သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်တန်းရွာသားများ သေဆုံးမှုဖြစ်စဉ် လူ့အခွင့်အရေးကော်မရှင် စုံစမ်းပြီး အစီရင်ခံစာပို့


ထိခိုက်ဒဏ်ရာရတဲ့ ကျောက်တန်းရွာသားတွေကို စစ်တွေဆေးရုံသို့ ပို့ဆောင်စဉ် (မေလ ၂ ရက်နေ့ ၂၀၁၉)
ထိခိုက်ဒဏ်ရာရတဲ့ ကျောက်တန်းရွာသားတွေကို စစ်တွေဆေးရုံသို့ ပို့ဆောင်စဉ် (မေလ ၂ ရက်နေ့ ၂၀၁၉)

ရသေ့တောင်မြို့နယ်၊ ကျောက်တန်းရွာသားတွေကို တပ်မတော်ဘက်က ဖမ်းဆီး စစ်ဆေးနေချိန်အတွင်း ပစ်ခတ်မှုဖြစ်ပြီး ရွာသား ၇ ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်အပေါ် ကွင်းဆင်း စုံစမ်းခဲ့တဲ့ လူ့အခွင့်အရေးကော်မရှင်က သူတို့တွေ့ရှိချက်တွေကို အစီရင်ခံစာရေးပြီး သက်ဆိုင်ရာ အစိုးရဌာနတွေကို ပို့လိုက်ပြီလို့ ပြောပါတယ်။ တွေ့ရှိချက်အသေးစိတ်ကို ထုတ်မပြောဘဲ မကြာခင် တရားဝင် ထုတ်ပြန်မယ်လို့ပဲပြောပါတယ်။ ကော်မရှင်က တွေ့ဆုံမေးမြန်းချိန်အတွင်း လွတ်လွတ်လပ်လပ် ပြောခွင့်ရတယ်လို့ ဒေသခံတွေက ပြောပေမယ့် အခြေအနေမှန်ကို ဘယ်လောက်ဖော်ပြနိုင်သလဲဆိုတာကိုတော့ စောင့်ကြည့်ရမယ်လို့ ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။

ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ AA နဲ့ ပတ်သက်တယ်ဆိုတဲ့ သံသယနဲ့ မေလ အစောပိုင်းက ရသေ့တောင်မြို့နယ် ကျောက်တန်းရွာသားတွေကို တပ်မတော်ဘက်က ဖမ်းဆီး စစ်ဆေးမှုနေချိန်အတွင်း ပစ်ခတ်မှုဖြစ်တာပါ။ ရွာသား ၃၀၀ နီးပါးကို စစ်တပ်က ဖမ်းထားစဉ်အတွင်း ညပိုင်း ပစ်ခတ်မှုတွေဖြစ်လို့ လူ ၆ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာ ရခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သတ်လို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ပြီးခဲ့တဲ့ မေလကုန်ခါနီး မှာ ၃ရက်ကြာ မြေပြင်ကွင်းဆင်းစစ်ဆေးမှုတွေ လုပ်ခဲ့တယ်လို့ အဲဒီအဖွဲ့ဝင် ဦးယုလွင်အောင်ကပြောပါတယ်။

"စစ်တွေမြို့က အချုပ်ထဲမှာ သံသရရှိတဲ့သူဆိုပြီး ဖမ်းထားတဲ့ ကျောက်တန်းရွာသား ၈ ယောက်နဲ့တွေ့ပါတယ်။ ဖြစ်စဉ်ရဲ့ အခြေအနေတွေ သူတို့ကို မေးတယ်ပေါ့။ နောက်ရသေ့တောင်ကနေ ကျောက်တန်းကို သွားပါတယ်။ သွားပြီး ဖြစ်ပွားခဲ့တဲ့ စာသင်ကျောင်း ကိုသွားလေ့လာခဲ့တယ်။ ရွာကလူတွေ ခေါ်ပြီးတော့မေးတယ်။ အဲဒီမှာ ကာယကံရှင်တွေ၊ စစ်တွေမှ အချုပ်ကျနေတဲ့မိသားစုဝင်တွေ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေ၊ အခင်းဖြစ်တဲ့ချိန်က လုံခြုံရေး ယူတဲ့ တပ်ရင်းမှူးတို့ အရာရှိတွေ၊ တပ်သားတွေ ၊ ကင်းသမားတွေ ၊ ရဲဌာနကလူတွေနဲ့တွေ့တယ်။ တကယ်အလုပ်လုပ်ဖြစ်တာက ၂၈ကနေ ၃၀ထိပေါ့။ ဒီတွေ့ရှိချက်တွေကို သုံးသပ်ချက်တွေရေးပြီး ဒီကနေ့ သမ္မတရုံးကိုတင်တယ်။ နောက်ပြီး သက်ဆိုင်ရာ ကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်ထဲရေးတို့ကို လည်းပေးပို့တယ်”

အခင်းဖြစ်စဉ်အတွင်း လူ့အခွင့်အရေးချိုးဖောက်တဲ့လုပ်ရပ်မျိုး ရှိမရှိ ဒီစုံစမ်းစစ်ဆေးတာကနေ သိခဲ့ရသလားဆိုတဲ့ မေးခွန်းကို တော့ ဦးယုလွင်အောင်က ဖြေဖို့ငြင်းဆန်ပြီး မကြာခင်မှာ တရားဝင်ထုတ်ပြန်မယ်လို့ပဲ ပြောပါတယ်။

လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်တွေထဲမှာ တပ်မတော်အရာရှိဟောင်းတွေ ပါဝင်နေတာကြောင့် ဝေဖန်ပြောဆို တာတွေ ရှိထားပြီး အခုလိုမျိုး တပ်မတော်ပါဝင်ပတ်သက်တဲ့ ဖြစ်စဉ်မျိုးကို ကော်မရှင်က ဘယ်လောက်ထိ လွတ်လွတ်လပ်လပ် စစ်ဆေး ခွင့်ရမရ၊ စုံစမ်းစစ်ဆေးမှုကို တပ်မတော်ဘက်က လွှမ်းမိုးဖို့ကြိုးစားတာမျိုး ရှိသလားဆိုတဲ့မေးခွန်းတွေလည်း ထွက်ထားပါတယ်။ ဒီအပေါ်မှာ ဦးယုလွင်အောင်ရဲ့ တုန့်ပြန်ချက်က

“ ဖြစ်နေတဲ့ အခြေအနေမှန်ကို လေ့လာနိုင်ခဲ့တယ်။ လေ့လာတယ်ဆိုတာက CID တို့လိုတော့ စစ်စစ်ပေါက်ပေါက် စစ်ဖို့တော့အချိန်မရဘူး။ ကျနော်တို့ကတော့ ၂ ဘက်ထွက် ဆိုချက်တွေ နားထောင်တာမှာ ကွဲလွဲချက်တွေရှိတယ်။ ကျနော်တို့က ဘယ်သူ့သြဇာလွှမ်းမိုးမှုအောက်မှာမှ မရှိပါဘူး။ လွတ်လွတ်လပ်လပ် ကျနော်တို့ လုပ်လို့ရပါတယ် ပြောလို့ရပါတယ်”

ဒီပစ်ခတ်မှုနဲ့ ပတ်သတ်လို့ တပ်မတော်ဘက်က ထုတ်ပြန်ထားတာကတော့ ရွာသားတွေကို ဖမ်းထားစဉ် လူအုပ်နဲ့ထွက်ပြေးဖို့ ကြိုးစားလို့ ပစ်ခတ်ရတယ်လို့ ပြောထားပါတယ်။ အဲဒီမှာ ဖမ်းထားတဲ့ ရွာသားအတော်များများကို ပြန်လွှတ်ပေးခဲ့ပြီး ၈ ဦးကိုတော့ AA နဲ့ ပတ်သက်တယ်ဆိုတဲ့ သံသယနဲ့ တရားစွဲကာ လက်ရှိမှာ စစ်တွေထောင်မှာ ဖမ်းထားတာဖြစ်ပါတယ်။

လူ့အခွင့်အရေးကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးမှုကို အာဏာပိုင်တွေဘက်က တားဆီးပိတ်ပင်မှုမရှိတာကြောင့် လွတ်လပ်စွာ ပြောဆိုခွင့်ရပေမယ့် ရလဒ်က ဘယ်လောက်ထိ မြေပြင်အခြေအနေမှန်ကို ဖော်ပြနိုင်မလဲဆိုတာကတော့ စောင့်ကြည့်ရမှာဖြစ်တယ်လို့ကျောက်တန်းရွာ ဒေသခံ ဦးတင်လှိုင်က ဗွီအိုအေကိုပြောပြပါတယ်။

“ရွာကအချုပ်ခံရတဲ့ မိသားစုတွေ ၊ သေသွားတဲ့မိသားစုတွေ ၊ ကျည်ထိတဲ့မိသားစုတွေကို ရသေ့တောင်ကို ခေါ်ပြီးတော့ သူတို့နဲ့ ဆွေးနွေးဖြစ်တယ်လို့ ကြားပါတယ်။ အဲလိုမျိုး ပိတ်ပင်တာတွေ ဘာတွေတော့မရှိပါဘူး။ ကျနော်တို့ကတော့ သူတို့ဘာလုပ်မလဲဆိုတာမှန်းလို့တော့မရဘူးဖြစ် နေပါတယ်ဗျ”

အဲဒီဖြစ်ရပ်အပေါ် တပ်မတော်ဘက်ကလည်း သီးခြားအဖွဲ့ဖွဲ့ပြီး စုံစမ်းစစ်ဆေးနေပါတယ်။ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၊ ကျောက်တန်းရွာမှာ ရခိုင့်တပ်မတော် AA နဲ့ ပတ်သက်နေတယ်ဆိုတဲ့ သံသယနဲ့ ရခိုင်အမျိုးသားနဲ့ လူငယ်တွေကို ဆက်ပြီး ဖမ်းဆီးထားတဲ့အပေါ် စိုးရိမ်ကြောင်းနဲ့ ထိန်းသိမ်းထားစဉ် စစ်တပ်က ပစ်ခတ်တာကြောင့် လူသေဆုံးတဲ့ဖြစ်စဉ်ကို လွတ်လပ်တဲ့ စုံစမ်းမှုတွေနဲ့ ဖော်ထုတ်ဖို့ ကုလသမဂ္ဂက တိုက်တွန်းထားပါတယ်။ လက်နက်ကိုင် ပဋိပက္ခအတွင်း အရပ်သားတွေကို အကာကွယ်ပေးဖို့လည်း ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်နာ မင်းကြီးရုံးက တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG