သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်စတာစီးတီးအသင်းပိုင်ရှင် ထိုင်းသူဌေးကြီး ရဟတ်ယာဉ်ပျက်ကျ


ထိုင်းဘီလျံနာ သူဌေးကြီး Vichai Srivaddhanaprabha 
ထိုင်းဘီလျံနာ သူဌေးကြီး Vichai Srivaddhanaprabha 

အင်္ဂလန် ပရီးမီးယားလိဂ် Leicester City ဘောလုံးအသင်း ပိုင်ရှင် ထိုင်းဘီလျံနာ သူဌေးကြီး Vichai Srivaddhanaprabha ဟာ စနေနေ့က ရဟတ်ယာဉ် ပျက်ကျတာမှာ ကွယ်လွန်သွားတဲ့အကြောင်း ဘောလုံးအသင်းက တနင်္ဂနွေနေ့မှာ တရားဝင် ထုတ်ပြန် ကြေညာပါတယ်။

သူနဲ့အတူ ရဟတ်ယာဉ်ပေါ်ပါသွားသူ ကျန်လေးဦးစလုံးလည်း ကွယ်လွန်သွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်စတာစီးတီးအသင်းပိုင်ရှင် ထိုင်းသူဌေးကြီး အတွက် လွမ်းသူ့ပန်းခွေများ လာချ
လက်စတာစီးတီးအသင်းပိုင်ရှင် ထိုင်းသူဌေးကြီး အတွက် လွမ်းသူ့ပန်းခွေများ လာချ

စနေနေ့ လက်စတာစီးတီးနဲ့ ဟတ်ဒါစ်ဖီးလ်ဒ်တို့ King Power ကွင်းမှာ ကစားပြီးတဲ့နောက် မစ္စတာ Vichai ရဟတ်ယာဉ်နဲ့ ပြန်တဲ့အချိန် တက်ပြီး သိပ်မကြာခင်မှာပဲ ဘောလုံးကွင်းအနီး ကားရပ်နားရာနေရာမှာ ရဟတ်ယာဉ် ပျက်ကျပြီး မီးလောင်သွားတာပါ။

အသက် ၆၀ အရွယ် ဘောလုံးအသင်းပိုင်ရှင် Vichai နဲ့ ၄ ဦး ရဟတ်ယာဉ်ပေါ်မှာ လိုက်ပါ သွားခဲ့တာ ဖြစ်ပြီး ၅ ဦးစလုံး သေဆုံးခဲ့ရ ကြောင်းနဲ့ ကျန်ရစ်သူ မိသားစုဝင်တွေအတွက် ဝမ်းနည်းကြကွဲရပါကြောင်း အသင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မစ္စတာ Vichai အတွက် အောက်မေ့ဘွယ် အခမ်းအနားကို အောက်တိုဘာလ ၃၀ အင်္ဂါနေ့မှာ King Power အားကစားရုံထဲမှာ မနက် ၈ နာရီ မှာကျင်းပမှာ ဖြစ်ပါတယ်။ အင်ဂလန် ပရီမီယာလိဂ် ဖလားပွဲရဲ့ အင်္ဂါနေ့ ပွဲစဉ် ၂ ခုကိုတော့ ရွှေ့ဆိုင်းထားကြောင်းလည်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

စနေနေ့ည ရဟတ်ယာဉ် ပျက်ကျရာနေရာကို လက်စတာရှိုင်းယား ရဲတွေ၊ အရှေ့ Midlands အရပ်က အရေးပေါ်လူနာယာဉ်ဌာနနဲ့ လက်စတာရှိုင်းယား မီးသတ်နဲ့ ကယ်ဆယ်ရေးအဖွဲ့ တွေအားလုံး ရောက်ရှိလာပြီး တုန့်ပြန်ဆောင်ရွက်ပေးခဲ့သလို ဖြစ်ပွါးရတဲ့ အကြောင်းရင်းကို သိရဖို့ AAIB လေကြောင်း မတော်တဆဖြစ်မှု ဆိုင်ရာ စုံစမ်းရေးဌာနက ဦးဆောင်ပြီး တနင်္ဂနွေနေ့မှာ ဆက်လက် စုံစမ်းစစ်ဆေးနေတယ်လို့ ဒေသခံရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မစ္စတာ Vichai ဟာ လက်စတာစီးတီးအသင်းကို ၂၀၁၀ ပြည့်နှစ်က ဝယ်ယူထားတာဖြစ်ပြီး ၂၀၁၅-၂၀၁၆ ခုနှစ် ဘောလုံးရာသီမှာ တော့ ပရီးမီးယားလိဂ်ချန်ပီယံဖလားကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အဲဒီ ၂၀၁၆ ခုနှစ်က ချန်ပီယံဖလားရပြီးတဲ့နောက် မေလမှာ အသင်းမန်နေဂျာနဲ့ အသင်းသားတွေဟာ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ကို သွားရောက် လည်ပတ်ခဲ့ပြီး ရွှေတိဂုံဘုရားကိုလည်း ဖူးမျှော်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG