သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့် တိုက်ပွဲတွေကြား အရပ်သား ၃၀ ခန့်သေဆုံးကြောင်း ဒေသခံတွေခန့်မှန်း 


ဖားကန့်မြို့နယ် ဆိုင်းတောင်မှာ တိုက်ပွဲကြောင့် နေအိမ်တွေမီးလောင်ကျွမ်းနေစဉ် (စက်တင်ဘာ ၁၂၊ ၂၀၂၄)
ဖားကန့်မြို့နယ် ဆိုင်းတောင်မှာ တိုက်ပွဲကြောင့် နေအိမ်တွေမီးလောင်ကျွမ်းနေစဉ် (စက်တင်ဘာ ၁၂၊ ၂၀၂၄)

ကချင်ပြည်နယ်၊ ဖားကန့်မှာ စစ်ကောင်စီနဲ့ အတိုက်အခံ လက်နက်ကိုင်အဖွဲ့တွေကြား သီတင်း ၁ ပတ်ကျော်ကြာ တိုက်ပွဲတွေကြောင့် အရပ်သား ၃၀ ထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့မှာလည်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် သေကြေထိခိုက်မှုတွေ ရှိခဲ့တယ်လို့ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ဒေသခံတယောက်ကပြောပါတယ်။

"ဆိုင်းတောင်မှာ ဒီကနေ့ တိုက်ပွဲပြင်းထန်တယ်။ မနေ့ညက တညလုံးတိုက်ပွဲပြင်းထန်တယ်။ ဆိုင်းတောင်မှာ တိုက်ပွဲပြင်းထန်နေတာ အခုဆိုရင် ၁၀ ရက်ရှိပြီပေါ့နော်။ ဒီ ၁၀ရက်အတွင်းမှာ ဆိုလို့ရှိရင် စစ်ကောင်စီနဲ့ ရှမ်းနီပြည်သူ့စစ်တွေပူးပေါင်းပြီးတော့ ဆိုင်းတောင်ရပ်ကွက်(၄) ဘက် မီးရှို့တာ အိမ်ခြေ အလုံး ၁၅၀ လောက် မီးလောင်သွားပြီပေါ့နော်။ ဒီတိုက်ပွဲ ၁၀ရက်အတွင်းမှာ စစ်ကောင်စီသတ်ဖြတ်လို့ ပစ်ခတ်လို့ ပြည်သူတွေ သေဆုံးတာ အယောက် ၃၀ ကျော်ပြီ။ ထိခိုက်ဒဏ်ရာရတာတွေလည်းအများကြီးရှိတယ်။ ပြည်သူတွေ နေအိမ်တွေ ထိခိုက်ပျက်စီးတာတွေလည်း အများကြီးရှိတယ်ပေါ့နော်။"

စစ်ကောင်စီတပ်စခန်းတွေက ပစ်ခတ်နေတဲ့ လက်နက်ကြီး ကျည်တွေဟာ ဖါးကန့် လူနေရပ်ကွက် နေရာအနှံ့ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေက ပြောပါတယ်။ စက်တင်ဘာလ ၇ ရက်နေ့ကနေ စတင်ခဲ့တဲ့ ဖါးကန့် ဆိုင်းတောင်တိုက်ပွဲကြောင့် ကချင်ပြည်နယ်မှာ စစ်ရေးတင်းမာမှု မြင့်မားနေပြီး နှစ်ဘက်စလုံးကနေ လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်ခတ်တာတွေရှိနေကြောင်းလည်း ဖားကန့်ဒေသခံတွေက ပြောပါတယ်။

ဖါးကန့်တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီက လတ်တလော သတင်းထုတ်ပြန်တာတော့ မတွေ့ရသေးပါဘူး။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအနှံ့ လက်နက်ကိုင် ပဋိပက္ခတွေ ကြီးထွားလာရာက စစ်စခန်းတွေ လက်လွတ်ဆုံးရှုံးနေချိန်မှာ အပြင်းအထန် လက်တုံ့ပြန်မယ်လို့ စစ်ကောင်စီ အကြီးအကဲက သတိပေးပြီးနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုတွေလည်း တိုးလာနေတာ ဖြစ်ပါတယ်။

Forum

XS
SM
MD
LG