သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘုန်းတော်ကြီး Lucas ကို လာရှိုးကက်သလစ် သာသနာပိုင်သစ်အဖြစ် ရွေးချယ်


Father Lucas Dau Ze Jeimphaung (ဓါတ်ပုံ CBCM-OSC)
Father Lucas Dau Ze Jeimphaung (ဓါတ်ပုံ CBCM-OSC)

မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်း လာရှိုးမြို့ ကက်သလစ် သာသနာပိုင်သစ်အဖြစ် ပြင်ဦးလွင်က ဆရာတော် Lucas ကို ရွေးချယ်လိုက်ကြောင်း ဗာတီကန်နန်းတော်က သောကြာနေ့မှာ ကြေညာလိုက်တဲ့အတွက် ကက်သလစ် ရဟန်းတော်တွေက ကြိုဆိုလိုက်ကြပါတယ်။ UWSA ‘ဝ’ ဒေသမှာ အခက်အခဲ တွေကြား သာသနာပြုခဲ့တဲ့ ဘုန်းတော်ကြီး Lucas ကို သာသနာပိုင်ရဟန်းအဖြစ် အခုလို တာဝန်ပေးအပ်တဲ့ အတွက် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အထောက်အကူ ရလာစေလိမ့်မယ်လို့ သုံးသပ်ကြပါတယ်။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။

ရှမ်းပြည်နယ်မြောက်ပိုင်း ကက်သလစ် သာသနာပြုလုပ်ငန်းတွေမှာ ဦးစီးဆောင်ရွက်ဖို့ဆိုပြီး လာရှိုးမြို့အခြေစိုက် ကက်သလစ်သာသနာပိုင် ဆရာတော်လောင်းအဖြစ် Father Lucas Dau Ze Jeimphaung ကို ပုပ်ရဟန်းမင်းကြီး Francis က ရွေးချယ်ကြောင်း အီတလီနိုင်ငံ ဗာတီကန်နန်းတော်က အောက်တိုဘာ(၁၈) သောကြာနေ့မှာ ကြေညာလိုက်တာပါ။

လက်ရှိအချိန်ထိ လာရှိုး ကက်သလစ်သာသနာပိုင်အဖြစ် တာဝန်ယူထားသူက ဆရာတော် ဖိလစ် ဇာဟောင်းဖြစ်ပြီး၊ သက်ပြည့်ပင်စင်ယူ ရမယ့် သက်တော်(၇၅) ပြည့်ခါနီးပြီမို့ ၊ သူ့နေရာကို ဆက်ခံမယ့် နောက်ထပ် သာသနာပိုင် ဘုန်းတော်ကြီးတပါးကို ကြိုတင်ရွေးချယ်ရတာ ဖြစ်ကြောင်း အမေရိကန်နိုင်ငံ အိုကလာဟိုးမားပြည်နယ်က ကက်သလစ်ရဟန်တပါးဖြစ်တဲ့ Robert Kim Pu ကရှင်းပြပါတယ်။

“ဆရာတော် ဖိလစ် ဇာဟောင်းက သူ့နေရာကို ဆက်ခံမယ့် ဘုန်းတော်ကြီးတွေထဲက ၂ ပါး ၃ ပါးကို ရွေးပြီးတော့မှ ပုပ်ရဟန်းမင်းကြီးဆီကို ရုံးတော်တင်ရတယ်။ အဲဒီကနေ ပြီးတော့မှ ပုပ်ရဟန်းမင်းကြီးရုံးကနေမှ လက်ရှိသာသနာပိုင် ဆရာတော်ကြီးကိုယ်တိုင်ပေးထားတဲ့ ရဟန်း ဘုန်းတော်ကြီး ၃ ပါးကနေ ၁ ပါးကို ရွေးချယ်ရမယ်ဆိုတော့ ကက်သလစ်ဘုန်းတော်ကြီး ၃ ပါးရဲ့ ငယ်ဘဝကနေပြီးတော့ လက်ရှိအချိန်အထိ သူတို့ဘယ်လို ဖြစ်လာသလဲ၊ ရဟန်းဘုန်းတော်ကြီး ဖြစ်ပြီးနောက်ပိုင်း ယုံကြည်ချင်းနဲ့ ကိုယ်ကျင့်တရားမှာ အမှန်တရားအတိုင်း တိုင်းပြည်နဲ့လူမျိုးအတွက် သာသနာအတွက် ဘယ်လောက်အထိ စွမ်းစွမ်းတမံလုပ်သလဲဆိုတာကို စုံစမ်းပြီးတော့မှ အဲဒီထဲကနေ အထိုက်တန်ဆုံး ရဟန်းဘုန်းကြီးတပါးကို သာသနာပိုင်အဖြစ် ရွေးချယ်တင်မြောက်လိုက်တယ်။ဓ

သက်တော် (၅၇)နှစ်ရှိပြီဖြစ်တဲ့ ဆရာတော် Lucas ဟာ Salesian ခရစ်ယာန်ဂိုဏ်းဝင် တဦးဖြစ်ပါတယ်။ အဲဒီဂိုဏ်းဟာ လူမှုရေးအတွက် ကြိုးပမ်း လုပ်ဆောင်မှုမှာ တက်ကြွပြီး၊ သာသနာပိုင် ဘုန်းတော်ကြီးအဖြစ် ရွေးချယ်ရာမှာ ရှမ်းပြည်မြောက်ပိုင်းက စစ်ပြေးဒုက္ခသည်တွေ အရေး ကူညီဆောင်ရွက်ချက်တွေလည်း ထည့်တွက်နိုင်ကြောင်း ပန်ဆယ်ဗေးနီးယား ပြည်နယ်က NCBAC ခေါ် အမေရိကန်-မြန်မာ ကက်သလစ် အသင်းတော် တည်ထောင်သူ ဖာသာ John SaiLon ကပြောပါတယ်။

“ တခြား Candidate တွေထက်စာရင်တော့ လားရှိုးသာသနာအတွက် လုပ်နိုင်ကိုင်နိုင်တဲ့ Candidate ကို သူတို့ဦးစားပေးတာများတယ် ကျနော့်အမြင်ပြောရရင်တော့ ကွာခြားနိုင်တာက Salesian ဂိုဏ်းက လာတဲ့ ဘုန်းကြီးဖြစ်တဲ့အတွက် လူမှုရေးပိုင်းမှာ ပိုပြီး အားသန်တယ် Salesian ဂိုဏ်းက ။ စစ်ဖြစ်တယ်ဆိုတော့ စစ်ပြေးတွေ စစ်ရှောင်တွေရှိလာတယ်၊ စစ်ပြေးဒုက္ခသည်တွေလည်း ပိုများတဲ့အပိုင်းမှာ ရှိမှာပေါ့။ ဆိုတော့ သူတဖက်တလမ်းကနေ လုပ်နိုင်တဲ့ အတိုင်းအတာအထိတော့ လုပ်သွားမှာပဲ ဒါကတော့ ကျနော်တို့ ကက်သလစ် ရဟန်းတွေရဲ့ အလုပ်တခုပဲ။”

ဆရာတော် Lucas ဟာ ၂၀၁၂ ကနေ ၂၀၁၇ အထိ UWSA ‘ဝ’ပြည်နယ်ကို သွားရောက် သာသနာပြုခဲ့သူဖြစ်ပါတယ်။ လက်နက်ကိုင်တွေ အုပ်စိုးနေတဲ့ ‘ဝ’ပြည်နယ်မှာ သာသနာပြုရတာ ကန့်သတ်ချက်တွေရှိတယ်လို့ Robert Kim Pu ကပြောပါတယ်။

“ကန့်သတ်ချက်တွေ အများကြီးရှိတယ်။ ဘယ်လိုပြောမလဲ တချို့ ဝပြည်ဘက်က လူကြီးတွေက သာသနာပြုတွေ လာရင် ၊ မြေပြန့်ကလာတယ် လားရှိုးကလာတယ်ဆိုရင် သူတို့ထင်တာက အစိုးရ သူလျှိုတွေလား အဲဒီပုံစံ။ နိုင်ငံရေးနဲ့ ဆက်နွယ်တဲ့ စကားတွေ မပြောရဘူး အဲဒီမှာ ကန့်သတ်ချက်တွေ အများကြီးရှိတယ်။”

ဒါကြောင့် ဆရာတော် Lucas ကို သာသနာပိုင် ရဟန်းလောင်းအဖြစ် အခုလိုခန့်အပ်မှုဟာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက်လည်း သက်ဆိုင် နေတယ်လို့ Robert Kim Pu က သုံးသပ်ပါတယ်။

“၀ ဒေသမှာရှိတဲ့ ၀ လူမျိုးတွေနဲ့ တခြားမြန်မာပြည်က တိုင်းရင်းသားတွေနဲ့ လက်ရှိ အစိုးရနဲ့ ငြိမ်းချမ်းရေးဘက်ကို ဦးတည်ပြီးတော့ ဒီမိုကရေစီ တိုင်းပြည် တည်ထောင်ဖို့ရန်အတွက် ဒီလိုမျှော်မှန်းချက်တွေရှိလို့ အဲဒီဒေသမှာ ကိုယ်တိုင်သွားပြီးတော့မှ အမှုဆောင်ခဲ့တဲ့ ရဟန်းဘုန်းတော်ကြီး တပါးကို အဲဒီအချက်တွေကို အဓိကထားပြီးတော့ သူ့ကိုရွေးချယ်တယ်လို့ ထင်ပါတယ်။”

၁၉၆၂ ခုမှာ မွေးဖွားတဲ့ Father Lucas Dau Ze Jeimphaung ဟာ ၁၉၉၆ ခုနှစ်မှာ သိက္ခာရ ရဟန်းဖြစ်လာခဲ့ပြီး၊ ရန်ကုန်တက္ကသိုလ် ကနေ သမိုင်းဘာသာနဲ့ ဘွဲ့ရခဲ့ပါတယ်။ သမ္မာကျမ်းစာနဲ့ ဘာသာရေးစာပေအတွက် ၂၀၀၃ ခုနှစ် ဖိလစ်ပိုင်နိုင်ငံမှာ ပညာသင်သွားခဲ့ပြီး ၂၀၁၇ ကနေ ခုချိန်ထိ ပြင်ဦးလွင်မြို့က Salesian ဒဿနိကဗေဒ သင်တန်းကျောင်းမှာ ကျောင်းအုပ်ကြီးအဖြစ် တာဝန်ယူနေသူ ဖြစ်ပါတယ်။

Father Lucas နဲ့အတူ ဖိလစ်ပိုင်က Bishop Ricardo Baccay နဲ့ Papua New Guinea က Father John Bosco Auram တို့ကိုလည်း သာသနာပြုဆရာတော်တွေအဖြစ် ခန့်အပ်ခဲ့ပါတယ်။

....................

{Unicode}














တိုက်ရိုက် လင့်ခ်


XS
SM
MD
LG