိတ်ဆွေတွေကို သတိထား ဆက်ဆံနေပြီး၊ လူ့အသိုင်းဝိုင်းနှစ်ခုကြား အရင်ကရှိခဲ့တဲ့ ချစ်ခင်ရင်းနှီးမှုတွေ လုံးဝ ကွယ်ပျောက်သွားနိုင်မှာ မဟုတ်ဘူးဆိုတဲ့ မျှော်လင့်ချက်တွေ ဆက်ရှိနေဆဲဖြစ်တယ်လို့ ဒေသခံမူဆလင် ကိုထူးမောင်က ပြောပါတယ်။

“ ရွာခံတွေကို ကြည့်ပြီးတော့ ဝင်ရမယ်ဆိုတာ ကျနော်တို့ ကြိမ်းသေပေါက် ပြောနိုင်တယ်။ ရွာခံတွေကတော့ ကျနော်တို့ကို အမြဲကြိုဆိုနေတယ်။”

ကျောက်ဖြူမြို့နယ် လွှတ်တော်အမတ် ဦးကျော်သန်းကတော့ ကျောက်ဖြူမြို့မှာ အရင်ရှိပြီးသား မူဆလင်တွေ ပြန်လည်အခြေချလာနိုင်ဖို့ကို ကြိုဆိုလိုက်ပြီး၊ အစိုးရရဲ့ ခွင်ပြုမိန့်တော့ လိုအပ်ကြောင်း ပြောပါတယ်။

“ဒီလူူတွေကို camp ထဲမှာ ထားလို့ ဖြစ်ပါ့မလား။ တယောက်တည်းရဲ့ ဆန္ဒအရတော့ မဖြစ်သင့်ဘူးလို့ ဦးကတော့ အဲလိုမြင်တယ်။ ပြေလည်အောင်လုပ်ပေးရမှာက အစိုးရတာဝန်။ ဒီ ကိုယ့်နိုင်ငံသား မဟုတ်တဲ့လူ မရှိဘူးလို့ အန်ကယ့်အနေနဲ့ ပြောချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာ နေလာတဲ့လူတွေလေ ။”

ကျောက်ဖြူမြို့မှာက ဒေသခံမူဆလင်တွေအပြင်၊ ကမန် မူဆလင်တွေလည်း နေထိုင်ကြတာပါ။ ရခိုင်မှာ ပဋိပက္ခ ဖြစ်လာပြီးနောက် ကမန် အပါအဝင် ဒေသခံမူဆလင်တွေကို အာဏာပိုင်တွေက ဒုက္ခသည်စခန်းထဲ ပို့လိုက်ကြပါတယ်။ သူတို့တွေကတော့ ရိုဟင်ဂျာဆိုသူတွေနဲ့ ကွာခြားချက်ရှိပြီး ဗုဒ္ဓဘာသာအများစုရှိတဲ့ မြန်မာနိုင်ငံမှာ ကမန်မူဆလင်တွေကို လူနည်းစု လူမျိုးစုအဖြစ်နဲ့ တရားဝင် အသိမှတ်ပြုထား ပြီးသား ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်တွင်း တိုက်ခိုက်မှုတွေ ဖြစ်မလာခင်တုန်းက ဒေသခံမူဆလင် ကမန်တွေဟာ ကျောင်းဆရာ၊ ရှေ့နေ၊ တရားသူကြီး စတဲ့ အလုပ်တွေအပြင် တံငါသည်၊ နွားလှည်းနဲ့ ပစ္စည်းသယ်ပို့သူတွေအဖြစ် လုပ်ကိုင်ခဲ့ကြပါတယ်။

ကျောက်ဖြူမြို့ခံတွေက သူတို့ရဲ့ဒေသခံ မူဆလင်တွေအပေါ် သံယောဇဉ်စိတ်ရှိကြပေမဲ့ ရခိုင်မြောက်ပိုင်းက ရိုဟင်ဂျာဆိုသူတွေကိုတော့ အပြင်က ဝင်ရောက်လာသူတွေအဖြစ် လက်မခံနိုင်ကြပါဘူး။ မြန်မာအစိုးရကလည်း ရိုဟင်ဂျာဆိုတာကို လက်မခံ ပယ်ချထားပြီး ရခိုင်ကနေ ဘင်္ဂလားဒေ့ရှ်ဘ်က ထွက်သွားသူတွေ ပြန်လာရေးကိစ္စကိုတော့ ပြင်ဆင်လုပ်ဆောင်နေကြောင်း ပြောထားပါတယ်။

ရခိုင်ပြည်နယ်တဝှမ်း ဖွင့်လှစ်ထားတဲ့ ဒုက္ခသည်စခန်းတွေမှာ မူဆလင်ဒုက္ခသည် (၁၃၀,၀၀၀)လောက်ရှိပြီး အဲဒီထဲမှာ ရိုဟင်ဂျာတွေအများစု ပါဝင်ပါတယ်။ အဲဒီထဲက ထောင်ဂဏန်းဟာ ရခိုင်က ကျေးရွာတချို့မှာ ဆက်လက်နေထိုင်ဆဲဖြစ်ပြီး လွတ်လပ်စွာ သွားလာခွင့်မရှိသလို၊ ပညာ သင်ကြားခွင့်မရတာ၊ ကျန်းမာရေး စောင့်ရှောက်မှု မရရှိတာ၊ အလုပ်လုပ်ခွင့် မရတာတွေ ဖြစ်နေတဲ့အတွက် ဒါဟာ လက်ခံနိုင်စရာမရှိတဲ့ ရာဇဝတ်မှုဖြစ်တယ်လို့ AI ခေါ် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ကြေညာချက် ထုတ်ပြန် ရှုတ်ချခဲ့ပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာမူဆလင်တွေကို ထုတ်ပေးတဲ့ NVC နိုင်ငံသားခံယူဖို့စိစစ်ခွင့် ကဒ်ပြားဟာလည်း မူဆလင်တွေအပေါ် အထူးသဖြင့် ရိုဟင်ဂျာ တွေကို လှည့်စားမှုတခုသာ ဖြစ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြစ်တင်ထားပါတယ်။ လူအနည်းငယ်သာ မှတ်ပုံတင်ရရှိကြတယ်လို့ ဆိုပါတယ်။ ရခိုင်အရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာရဲ့ ဖိအားတွေကြောင့် ရခိုင်ပြည်နယ်ထဲက ဒုက္ခသည်စခန်းတွေ ပိတ်သိမ်းမယ်လို့ မြန်မာအစိုးရက ကြေညာခဲ့ပေမယ့် စခန်းထဲကလူတွေ အခုချိန်ထိ အိမ်ပြန်ခွင့် မရကြသေးပဲဖြစ်နေပါတယ်။ ဒေသတွင်းမှာ လူမျိုးရေးအရ ဒီလိုခွဲခြားဆက်ဆံမှု ဆက်ရှိနေမှာကို ကုလသမဂ္ဂနဲ့ NGO အဖွဲ့အစည်းတွေက စိုးရိမ်နေကြပြီး၊ ရခိုင်ပြည်နယ်က မူဆလင်တွေကို လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့် ပေးဖို့ကိုလည်း သူတို့က တောင်းဆိုနေကြပါတယ်။

တိုက်ရိုက် လင့်ခ်


.......................


(Unicode)




















XS
SM
MD
LG