သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တပ်သိမ်းယူထားတဲ့ လှိုင်အားကစားရုံ ပြန်ပေးမည်မဟုတ်


လွှတ်တော်အတွင်း ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်
လွှတ်တော်အတွင်း ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်

တပ်မတော်က သိမ်းယူထားတဲ့ မြေယာတွေနဲ့ ပတ်သက်လို့ အခုနောက်ဆုံး ထွက်ပေါ်လာတဲ့ ကိစ္စကတော့ ရန်ကုန်တိုင်း လှိုင်မြို့နယ် အားကစားရုံနဲ့ အားကစားကွင်း ပြန်လည်ရရှိရေး လွှတ်တော်ဘက်က ကြိုးပမ်းမှု တခု ဖြစ်ပါတယ်။ ကာကွယ်ရေး ဝန်ကြီးဌာနဘက်ကတော့ ပြန်မပေးနိုင်ဘူးလို့ ယတိပြတ် ပြောဆိုခဲ့ပါတယ်။ လှိုင်မြို့နယ်ဘက်ကတော့ လူထု အသုံးပြုနိုင်မယ့် အားကစားကွင်း တခု ရရှိရေး ဆက်လက် ကြိုးစားသွားမယ်လို့ ပြောဆိုပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

တပ်မတော်၊ အစိုးရ နောက် သူတို့နဲ့ ဆက်စပ်နေတဲ့ စီးပွားရေး လုပ်ငန်းတွေရဲ့ မြေသိမ်းယာသိမ်း အငြင်းပွားမှုတွေက မြန်မာ့ အသွင်ကူးပြောင်းရေး ကာလ အဓိက ကြုံတွေ့နေရတဲ့ အခြေအနေ တခု ဖြစ်ပါတယ်။ စစ်အစိုးရ လက်ထက်မှာ တပ်မတော်က ရယူထားတဲ့ ရန်ကုန်တိုင်း လှိုင်မြို့နယ် အားကစားရုံနဲ့ အားကစားကွင်းကို ပြည်သူကို ပြန်ပေးနိုင်မလားလို့ ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ တင်ပြ မေးမြန်းတာမှာတော့ ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်က မပေးနိုင်ဘူးလို့ ယတိပြတ် ငြင်းဆန်သွားပါတယ်။

“လှိုင်အားကစားရုံ အပါအဝင် မြေနေရာ ၁၃.၇၅၄ ဧကသည် ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ကာကွယ်ရေး ဝန်ကြီးဌာနသို့ လွဲပြောင်း ပေးအပ်ခဲ့ပြီး ဖြစ်ပြီး လက်ရှိတွင်လည်း အဆိုပါ အားကစားရုံတွင် တပ်မတော်နှင့် ဒေသအတွင်းမှ လူငယ်များ နိုင်ငံတော်အတွက် ထူးချွန်သော အားကစားသမားကောင်းများ ထွက်ပေါ်လာစေရေး အတွက် ရည်ရွယ်ပြီး လေ့ကျင့်ဆောင်ရွက်လျက် ရှိခြင်းနှင့် ရန်ကုန်တိုင်း စစ်ဌာနချုပ် အောက်ရှိ တပ်ရင်းတပ်ဖွဲ့များ အနေဖြင့် လေ့ကျင့်ရေးနှင့် ပြိုင်ပွဲကျင်းပရေး အတွက် တခုတည်းသော မိုးလုံလေလုံ အားကစားကွင်း နေရာအဖြစ် အသုံးပြုလျက် ရှိသောကြောင့် ပြန်လည် စွန့်လွှတ် ပေးအပ်နိုင်ခြင်း မရှိပါကြောင်း လေးစားစွာ ရှင်းလင်း ဖြေကြားအပ်ပါတယ်။”

လှိုင်မြို့နယ် ပြည်သူတွေ အတွက် အားကစားကွင်း အစားများ ပေးနိုင်မလားဆိုပြီး လှိုင်မြို့နယ် ပြည်သူ့လွှတ်တော် အမတ်ရဲ့ မေးမြန်းမှုကိုတော့ ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်က အခုလို ဖြေကြားခဲ့ပါတယ်။

“ကိုယ်စားလှယ်တော်ကြီး ကတော့ သူ့မြို့နယ်ရဲ့ လိုအပ်ချက်အရ အားကစားရုံ စီမံပေးရမှာ ဖြစ်ပါတယ်။ တကယ်တန်း ဆိုရင်တော့ ဒီကိစ္စကို ကာကွယ်ရေး ဝန်ကြီးဌာနနဲ့ သက်ဆိုင်ခြင်း မရှိပါဘူး။ ဒါက ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ဆက်လက်ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။”

လှိုင်မြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဦးအောင်ကျော်ကျော်ဦးကတော့ အားကစားကွင်း၊ ပန်းခြံ တခုခု ရရေး ဆက်ပြီး ကြိုးစားပါမယ်လို့ ပြောပါတယ်။

“လှိုင်မြို့နယ်မှာက အားကစားရုံက တရုံမှမရှိဘူး။ ပန်းခြံလည်းမရှိဘူး။ ရှိတာကလည်း ဒီတရုံပဲရှိတယ်။ အဲဒါကို ၈၈ အရေးတော်ပုံတုန်းက လာပြီး တပ်စခန်းထိုင်တယ်။ ယူသွားတာအခုအထိ။ အဲဒါလေးကို ပြန်တောင်းတာ။ ကျနော်တို့ကတော့ ဆက်လုပ်သွားမယ်။ ကျနော်က မြေအစားတောင်းတာ။ ဒီလိုအားကစားရုံကြီးကို ပြန်မပေးနိုင်ဘူး ဖြေတဲ့အခါကျတော့ ကျနော်က ဆက်စပ်မေးတော့ အားကစားရုံကြီး ပြန်မပေးနိုင်ဘူးဆိုရင် ကျနော်တို့ လှိုင်မြို့နယ်မှာ တပ်က သိမ်းထားတဲ့ မြေတွေရှိတယ်။ အဲဒီအထဲက နေပြီးတော့ အစား ပြန်ပေးနိုင်မလား ဆိုပြီးတော့ မေးတယ် ။ မေးတော့ သူက ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ကနေ အစိုးရကို တင်ပြတောင်းခံရင် ညှိနှိုင်း ဆောင်ရွက်ပေးပါ့မယ်လို့ ဖြေသွားတယ်။”

မြေ ၁၃ ဧကကျော် အကျယ်ရှိတဲ့ လှိုင်အားကစားကွင်းနဲ့ အားကစားရုံကိုတော့ တပ်မတော်ဘက်က ရယူထားပြီး စီးပွားရေး လုပ်ငန်းရှင်ကြီး ဦးတေဇရဲ့ ရန်ကုန် ယူနိုက်တက် ဘောလုံးအသင်းကို ငှားယမ်းထားတယ်လို့လည်း လွှတ်တော် အမတ် ဦးအောင်ကျော်ကျော်က ပြောတာပါ။

“သူက အားကစားရုံပဲ သုံးတယ်။ အားကစားကွင်းကိုတော့ ဒီ ဦးတေဇတို့ ရန်ကုန် ယူနိုက်တက် ဘောလုံးအသင်းကို ငှားထားတယ်။ ဒီဘက်က အားကစားရုံကိုတော့ တပ်မတော် ဘော်လီဘော ပြိုင်ပွဲတွေ လုပ်တယ်။ တပ်မတော် လက်ဝှေ့ပွဲတွေ လုပ်တယ်။”

လက်တလောမှာတော့ လှိုင်မြို့နယ်က လူငယ် ဖူဆယ် အသင်း အပါအဝင် အားကစား သမားတွေက လေ့ကျင့် ကစားဖို့ ရန်ကုန်တက္ကသိုလ်ကွင်းကို အခပေး ငှားယမ်းကြရတာကြောင့်ရော မြို့နယ်နေ လူထု အတွက် လူထုဆိုင်ရာ အားကစားပွဲ ပွဲလမ်းသဘင် အပန်းဖြေ အနားယူစရာ ပြည်သူပိုင် အားကစားကွင်း၊ ပန်းခြံ တခုမှ မရှိတာကြောင့်ရော နေရာတနေရာ ရရေး ကြိုးပမ်းနေကြတယ်လို့လည်း ပြောပါတယ်။ မြေသိမ်းယာသိမ်း အငြင်းပွားမှုတွေကို ပြီးခဲ့တဲ့ သမ္မတ ဦးသိန်းစိန် လက်ထက်၊ ပြည်ထောင်စုလွှတ်တော်၊ လယ်ယာမြေ သိမ်းဆည်းခံရမှုစုံစမ်းရေးကော်မရှင်က နိုင်ငံတွင်း မြေယာ သိမ်းဆည်းမှုတွေနဲ့ ပတ်သက်ပြီး အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအစီရင်ခံစာမှာတော့ မြန်မာ တပ်မတော်က သိမ်းယူထားတဲ့ မြေဧက ၂ သိန်းကျော် ရှိပြီး ဒီထဲက ဧက ၄ သောင်း နီးပါးကိုသာ ပြန်အပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ နိုင်ငံတဝန်းမှာလည်း မြေသိမ်းယာသိမ်းမှုတွေနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေဆဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG