သုံးရလွယ်ကူစေသည့် Link များ

ဘရာဇီးလ်နိုင်ငံ၊ Rio De Janeiro မြို့ မှာကျင်းပနေတဲ့ နွေရာသီ အိုလံပစ်ပွဲ ဒီနေ့ပြီးဆုံးမှာဖြစ်ပြီး ပိတ်ပွဲအလံကိုင်ဆောင်သူအဖြစ် အမေရိကန် ဂျွမ်းဘားမယ် Simone Biles ကို အမေရိကန်အားကစားသမားတွေက ရွေးချယ်လိုက်ပါတယ်။ ဒီနှစ် အိုလံပစ်ပွဲမှာ ရွှေတံဆိပ်လေးဆုနဲ့ ကြေးတံဆိပ်တဆု ဆွတ်ခူးခဲ့တဲ့ Biles ကအလံကိုင်ဖို့ ခုလိုရွေးချယ်ခံရတဲ့အတွက် သိပ်ကို ဂုဏ်ယူမိပါတယ်လို့ပြောပါတယ်။

အိုလံပစ်ပွဲ နောက်ဆုံးနေ့ဖြစ်တဲ့ ဒီကနေ့ တနင်္ဂနွေနေ့မှာတော့ ရွေတံဆိပ် ၁၂ ဆုချီးမြှင့်မယ့်ပွဲတွေ ကျင်းပမှာဖြစ်ပြီး အမျိုးသား ဘတ်စကက်ဘောနဲ့ အမျိုးသား မာရသွန်ပြေးပွဲတွေပါဝင်မှာဖြစ်ပါတယ်။ စနေနေ့ ပြိုင်ပွဲတွေမှာတော့ အမျိုးသားဘောလုံးပွဲမှာ ဘရာဇီးလ်အသင်းက ဂျာမဏီသင်းကိုအနိုင်ကစားပြီး ရွှေတံဆိပ်ဆွတ်ခူးသွားပါတယ်။ ဘောလုံးကို အရူးအမူးအားပေးကြတဲ့ ဘရာဇီးလ်ဘောလုံးသမားတွေအတွက် ဒါဟာအိုလံပစ်မှာ ပထမဆုံးရလိုက်တဲ့ ရွှေတံဆိပ်ဖြစ်ပါတယ်။

စနေနေ့က အမျိုးသမီး ဘတ်စကက်ဘောမှာတော့ အမေရိကန်က စပိန်ကို အနိုင်ရပြီး အိုလံပစ်ပြိုင်ပွဲမှာ ၆ နှစ်ဆက်တိုက် ရွှေတံဆိပ်ပိုင်ရှင် ဖြစ်သွားပါပြီ။ ရေကူး၊ စက်ဘီးနဲ့ အပြေး ဆိုပြီး အားကစားသုံးမျိုးပေါင်းစပ်ထားတဲ့အမျိုးသမီး Triathlon ပွဲမှာလည်း အမေရိကန်သူ Gwen Jorgensen ရွှေတံဆိပ်ရသွားကြောင့် ဒါဟာ အမေရိကန် အနေနဲ့ ဒီပြိုင်ပွဲမျိုးမှာ ပထမဆုံး အိုလံပစ် ရွှေရတာဖြစ်ပါတယ်။ ။ ဗြိတိန်နိုင်ငံသား Mo Farah ကလည်းနှစ်ပေါင်းလေးဆယ်အတွင်း မီတာ ၅ထောင် နဲ့ မီတာ တသောင်း ပြိုင်ပွဲ ၂ ခုလုံးမှာ ရွှေတံဆိပ်ဆွတ်ခူးခဲ့တဲ့ ပထမဆုံးအားကစားသမားဖြစ်လာပါတယ်။

၂၀၁၆ Rio အိုလံပစ် အားကစား ပြိုင်ပွဲ ၁၅ ရက်မြောက်နေ့ ဖြစ်တဲ့ စနေနေ့ ပြိုင်ပွဲတွေမှာ အမေရိကန်က ရွှေ ၄၃၊ ငွေ ၃၇၊ ကြေး ၃၆ နဲ့ ပထမနေရာမှာ ရှိနေပြီး ဗြိတိန်နိုင်ငံက ရွှေ ၂၇၊ ငွေ ၂၂၊ ကြေး ၁၇ နဲ့ ဒုတိယ။ တရုတ်က ရွှေ ၂၆၊ ငွေ ၁၈၊ ကြေး ၂၆ နဲ့ တတိယ နေရာတွေမှာ ရှိပါတယ်။

XS
SM
MD
LG