နာမည်ကျော်ပေါ့ပ်အဆိုတော် လေဒီဂါဂါဟာ ၂၀၂၅ မေလမှာ ရီယိုဒီဂျနေးရိုးမြို့က ကိုပါကာဘာနာကမ်းခြေမှာ အခမဲ့ဖျော်ဖြေပွဲ ကျင်းပမယ်လို့ ဒီကိစ္စနဲ့ပတ်သက်ပြီး သိထားသူ ၂ ဦးက နိုဝင်ဘာ ၂၉ ရက်မှာ ရိုက်တာကို ပြောပါတယ်။
ရီယိုဒီဂျနေးရိုး မြို့တော်ဝန် Eduardo Paes ကတော့ မြို့စီးပွားရေး မြှင့်တင်တဲ့အနေနဲ့ နိုင်ငံတကာနာမည်ကြီး အနုပညာရှင်တွေကို ဖိတ်ခေါ်ဖျော်ဖြေခိုင်းတဲ့ 'Celebration May' မေလ ပွဲတော်နွှဲပျော်ဆိုတဲ့ အစီအစဉ်ရဲ့ တစိတ်တပိုင်းဖြစ်ကြောင်းပြောပါတယ်။ လေဒီဂါဂါနဲ့ စာချုပ်ချုပ်ထားတဲ့ Universal Music တေးထုတ်လုပ်ရေးကတော့ ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဘာမှမပြောသေးပါဘူး။
အဆိုတော် မက်ဒေါနားကလည်း ပြီးခဲ့တဲ့မေလက ကိုပါကာဘာနာကမ်းခြေ ဖျော်ဖြေပွဲနဲ့ အကြီးအကျယ် အောင်မြင်ခဲ့ပါတယ်။ သူ့ပွဲကို ပရိသတ် ၁ သန်းခွဲကျော် လာကြည့်သွားတာပါ။ အခုလည်း မေလ ၃ ရက်နေ့ဖျော်ဖြေပွဲက လေဒီဂါဂါ ဖြစ်မယ်ဆိုတာ သေချာပါတယ်လို့ တရားဝင်မကြေညာရသေးတာမို့ နာမည်ထုတ်ပြောလို့မရသေးတဲ့ သူက ပြောပါတယ်။
တရားဝင်ကြေညာချက် မထုတ်ပြန်ရသေးလို့ အမည်မဖော်လိုတဲ့ ရင်းမြစ်တစ်ခုက "လေဒီဂါဂါဖျော်ဖြေပွဲက မေ ၃ ရက်မှာ ကျင်းပဖို့ ရှိပါတယ်" လို့ ပြောပါတယ်။ နောက်တဦးကလည်း Bad Romance နဲ့ Poker Face သီချင်းတွေနဲ့ ကျော်ကြားလာတဲ့ အဆိုတော် လေဒီဂါဂါပွဲဖြစ်မယ်လို့ ထပ်အတည်ပြုပြီး အိုင်းရစ်ရော့ခ်အဖွဲ့ U2 ကိုလည်း စဉ်းစားခဲ့တယ်လို့ ပြောပါတယ်။
မြို့တော်ဝန် ပါးအက်စ်က သီတင်းပတ်အစောပိုင်းက ကိုပါကာဘာနာ ဖျော်ဖြေပွဲအတွက် နိုင်ငံတကာ ပေါ့ပ်အဆိုတော်တဦးနဲ့ ကနဦးသဘောတူညီချက် ရထားတယ်လို့ ပြောပေမဲ့ အဆိုတော်က ဘယ်သူဆိုတာ ပြောမသွားပါဘူး။ လာမဲ့သတင်းပတ်တွေအတွင်း နောက်ဆုံးသဘောတူညီမှု ရလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
မက်ဒေါနားဖျော်ဖြေပွဲတိုင်းက ဒေသန္တရအစိုးရက စီးပွားရေးကြော်ငြာတွေရဲ့ ငွေကိုသုံးသလို အများပြည်သူ ဘဏ္ဍာငွေကိုလည်း သုံးခဲ့ပြီး ရင်းနှီးမြှုပ်နှံလိုက်ရတဲ့ ရီးယဲ ၁၀ သန်းအတွက် ရီးယဲ သန်း ၃၀၀ (ဒေါ်လာ ၄၉.၉၇ သန်း) ပြန်ရလို့ အဆအများကြီးပြန်ရခဲ့တာပါ။
အခုလည်း လာမဲ့ဖျော်ဖြေပွဲကြီးအတွက် ရီယိုမြို့က စိတ်လှုပ်ရှားနေတာပါ။ "မြို့တော်ဝန်က ရီယိုမှာ ဖျော်ဖြေပွဲကြီးတွေ လုပ်ဖို့က စိတ်ကူးထားတာ ပြောပြီးသားပါ။ မက်ဒေါနားတုန်းက အပြည့်အဝ အောင်မြင်ခဲ့တယ်။ လေဒီဂါဂါလည်း အောင်မြင်မှဦပါ။ ခရီးသွားဈေးကွက်ကလည်း အခြေအနေကောင်းပါမယ်" လို့ ရီယိုဟိုတယ်အသင်းဥက္ကဋ္ဌ အဲလ်ဖရက်ဒို လိုးပက်စ်က ပြောပါတယ်။ ကိုပါကာဘာနာမှာ အရင်ကလည်း Rolling Stones၊ Rod Stewart နဲ့ Lenny Kravitz တို့ရဲ့ အခမဲ့ဖျော်ဖြေပွဲတွေလည်း ကျင်းပခဲ့ပါတယ်။
Forum