သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်တော်မြို့နယ် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ ထပ်မံနုတ်ထွက်


ကျောက်တော်အုပ်ချုပ်ရေးဦးစီးဌာန (သတင်းဓာတ်ပုံ - မောရမြီ ကျော်လှမြင့်)
ကျောက်တော်အုပ်ချုပ်ရေးဦးစီးဌာန (သတင်းဓာတ်ပုံ - မောရမြီ ကျော်လှမြင့်)

စစ်ရေးပဋိပက္ခ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ လုံခြုံရေး စိုးရိမ်မှုကြောင့် နောက်ထပ် အုပ်ချုပ်ရေးမှူး ၁၁ ဦး နုတ်ထွက်စာ တင်လိုက်ပါတယ်။ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေချိန်မှာပဲ အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်နေကြတဲ့အတွက် အခက်အခဲတွေ ကြုံနေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ မတည်မငြိမ် အခြေအနေတွေ ကြုံနေရတဲ့ ရခိုင်ပြည်နယ်က နောက်ဆုံး အခြေအနေတွေကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့ကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေချိန်မှာပဲ လုံခြုံရေး စိုးရိမ်မှုကြောင့် ဒေသခံ အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်နေကြတာပါ။ မနေ့တုန်းကလည်း ကျောက်တော်မြို့နယ်အတွင်း ကျောက်ဖြူကျေးရွာ၊ လမုတပင်၊ ရှောက်ချောင်း၊ သံထောင်၊ ဗိုလ်မင်း အစရှိတဲ့ ကျေးရွာ ၁၁ ရွာက အုပ်ကျေးအုပ်ချုပ်ရေးမှူးတွေ မြို့နယ်အုပ်ချုပ်ရေးမှူးရံုံးမှာ နုတ်ထွက်စာ တင်ခဲ့ကြကြောင်း ဗိုလ်မင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းက အခုလို ပြောပါတယ်။

“အုပ်ချုပ်ရေးမှူးတွေတော့ နုတ်ထွက်ထားပါတယ်။ မနေ့ကတော့ ၁၁ ယောက်ထိုးပြီးတော့ ထွက်ပါတယ်။ အဲတာတော့ အတည်မဖြစ်နိုင်သေးဘူး။ နောက် ၃ ရက်မှ သိရမှာပါ။ မြို့နယ်အုပ်ချုပ်ရေးမှူးကတော့ နောက် ၃ ရက်လောက် စောင့်ပေးပါလို့။ ၃ ရက်လောက်ပြီးရင်တော့ အဖြေပေးပါမယ်လို့ ပြောပါတယ်။”

ရပ်ကျေးအုပ်ချုပ်ရေးမှူးအပါအဝင် ရွာသားတွေကို ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ ဆက်နွယ်နေတယ်ဆိုတဲ့ သံသယနဲ့ တပ်မတော်ကနေ ဖမ်းဆီးမှု များလာတာကြောင့် စိုးရိမ်စိတ်တွေနဲ့ နုတ်ထွက်တာလို့လည်း ဦးထွန်းဝင်းက ပြောပါတယ်။

“မြို့နယ်အုပ်ချုပ်ရေးမှူးကို မတိုင်မကြားဘဲ ကျနော်တို့ကို ညအချိန်ကျတော့ တပ်တွေက ဝင်ပြီးတော့ ဖမ်းတယ်။ ဖမ်းဆီးတာကတော့ AA ဆက်သွယ်လို့ ဆက်သွယ်တယ်ဆိုပြီးတော့ ဖမ်းတယ်လို့ ပြောပါတယ်။ တကယ်အပြစ်ရှိ တယ်ဆိုရင်တော့ အချုပ်နဲ့ တန်တဲ့သူ အချုပ်ပို့ပေါ့။ ထောင်နဲ့ တန်တဲ့သူကို ထောင်ပို့ပေါ့။ အဲတာဆို ကျေနပ်ပါတယ်။ ဘယ်သူမှ မသိဘူး။ ညအချိန် လာဖမ်းတယ်။ ပြီးတော့ခေါ်ယူသွားတယ်။ အဲတာကိုကြောက်ပြီးတော့ အုပ်ချုပ်ရေးမှူးတွေက နုတ်ထွက်တာပါ။

ပြီးခဲ့တဲ့ဇွန်လဆန်းမှာလည်း ကျောက်တော်မြို့နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူး ၄၆ ဦးနုတ်ထွက်ခဲ့ပြီး အခုအခါ ဒုတိယ အကြိမ်နုတ်ထွက်တာလည်း ဖြစ်ပါတယ်။ လက်ရှိမှာ မနုတ်ထွက်တဲ့ အုပ်ချုပ်ရေးမှူး ၂၇ ဦး ကျန်ရှိနေပါတယ်။

ဒီလိုရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်ခဲ့တဲ့ အကျိုးဆက်အနေနဲ့ လယ်သမားတွေ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ယူရေးတာ အပါအဝင် အခက်အခဲတွေ ကြုံနေရတယ်လို့လည်း ကျောက်တော်ဒေသခံ ကိုကျော်လှမြင့်က ပြောပါတယ်။

“ကျောက်တော်မြို့နယ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်သွားတဲ့ ကျေးရွာတွေမှာ အုပ်ချုပ်ရေးမှူး စည်းတံဆိပ်တွေ လက်မှတ်တွေ မပါရင် စိုက်ပျိုးစရိတ်ချေးငွေတွေ ထုတ်မပေးဘူးဆိုပြီးတော့ စာချုပ်မှာပါတယ်။ အခုလက်တလော အုပ်ချုပ်ရေးမှူး ၄၇ ဦး နုတ်ထွက်ထားတယ်ပေါ့။ နုတ်ထွက်တော့တွေ တံဆိပ်တုံးတွေ အပ်ထားခဲ့တော့ သူတို့က တံဆိပ်ရိုက်လို့ မရဘူးလေ။ အဲတာနဲ့ လယ်တောင်သူတွေက အခက်ခဲဖြစ်နေတယ်ပေါ့။”

နုတ်ထွက်သွားတဲ့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေရဲ့ နေရာမှာ အစားထိုးရွေးချယ်နိုင်ဖို့ ဌာနဆိုင်ရာ အဖွဲ့တွေကနေ ကွင်းဆင်း ရွေးချယ်ဆောင်ရွက်ဆဲ အခြေအနေကြောင့် နေရာလစ်ဟာမှုနဲ့ ကြုံနေရတာပါ။

ရခိုင်ပြည်နယ်အတွင်းမှာ မြန်မာတပ်မတော်နဲ့ ရခိုင်တပ်တော် AA တို့အကြား တိုက်ပွဲ ပြင်းထန်လာနေတာနဲ့အမျှ AA အဖွဲ့ နဲ့ ဆက်နွယ်နေတယ်ဆိုပြီး မသင်္ကာမှုနဲ့ ဖမ်းဆီးခံရမှုတွေ များပြားလာနေလို့ အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်နေတာပါ။

မေလ ၁၅ ရက်နေ့က ကျောက်တော်မြို့နယ် ရွှေပြည်ကျေးရွာ ရာအိမ်မှူးဦးသိန်းစိုးအောင် မေလ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ် မင်းသားတောင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းကျော်နဲ့ ရွာသားတစ်ဦးဖြစ်သူ ဦကျန်းသိန်းအောင်တို့ကို မြန်မာစစ်တပ်ကနေ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

ဒီရက်ပိုင်းတွေမှာလဲ မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့ စစ်ရေးတင်းမာနေဆဲဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း မင်းပြားမြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင် အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကပြောပါတယ်။

“မင်းပြားဘက်မှာ ဒီနေ့ဖြစ်နေတယ်ဗျ။ မနက် ၇ နာရီ ၁၅ မိနစ်မှာ မင်းပြားမြို့နယ် ရွှေကျင်ကျေးရွာရဲ့ အရှေ့ဘက်တောင်တန်းပေါ် တိုက်ပွဲဖြစ်နေတာ ရှိတယ်။ မနေ့က ဇွန်လ ၁၇ ရက်နေ့မှာ ပလက်ဝမြို့နယ် အဘောင်သားရွာရဲ့ အနောက် မြောက်ဘက် ၄ ကီလိုမီတာအကွာ အဲဒီတောင်တန်းပေါ်မှာ နေ့လယ် ၁၂ နာရီကနေ ညနေ ၆ နာရီလောက် တိုက်ပွဲ ဖြစ်တာရှိတယ်။ ဗမာစစ်တပ်ဘက်ကနေပြီးတော့ အင်အား ၅၀၀ လောက် စစ်ကြောင်း ၃ ကြောင်းနဲ့နေပြီးတော့ အပြင်းအထန် ထိုးစစ်ဆင်တာ အဲဒီတောင်တန်းကို။ အဲဒီမှာရန်သူအလောင်း လေးလောင်းကျန်ခဲ့တာပေါ့။ နောက်ပြီးအဲဒီမှာ လက်နက်ငယ် တလက် သိမ်းဆီးရမိတာ ရှိတယ်။”

တပ်မတော်သတင်းမှန်ပြန်ကြားရေး အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ ပလက်ဝမြို့နယ်အတွင်းတိုက်ပွဲမှာ နှစ်ဘက် ထိခိုက်မှုရှိတယ်လို့ ဗွီအိုအေကိုပြောပါတယ်။

“မနေ့ကတော့ ပလက်ဝဘက်မှာ ဖြစ်ခဲ့တာရှိတယ်။ ပလက်ဝအနောက်ဘက်မှာတော့ ၅ မိုင်၊ ၆ မိုင်လောက် ဝေးတယ်။ အဲဒီမှာဖြစ်တာကရှိတယ်။ အဲဒီမှာတော့ ကျနော်တို့ နှစ်ဘက် ထိခိုက်ကျဆုံးမှု ရှိတယ်။”

မြန်မာစစ်တပ်နဲ့ AA အဖွဲ့တို့တိုက်ပွဲကြောင့် ရခိုင်ပြည်နယ်မှာ စစ်ရှောင်ဦးရေ ၄၆၀၀၀ ကျော်တိုးပွားနေသလို ချင်းပြည်နယ်အတွင်းမှာ စစ်ရှောင် ၃၀၀၀ နီးပါး ရှိနေပါတယ်။

ဒါ့အပြင် စစ်ရေးပဋိပက္ခအတွင်း AA အဖွဲ့နဲ့ ပတ်သက်နေတယ်ဆိုတဲ့ သံသယနဲ့ မြန်မာစစ်တပ်ကနေ ဒေသခံ ၇၀ ကျော် ကို ဖမ်းဆီးအရေးယူထားတယ်လို့ ရခိုင်လူမှုအဖွဲ့အစည်း တာဝန်ရှိသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG