သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Las Vegas သေနတ်ပစ်ခတ်မှု မြန်မာတချို့ ကံကောင်း


အမေရိကန်ပြည်ထောင်စု Las Vegas မြို့မှာ မကြုံစဖူး သေနတ်ပစ်ခတ်မှုကြောင့် အပန်းဖြေသူအများစုပါတဲ့ လူပေါင်း ၅၈ ဦးထက်မနည်း သေဆုံးပြီး နောက်ထပ် ၅၀၀ ကျော် ဒဏ်ရာတွေ ရခဲ့ပါတယ်။ Mandalay Bay ဟိုတယ်မှာ တည်းခိုနေတဲ့ တကိုယ်တော် သေနတ်သမားအနေနဲ့ အနီးက လေဟာပြင်ဂီတဖျော်ဖြေပွဲကြည့်နေတဲ့ လူအုပ်ထဲ တနင်္ဂနွေနေ့ ညမှာ တရစပ် ပစ်ခတ်ခဲ့တာကြောင့် အမေရိကန်သမိုင်းမှာ အများဆုံးသေကျေ ဒဏ်ရာရတဲ့ ထိခိုက်မှုအဖြစ် လူအများထိန့်လန့် ခဲ့ပါတယ်။ Las Vegas မှာနေထိုင်နေတဲ့ မြန်မာတချို့က ကံကောင်းပြီး ဘယ်လို ဒီအန္တရာယ်နဲ့ ကပ်ပြီးလွဲခဲ့တယ်ဆိုတဲ့ အကြောင်းတွေကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။

Las Vegas မြို့ကနေ ၇၅ မိုင်ဝေးတဲ့နေရာက အငြိမ်းစားအိမ်ရာမှာနေထိုင်သူ သေနတ်သမား Stephen Paddock ဟာ Mandalay Bay ဟိုတယ်မှာ စက်တင်ဘာ ၂၈ ကတည်းက တည်းခိုနေခဲ့ပြီး အခန်းထဲမှာ သေနတ် ၁၀ လက်လောက်စုကာ တနင်္ဂနွေနေ့ည ၁၀ နာရီလောက်မှာ အခုလို ပစ်ခတ်ခဲ့တာပါ။

အခုလို တရစပ် ပစ်ခတ်ခံရတာကြောင့် သေဆုံးသူ မိသားစုတွေနဲ့အတူ ဝမ်းနည်းပူဆွေးမိတယ်လို့ သမ္မတ Trump က တနင်္လာနေ့မှာ ထုတ်ပြောလိုက်ပြီး ဒီပစ်ခတ်မှုကြောင့်တော့ ကိုယ်လည်းသွေးပြတ်ပြီး လိုက်ကြမ်းတမ်းသွားမှာမဟုတ်ဘူးလို့ဆိုလိုက်ပါတယ်။

“ကျနော်တို့ရဲ့ ညီညွတ်မှုကို ယုတ်မာဆိုးဝါးတဲ့နည်းနဲ့ ရိုက်ချိုးပစ်လို့မရပါဘူး။ ကျနော်တို့ရဲ့သွေးစည်းမှုကို သေနတ်ပစ်ခတ်မှုနဲ့ ခွဲထုတ်ပစ်လို့မရပါဘူး။ အခုလို ကျနော်တို့နိုင်ငံသားတွေ အဓိပ္ပါယ်မဲ့ အသတ်ခံရတဲ့အပေါ် ကျနော်တို့အနေနဲ့ အရမ်းကို ဒေါသထွက်ပေမယ့်လည်း ကျနော်တို့ကို ဒီကနေ့ ပေါင်းစည်းဖြစ်တည်စေတာက ချစ်ခြင်းမေတ္တာပါ။”

Las vegas မြို့မှာ ၁၆ နှစ်ကြာနေထိုင်ပြီး Wynn ဟိုတယ်မှာ အလုပ်လုပ်နေတဲ့ ကိုနေလင်းက ဒီပစ်ခတ်မှုကြောင့် ဒေါသထွက် အကြီးအကျယ် စိတ်ထိခိုက်ရတယ်လို့ ဆိုလိုက်ပါတယ်။

“အဲလိုဖြစ်တဲ့အတွက် လူတွေက ဒေါသထွက်တယ် ဒုက္ခရောက်တယ်၊ ဝမ်းနည်းးတယ်ပေါ့ဗျာ။ ကျနော်တို့ ဒီမြို့က လူတွေက အပျော်နဲ့လာကြတာ ။ မွေးနေ့ပွဲတွေလုပ်မယ် ၊ မင်္ဂလာပွဲတွေလုပ်မယ်၊ Business အတွက် concert တွေလုပ်မယ် ကျနော်တို့က ဧည့်ခံမယ်ပေါ့နော် ဒီလိုမျိုးမျှော်လင့်နေတဲ့အချိန်မှာ ဒီလိုမျိုးကြီးဖြစ်တယ်ဆိုတော့ ဘယ်သူ့အတွက်မှမကောင်းဘူး။”

ဒါပေမယ့်လည်း ဒဏ်ရာရသူတွေအများကြီးသွေးလိုနေတယ်လို့ ဒီနေ့ ပြည်နယ်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့တွေ လာစကားပြောခဲ့တဲ့အပြီးမှာ သွေးလှူဒါန်းတဲ့လူတွေအများကြီးဖြစ်နေပြီး တန်းစီစောင့်နေရတာတွေ့ခဲ့ရတဲ့ သူလည်းအားတဲ့နေ့ သွေးသွားလှူဖို့ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။

“သွေးတွေက အရမ်းလိုတယ် သွေးတွေ လှူဖို့ပြောတယ်၊အဲဒီတော့ Las vegas ကလူတွေအများကြီးပဲ တန်းစီနေတာတွေ့တယ်။လူတွေ ၃-၄ နာရီစောင့်ရတယ်လို့ပြောတယ်။”

ပစ်ခတ်မှုဖြစ်ခဲ့တဲ့ Mandalay Bay ဟိုတယ်နဲ့ ၅ မိနစ်စာအကွာ ကားမောင်းတဲ့နေရာမှာရှိတဲ့ Sonny Sushi ကုမ္ပဏီပိုင်ရှင် ဦးဆန်းထွန်းနီ (ခေါ်) လူအများက ဦးဆန်နီ လို့သိသူက ဖြစ်တဲ့နေ့ အရင်ကလို အဲဒီဟိုတယ်မှာ Sushi သွားမပို့လိုက်ရတာ ကံကောင်းသွားတယ်လို့ ဆိုပါတယ်။

“Mandalay Bay ဟိုတယ်က ကျနော်တို့နဲ့လည်းနီးတယ် ကျနော်တို့ customer ပါ ။ဆိုလိုတာက တခါတလေကျရင် သူတို့က Sushi ကိုလုပ်ပေးဖို့ဆိုပြီးတော့ ကျနော်တို့ကို ငှားလို့ရှိရင် ကျနော်တို့က Sushi chef အနေနဲ့ သွားလုပ်ပေးလေ့ရှိပါတယ်။ ဒါပေမယ့် မနေ့ညကတော့ ကျနော်တို့ကို မငှားထားဘူးဆိုတော့ ကျနော်တို့ အားလုံး အန္တရာယ်ကင်းကြပါတယ်။”

ဒါ့အပြင် အခုပစ်ခတ်မှု ဖြစ်တဲ့နေရာကနေ လမ်းထိပ် ၄ ထိပ်ပဲ ကွာတဲ့နေရာကိုရောက်ခဲ့တဲ့ Uber taxi မောင်းသူအမျိုးသမီး မအိမ့်ကလည်း သူမတုန်လှှုပ်ခြောက်ခြားခဲ့ရတဲ့အကြောင်း အခုလိုပြောပြပါတယ်။

“ရင်တုန်တာဖြစ်တာပေါ့နော် ဘာဖြစ်လို့လဲဆိုတော့ ၄ block လောက်ပဲကွာတာပေါ့နော်။ Shooting ဖြစ်တဲ့အချိန်မှာ အိမ်ကိုတော့ ရောက်အောင်တော့ ပြန်လာနိုင်တာပေါ့နော်။ အိမ်ရောက်တော့ ရင်တုန်တာမပျောက်ဘူး၊ အိပ်လည်းမအိပ်နိုင်ဘူး၊ သတင်းတွေကြည့်တော့။ မနက် ၆ နာရီ လောက်မှ အိပ်နိုင်တယ်။”

မအိမ့်ကဆက်ပြီး ဒီပစ်ခတ်မှုဘက်ကို အရင်ကွေ့လေ့ရှိတာကနေ ဒီတခေါက်တော့ မကွေ့မိပဲ ဆန့်ကျင်ဘက်ကို မောင်းသွားပြီး လေယာဉ်ကွင်းက ခရီးသည်ကို သွားခေါ်ခဲ့တာကြောင့် သီသီလေး လွတ်သွားတယ်လို့ ဆက်ပြောပြပါတယ်။

“ကျမလည်း အဲဒီ Shooting ပစ်တဲ့ဘက်ကို မချိုးမိပဲနဲ့ ဆန့်ကျင်ဘက်ကို ချိုးလိုက်တယ်။ တကယ်တော့ သေနတ်ပစ်တဲ့ဘက်ကို ချိုးလိုက်ရင် အဲဒီလမ်းပေါ်က မောင်းနေတဲ့ ကားကလူတွေကိုပါ အကုန်ထိတာ သူက ဘာကြောင့်လဲဆိုတော့ အပေါ်ကနေ ပစ်တာဖြစ်တဲ့အတွက် များသောအားဖြင့် ကွင်းကိုချိန်ပစ်တာ၊ စက်သေနတ်က ရမ်းတော့ လမ်းပေါ်က ကားတွေရော ၊ ကားထဲကလူတွေရော မှန်တာ ။ ဆိုတော့ အဲဒီဘက်ကို သွားမိလို့ရှိရင် တော်တော်များများထိတယ်လို့ပြောတယ်။ ဒါကြောင့်မို့လို့ ဒဏ်ရာရတဲ့ဦးရေက တက်လာတာပေါ့။ ကားနဲ့သွားတဲ့လူတွေကိုပါထိတာတဲ့။”

တကယ်တော့ မအိမ့်သွားကြိုခဲ့တဲ့ လေယာဉ်ကွင်းက ခရီးသည်အနေနဲ့ ဒီပစ်ခတ်မှုကြောင့် သူ့လေယာဉ်ချက်ချင်းမဆင်းနိုင်ပဲ လေထဲမှာ ၄၊၅ ပတ် ဝဲပျံစောင့်ဆိုင်းခဲ့ရပြီးမှ ဆင်းလာနိုင်တယ်။ ဒီဒေသမှာ မနေပဲ ဟိုတယ်တည်းမယ့်လူတွေကိုလည်း လေဆိပ်က ပေးမထွက် ထိန်းထားခဲ့ပြီး နောက်မှ လေဆိပ်နားက ဟိုတယ်ကို ပို့ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG