သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်တော်မြို့နယ် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၅၀ နီးပါး နုတ်ထွက်စာတင်


(သတင်းဓါတ်ပံုံ- Courtesy: Kyaw Hla Myint)
(သတင်းဓါတ်ပံုံ- Courtesy: Kyaw Hla Myint)

စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ်မှာ လုံခြုံရေးစိုးရိမ်မှုတွေကြောင့် ရပ်ကျေး အုပ်ချုပ်ရေးမှူး ၅၀ နီးပါး နုတ်ထွက်စာ တင်လိုက်ကြပါတယ်။ မကြာသေးခင်တုန်းက ကျောက်တော်မြို့နယ်မှာ အုပ်ချုပ်ရေးမှူး တချို့ကို မြန်မာစစ်တပ်က ဖမ်းဆီး စစ်ဆေးမှုတွေ ကြုံခဲ့ရပြီးနောက်မှာပဲ စိုးရိမ်မှုတွေလည်း ပိုမိုကြီးထွားလာခဲ့တာပါ။ ရခိုင်ပြည်နယ်တွင်းက မတည်မငြိမ် အခြေအနေတွေနဲ့ ပတ်သက်လို့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်းက ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး ၄၆ ဦးဟာ လက်ရှိတာဝန်ကနေ နုတ်ထွက်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနကို မနေ့က နုတ်ထွက်စာနှင့်အတူ လက်မှတ် ရေးထိုးတင်ပြခဲ့တာပါ။

နုတ်ထွက်စာတင်ထားတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ ကျောက်တော်မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူးတို့ကနေ ဒီကနေ့ မွန်းလွဲပိုင်း အုပ်ချုပ်ရေးမှူးရုံးမှာ တွေ့ဆုံခဲ့ရာမှာ ဒီအခြေအနေကိုတော့ သင်္ဂနက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးလှရွှေက အခုလိုပြောပါတယ်။

“သူကတော့ မထွက်စေချင်ဘူးပေါ့။ ဒါပေမဲ့ ကျနော်တို့မှာလည်း တာဝန် ထမ်းဆောင်နေရင်းနဲ့ တာဝန်ခံမှုမရှိတဲ့ ဆိုတော့ ကျနော်တို့ ထွက်ရတာပေါ့။ အဲဒီလိုပြောတယ်။ ကျနော်တို့ထွက်တာနဲ့ သူတို့မှာလည်း ဒုတိယမဲ အများဆုံးရတဲ့သူကို သူတို့မှာ တင်ရမှာပဲလေ။ သူတို့အဲဒီလောက်ပဲ ပြောတယ်။ နုတ်ထွက်စာတင်တဲ့ဟာ ၄၆ ဦးပါ။”

ဒီတွေ့ဆုံမှုမှာ ကျေးရွာအတွင်းအုပ်ချုပ်ရေးမှူး ရွေးချယ် တင်မြောက်စဉ်က ဒုတိယမဲ အများဆုံးရတဲ့သူကို နုတ်ထွက်မယ့် အုပ်ချုပ်ရေးမှူးနေရာမှာ အစားထိုး ခန့်အပ်သွားမယ်လို့ ကျောက်တော်မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူးက ပြောဆိုတယ်လို့ သူကဆိုပါတယ်။

ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေ အစုပြုံလိုက်နုတ်ထွက်ရတဲ့ အခြေအနေကိုတော့ သင်္ဂနက်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ဦးလှရွှေက အခုလိုပြောပါတယ်။

“အဓိကကျနော်တို့ နုတ်ထွက်ရတဲ့အကြောင်းအရင်းကတော့ ဒီမင်းသားတောင် အုပ်ချုပ်ရေးမှူးရယ်၊ ဒီရွှေပြည်ရာ အိမ်မှူးရယ် အဲဒီသူတွေကို တပ်က ဖမ်းဆီးပြီး ချုပ်နှောင်ထားခဲ့ပါတယ်။ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ ကျနော်တို့ကို ကျနော်တို့ မလုံခြုံဖြစ်လာလို့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေ ကျနော်တို့ လိုလားတယ်။ ကျနော်တို့ နုတ်ထွက်စာ တင်ပြီးရင် အချက် လေး ချက် တောင်းဆိုတာဖြစ်တယ်။

ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေဟာ နုတ်ထွက်စာထဲမှာ အချက် လေး ချက်ကိုလည်း တင်ပြ တောင်းဆိုထားပါတယ်။ အဲဒီအချက်တွေကတော့ စစ်တပ်ကနေ ဖမ်းဆီးထားတဲ့ ရွှေပြည်ကျေးရွာ တာဝန်ခံနဲ့ မင်းသားတောင်အုပ်ချုပ်ရေးမှူးတို့ နှစ်ဦးကို ပြန်လွှတ်ပေးပြီး ကနဦး စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ စစ်ဆေးပြီးမှ အဖွဲ့ရဲ့ သုံးသပ်အကြံပြုချက်အရသာ ဆောင်ရွက်ပေးရေး တင်ပြတောင်းဆိုပေးဖို့။ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို မေးမြန်းစစ်ဆေးဖို့ အကြောင်းပေါ်လာရင် စစ်တပ်ကနေ တိုက်ရိုက်ဖမ်းဆီးတာမျိုး မလုပ်ဘဲ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကနေ ခေါ်ယူမေးမြန်းစစ်ဆေးရေး တင်ပြတောင်း ဆိုပေးဖို့။ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရဲ့ မေးမြန်းစစ်ဆေးချက်ကိုအခြေခံပြီး လိုအပ်ပါက ဆက်လက်စုံစမ်းစစ်ဆေးရေး အဖွဲ့နဲ့ စုံစမ်းစစ်ဆေးရေး တောင်းဆိုပေးဖို့။ စုံစမ်း စစ်ဆေးရေးအဖွဲ့ကို ရခိုင်ပြည်နယ်အစိုးရနဲ့ ပြည်နယ်လွှတ်တော်က နေတဆင့် သင့်တော်သလို ဆောင်ရွက်ဖွဲ့စည်းပေးရေးအတွက် တောင်းဆိုပေးဖို့ အချက်တွေကို တင်ပြထားပါတယ်။

အုပ်ချုပ်ရေးမှူးတွေရဲ့ တင်ပြတောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး ဘယ်လို ဆောင်ရွက်ပေးမလဲဆိုတာ ကျောက်တော်မြို့ နယ်ဒုတိယ အုပ်ချုပ်ရေးမှူးကို အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမဲ့လည်း ဖုန်းလက်ခံဖြေဆိုတာ မရှိခဲ့ပါဘူး။

ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား စစ်ရေးပဋိပက္ခအတွင်း ကျေးရွာအုပ်ချုပ်ရေးမှူးတွေအပါအဝင် ကျေးရွာသားတွေကို AA နဲ့ ဆက်သွယ်တယ်ဆိုပြီး မသင်္ကာမှုနဲ့ မြန်မာစစ်တပ်ကနေ ဖမ်းဆီးအရေးယူမှုတွေ များလာနေတာပါ။

မေလ ၂၉ ရက်နေ့က ကျောက်တော်မြို့နယ် မင်းသားတောင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းကျော်နဲ့ ရွာသားတစ်ဦးဖြစ်သူ ဦးကျန်းသိန်းအောင်တို့ကို မြန်မာစစ်တပ်ကနေ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပါတယ်။

မေလ ၁၅ ရက်နေ့ကလည်း ကျောက်တော်မြို့နယ် ရွှေပြည်ကျေးရွာအတွင်းကို မြန်မာ့တပ်မတော်စစ်ကြောင်းကနေ ရွှေပြည်ကျေးရွာရာအိမ်မှူး ဦးသိန်းစိုးအောင်ကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ မြန်မာတပ်မတော်နဲ့ ရခိုင်တပ်တော် AA တို့အကြား တိုက်ပွဲ ပြင်းထန်လာနေတာနဲ့အမျှ AA အဖွဲ့ နဲ့ဆက်နွယ်နေတယ်ဆိုပြီး မသင်္ကာမှုနဲ့ ဖမ်းဆီးခံရမှုတွေ များပြားလာနေတာပါ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကလည်း မြောက်ဦးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှာ လပတ်အစည်းအဝေး ပြုလုပ်နေစဉ်အတွင်း ကျေးရွာအုပ်ချုပ်ရေးမှူး လေး ဦးကို ရဲတပ်ဖွဲ့ကနေ ဝင်ရောက်ဖမ်းဆီးသွားတဲ့အတွက် မြောက်ဦးမြို့နယ် ကျေးရွာအုပ်ချုပ်ရေးမှူး ၁ဝဝ ကျော် နုတ်ထွက်စာတင်ထည့်ပါတယ်။

ဒီလိုဖြစ်စဉ်တွေ များပြားလာနေသလို ဥပဒေအကြောင်းအရ အားနည်းနေတဲ့အခြေအနေကြောင့် အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်တာလို့လည်း ကျောက်တော်မဲ ဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်သန်းစိန်က ပြောပါတယ်။

“အုပ်ချုပ်ရေးမှူးတွေဟာ ရပ်ကျေးကိုတာဝန်ခံပြီးတော့ အများပြည်သူတွေ တင်မြောက်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေ ဖြစ်တယ်။ အဲတာ အဲဒီလို ဖမ်းပြီးတော့ တန်းပြီး စစ်ဆေးခေါ်တယ်။ ဥပဒေအရ နည်းနည်းအားနည်းနေတဲ့အတွက် အုပ်ချုပ်ရေမှူးတွေ စိတ်တွေ ပျက်လာတယ်ပေါ့ဗျာ။ သူတို့က ဒီလက်ရှိတာဝန်တွေကို ထမ်းဆောင်ချင်လာတဲ့ စိတ်ကကုန်လာတယ်။ အန္တရာယ်တွေ ရှိလာနိုင်တယ် ဆိုပြီးတော့။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလကလည်း ဘူးသီးတောင်မြို့နယ် သရက်ပြင်ကျေးရွာ အုပ်ချုပ်ရေးမှူး အပါအဝင် နှစ် ဦးကို တပ်မတော်ကနေ ဖမ်းဆီးပြီး မတရားအသင်း ဆက်သွယ်မှု ပုဒ်မနဲ့ တရားစွဲဆိုထားပါတယ်။

ရသေ့တောင်မြို့နယ်အတွင်း တပ်မတော်နဲ့ AA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာ ကြိမ်သာကျေးရွာအနီးက ခြံသမား နှစ်ဦး ဖြစ်တဲ့ ဦးစိန်ဦးနှင့် ဦးစိန်သာကျော်တို့ နှစ်ဦးကို မတရားအသင်းဆက်သွယ်မှု ပုဒ်မနဲ့ တရားစွဲထားပါတယ်။

ဒါ့အပြင် တပ်မတော်နဲ့ AA လှှုပ်ရှားရာ နယ်မြေအတွင်းမှာ သံသယနဲ့ လုပ်ကြံသတ်ဖြတ်ခံရမှုတွေကလည်း ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG