သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေနဲ့အတူ ရပ်တည်ကြောင်း ကုလဆိုင်ရာ ကန် သံအမတ်ကြီးပြော


ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Linda Thomas-Greenfield
ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Linda Thomas-Greenfield

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှု၊ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကြုံခဲ့ရတာ ၇ နှစ်ပြည့်တဲ့ ဒီသီတင်းပတ်မှာ ဒီအကြမ်းဖက် ဖြစ်ရပ်ဆိုးကြီးနဲ့ ကြုံခဲ့ရသူတွေ၊ အသက်ရှင်ကျန်ရစ်သူတွေဘက်က အမေရိကန်ပြည်ထောင်စုက ဆက်လက် ရပ်တည်နေကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield က သြဂုတ်လ ၂၆ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

မြန်မာစစ်တပ် ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအတွက် တရားမျှတမှုနဲ့ တာဝန်ခံမှု ရှိလာအောင် ကြိုးပမ်းသွားဖို့ ထပ်လောင်း ကတိပြုကြောင်းလည်း သံအမတ်ကြီး Thomas-Greenfield က ပြောပါတယ်။

ဒါ့အပြင် စစ်ပွဲတွေ ပိုမို ပြင်းထန်လာနေတဲ့ မြန်မာနိုင်ငံမှာ မြန်မာစစ်တပ်ကိုရော၊ တခြားသော လက်နက်ကိုင် အဖွဲ့အစည်းတွေကိုပါ အရပ်သား ပြည်သူတွေကို ကာကွယ်ပေးဖို့နဲ့ လူသားချင်းစာနာမှု အကူအညီတွေကို အကန့်အသတ် မထားဘဲ ခွင့်ပြုပေးဖို့လည်း သံအမတ်ကြီး Thomas-Greenfield က တောင်းဆိုပါတယ်။

ဒီအတောအတွင်း - မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မွတ်ဆလင် လူနည်းစုတွေ အပေါ် အကြမ်းဖက် နှိမ်နင်းတာတွေ ဆက်ရှိနေပြီး သတ်ဖြတ်ခံရသူတွေထဲမှာ ကလေးငယ်တွေလည်း ပါဝင်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တချို့က ဒီကနေ့ ထပ်မံ သတိပေး ပြောဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ မြန်မာစစ်တပ်နဲ့ အာရက္ခတပ်တော် AA တို့အကြား တိုက်ပွဲတွေ ပိုမို ပြင်းထန်လာနေပြီး ဒီတိုက်ပွဲတွေကြား ရိုဟင်ဂျာတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်တာတွေ ရှိနေတဲ့အကြောင်း နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ Fortify Rights က ဒီကနေ့ ထုတ်ပြန်ပါတယ်။

မျက်မြင်တွေကို မေးမြန်းပြီး စုံစမ်းသိရှိမှုတွေ အရ ဒီလအတွင်းမှာပဲ AA အဖွဲ့က ရိုဟင်ဂျာတွေကို ဒရုန်းတွေ၊ မော်တာကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်တာတွေ ရှိခဲ့တဲ့အကြောင်းနဲ့ ဒီတိုက်ခိုက်မှုတွေအတွင်း အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် ရိုဟင်ဂျာ ၁၀၀ ကျော် သေဆုံးခဲ့တယ်လို့ Fortify Rights အဖွဲ့က ပြောပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံး ICC အနေနဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်သွားဖို့လည်း ဒီအဖွဲ့က တောင်းဆိုထားပါတယ်။

၂၀၁၇ ခုနှစ် ခုလိုကာလမှာပဲ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း ရိုဟင်ဂျာတွေ သိန်းနဲ့ချီ အိမ်နီးချင်း ဘင်္လားရှေ့နိုင်ငံထဲ အစုလိုက်အပြုံလိုက် ထွက်ပြေးခဲ့ရသလို၊ ဒီဖြစ်ရပ်ကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် နိုင်ငံတကာ တရားရုံးက စုံစမ်းစစ်ဆေးမှုတွေ လုပ်နေဆဲလည်း ဖြစ်ပါတယ်။

ရိုဟင်ဂျာတွေနဲ့အတူ ရပ်တည်ကြောင်း ကုလဆိုင်ရာ ကန် သံအမတ်ကြီးပြော
please wait

No media source currently available

0:00 0:00:47 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG