သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြေယာသိမ်းခံရသူတွေဘက်က လွှတ်တော်ဥက္ကဋ္ဌ ရပ်တည်


လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်
လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်

နိုင်ငံတဝှမ်း ဥပဒေမဲ့ လယ်ယာမြေတွေ အသိမ်းခံရမှုမှာ ပြည်ထောင်စု တရားလွှတ်တော်ချုပ်နဲ့ ပြည်ထဲရေး ဝန်ကြီးဌာနတို့ အနေနဲ့ လယ်သမားတွေ အကျိုးအတွက် မျှမျှတတ မှန်မှန်ကန် ဆောင်ရွက်ပေးဖို့ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ပြတ်ပြတ်သားသား တိုက်တွန်းလိုက်ပါတယ်။ အလားတူ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့လည်း သက်ဆိုင်ရာ မဲဆန္ဒနယ်မြေအလိုက် မတရား သိမ်းဆည်းခံရတဲ့ လယ်ယာမြေတွေ ကိစ္စကို ရဲရဲဝံ့ဝံ့ဖေါ်ထုတ် တင်ပြဖို့ မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ဦးဝင်းမြင့်က ပန်ကြားလိုက်တာပါ။ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးတင်ပြမှာပါ။

ပြည်ထောင်စု တရားလွှတ်တော်ချုပ်နဲ့ပြည်ထဲရေး ဒုတိယဝန်ကြီး တို့က ဥပဒေမဲ့ လယ်ယာမြေတွေ အသိမ်းခံရမှုကို ဘယ်လို ဖြေရှင်းဆောင်ရွက် ပေးနေသလဲ ဆိုတာကို ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ တုန့်ပြန်ဖြေဆိုအပြီး ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က တရားရုံးတွေအနေနဲ့ ဥပဒေနဲ့အညီ လယ်သမားတွေဘက်က မှန်မှန်ကန်ကန် ဖြေရှင်းပေးဖို့ အခုလို ပြတ်ပြတ်သားသား ပြောဆိုလိုက်ပါတယ်။

“ ဥပဒေမဲ့လည်း အသိမ်းခံရတယ်။ အသိမ်းသာ ခံရတယ် လက်ရှိလည်း လက်ရှိ လုပ်ကိုင် စားသောက်နေမြဲ ဖြစ်တယ်။ လက်ရောက် ပိုင်ဆိုင်မှုက ဘယ်သူ့ဆီမှာ ရှိလဲ။ အဲတော့ ဒီလို အမှုမျိုးကိုစွဲတာ စွဲတဲ့ပုဒ်မရဲ့ အင်္ဂါရပ်နဲ့ ညီလား မညီဘူးလား။ တရားရုံးက အလေးအနက် သတိထားရမယ်။ အင်္ဂါရပ်နဲ့ ညီရင်တော့ ဟုတ်တာပေါ့။ အခု အင်္ဂါရပ်နဲ့ ညီတဲ့ကိစ္စမျိုး မဟုတ်လို့ ရှိရင် တရားရုံးအနေနဲ့ ဒါကို စွဲချင် စွဲခွင့်ပြုမယ် ဆိုရင် အသိမ်းလည်း ခံရမယ်။ အသိမ်းခံရတဲ့ အတွက် စားစရာ မရှိဘူး။ သိမ်းတဲ့လူက ထားစရာ နေရာမရှိဘူး။ မလုံလောက်ဘူး။ အဲဒီ နှစ်ခုယှဉ်ပြီး တရားရုံးမှာ ဖြေရှင်းရမယ်ဆိုရင် တရားဥပဒေ ဆိုတဲ့ ရည်ရွယ်ချက် မှန်ကန်မ ျှတတဲ့ စည်းမျဉ်းစည်းကမ်း ဘယ်ပျောက်သွားမလဲ။ ”

အရင်စစ်အစိုးရ လက်ထက်ကတည်းက ဥပဒေမဲ့ သိမ်းပိုက်ခံရတဲ့ လယ်သမားတွေ နစ်နာနေတဲ့ ကိစ္စနဲ့ ပတ်သက်လို့ မှော်ဘီမြို့နယ် NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းက ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ သက်ဆိုင်ရာ ပြည်ထောင်စု တရားလွှတ်တော်ချုပ်နဲ့ ပြည်ထဲရေး ဝန်ကြီးဌာန ပါဝင်တဲ့ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေး ဗဟိုကော်မတီကို မေးခွန်း ၃ ခုမေးခဲ့တာပါ။

အဲဒီထဲမှာ နောက်ဆုံးမေးခွန်းဖြစ်တဲ့ သိမ်းပိုက်မြေများ ပြန်လည်စိစစ်ရေး ကော်မတီ အဆင်ဆင့်က စစ်ဆေးမှုတွေ လုပ်နေချိန်မှာ တရားစွဲဆို ခံထားရတဲ့ လယ်သမားတွေရဲ့ အမှုတွေကို တရားရုံးဘက်ကနေ ဆိုင်းငံ့ပေးနိုင်ဖို့ အစီအစဉ် ရှိမရှိ ဆိုတာကို ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးမြင့်အောင်က ဆိုင်းငံ့ပေးဖို့ မရှိဘူးလို့ တုန့်ပြန်ဖြေကြားခဲ့ပါတယ်။

“ ဒီမေးခွန်းနဲ့ ပတ်သက်ပြီး တရားရုံးများမှာ ဥပဒေ တရပ်ရပ် အရ တားမြစ်ပိတ်ပင်ထားတဲ့ ကိစ္စရပ်တွေ မှအပ တည်ဆဲဥပဒေများနဲ့ အညီ တရားစွဲဆိုခြင်း ပြုလုပ် နိုင်ပါတယ်။ တရားစွဲဆိုထားတဲ့ အမှုများကို ဆိုင်းငံ့ပေးနိုင်ခြင်းနဲ့ ပတ်သက်လို့လည်း သက်ဆိုင်ရာ ဥပဒေ ပြဌာန်းချက်များနဲ့ အညီသာ တရားရုံးများက ဆိုင်းငံ့မိန့် ထုတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ အဆင့်ဆင့်မှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေစဉ် အတွင်း ဗဟိုကော်မတီက အပြီးသတ် ဆုံးဖြတ်ရန် အလို့ငှာ တရားရုံးများမှာ တရားစွဲဆိုခြင်း မပြုရန်နှင့် တရားစွဲဆိုထားတဲ့ အမှုများကို ဆိုင်းငံ့ပေးရန် အစီအစဉ် မရှိပါကြောင်း ရှင်းလင်းတင်ပြအပ်ပါတယ်။ ”

တခါ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေး ဗဟိုကော်မတီကိုယ်စား ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်စိုးကလည်း တရားစွဲခံရတဲ့ လယ်သမားတွေအနေနဲ့ အမှုကို ဆက်လက်ရင်ဆိုင်ရမှာ ဖြစ်တယ်လို့ အခုလို ပြန်လည် ဖြေကြားခဲ့ပါတယ်။

“ ထိုသို့ စွန့်လွှတ်မြေများနှင့် ပတ်သက်ပြီး မြေယာလွှဲပြောင်းမှုများ မပြီးပြတ်မီ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများမှ ၎င်းတို့၏ လွတ်လပ်သော ဆန္ဒအရ တည်ဆဲဥပဒေများနှင့် အညီ တရားစွဲဆိုခြင်း အပေါ် သက်ဆိုင်ရာ တရားရုံးများမှ လက်ခံစစ်ဆေး ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။ တရားစွဲဆိုထားသည့် အမှုကိစ္စများကို ဆိုင်းငံ့ထားပေးရာမှာ တရားစွဲဆိုသူနှင့် တရားစွဲခံရသူ နှစ်ဦးနှစ်ဖက် သဘောဆန္ဒအရ ကျေအေးရုပ်သိမ်း တင်ပြလာမှသာ တည်ဆဲဥပဒေများနှင့် သက်ဆိုင်ရာ တရားရုံးများမှ အမှုတမှုခြင်း အလိုက်သာ ဆုံးဖြတ်သည့် လုပ်ငန်းစဉ်များ ဖြစ်ပါကြောင်း ပြန်လည် ရှင်းလင်း ဖြေကြားအပ်ပါတယ်။ ”

ဒီဖြေဆိုချက်တွေနဲ့ ပတ်သက်လို့ ဦးဝင်းမြင့်က အခုလိုတုန့်ပြန်ခဲ့ပါတယ်။

“ ဥပဒေမဲ့ အသိမ်းခံရပြီး အသိမ်းလည်း ခံရသေးတယ်၊ သိမ်းတဲ့သူက လုပ်ငန်းရှင် ပိုက်ဆံရှိတဲ့ ပုဂ္ဂိုလ်။ အဲဒီ လူတွေနဲ့ ဆက်ပြီး တရားရုံးမှာ ရင်ဆိုင်ရမှာ ဆိုတော့ ကိုယ့်အဖြေက ကိုယ်နည်းနည်းစဉ်းစားဖို့ ကောင်းတယ်။ ဒါကြောင့်မို့ ဒီကိစ္စနဲ့ ပတ်သက်လို့ ကျနော် ပွင့်ပွင့်လင်းလင်းဘဲ ပြောပါမယ်။ ပြည်ထောင်စု တရားလွှတ်တော်ချုပ် ဘက်ကရော လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု ဗဟိုစစ်ဆေးရေး ကော်မတီကရော ဒါကိုတော့ သေသေချာချာ ရေရေရာရာလေး ပြန်လည်သုံးသပ်ပါ။ နောက်တခု ကိုယ်စားလှယ်တွေ ကျနော် အမြဲပြောတယ်။ မဲဆန္ဒရှင် မိဘ ပြည်သူတွေက မဲပေးထားတယ်။ မှန်မှန်ကန်ကန် ရပ်တည်ကြပါ။ ထဲထဲဝင်ဝင် လုပ်ပေးကြပါ။ တွေ့ရှိချက်တွေ တင်ပေးပါ။ ”

အဆိုတင်သွင်းတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းက သူရဲ့ မဲဆန္ဒနယ်မြေဖြစ်တဲ့ မှော်ဘီမြို့နယ် မှာနှစ်ပေါင်း ၂၀ ကျော် မြေယာအသိမ်းခံထားရတဲ့ လယ်သမားတွေ ရင်ဆိုင်နေရတဲ့ အခြေအနေကို အခုလို တင်ပြခဲ့ပါတယ်။

“ လယ်သမားများဟာ လယ်ယာမြေ အစွန်အဖျားများမှာ၊ လမ်းဘေးမှာ စသဖြင့် နေထိုင်ပြီးတော့ အဲဒီလယ်များမှာဘဲ ကြဲခင်းများ စိုက်ပျိုးပြီးတော့ စပါးနဲ့မြက်များကို ရောနှောရိတ်ပြီးတော့ ရသမ ျှ စပါးလေးတွေကို စားသုံးကြရပါတယ်။ ”

အရင်နအဖ စစ်အစိုးရလက်ထက် ၁၉၉၆-၉၇ခုနှစ် တဝိုက်မှာ စစ်တပ်ဦးဆောင်တဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းကနေ မှော်ဘီမြို့နယ်တဝိုက် မြေဧက ၂ ထောင်ကျော် သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ အဲဒီထဲက မြေဧက ၈၀၀ ကျော်ကို မြို့ပြအိမ်ယာဖွံဖြိုးရေးဦးစီးဌာနကို လွဲှပြောင်းပေးခဲ့ပြီးနောက် အဲဒီကနေ ပြန်လည်ရောင်းချခဲ့တဲ့ ပုဂ္ဂလိကပိုင်ရှင်တွေက လယ်သမားတွေကို တရားစွဲဆိုခဲ့ကြတာဖြစ်ပါတယ်။

ဒီလို ဥပဒေမဲ့ သိမ်းဆည်းခံရတဲ့ မြေယာတွေနဲ့ ပတ်သက်လို့ အသိမ်းခံရတဲ့ လယ်သမားတွေကို ဥပဒေတွေနဲ့ ပြန်ပြီးတရားစွဲတာ မှန်ကန်သလားဆိုတဲ့ ဦးအောင်ဝင်းရဲ့ မေးခွန်းကို ပြည်ထဲရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ကျူးကျော်လုပ်ကိုင်သူတွေကို တရားစွဲတဲ့လုပ်ရပ်သာဖြစ်တယ်လို့ ဖြေဆိုသွားပါတယ်။ ဒါအပြင် သိမ်းပိုက်မြေများပြန်လည်စိစစ်ရေးကော်မတီအဆင့်ဆင့်နဲ့ တရားရုံးတွေရဲ့ လုပ်ငန်းမတူတဲ့အတွက်လည်း တရားစွဲခံထားရတဲ့ လယ်သမားတွေအရေးကို သီးခြားစီ တပြိုင်နက်တည်းဆောင်ရွက်မှာဖြစ်တယ်လို့ ဗိုလ်ချုပ်အောင်စိုးကပြောဆိုခဲ့ပါတယ်။

ဒုသမ္မတ ဦး ဟင်နရီဗန်ထီးယူ ဦးဆောင်တဲ့ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေး ဗဟိုကော်မတီကို ၂၀၁၆ ခုနှစ် မေလ ၅ ရက်မှာဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG