သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွိုင်ကော်မြို့ဘုရားကျောင်းတခု လက်နက်ကြီးထိမှန် လူ၄ဦးသေဆုံး


 လွိုင်ကော်မြို့ဘုရားကျောင်းတခု လက်နက်ကြီးထိမှန် "AFP PHOTO / KANTARAWADDY TIMES "
လွိုင်ကော်မြို့ဘုရားကျောင်းတခု လက်နက်ကြီးထိမှန် "AFP PHOTO / KANTARAWADDY TIMES "

{{Zawgyi/Unicode}}

ကယားပြည်နယ် လွိုင်ကော်မြို့၊ ဒီမော့ဆိုမြို့နဲ့ ရှမ်းပြည်နယ် မိုးဗြဲမြို့တို့မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲတွေဖြစ်ပွါးနေပါတယ်။ လွိုင်ကော်မြို့မှာတော့ ဒီနေ့ကစပြီး စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ထားပါတယ်။ လွိုင်ကော်မြို့က ဘုရားကျောင်းတခုအပေါ် လက်နက်ကြီးကျည်ထိမှန်လို့ ၄ ယောက် သေဆုံးပါတယ်။ တိုက်ခိုက်မှုတွေကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးနေကြရပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ဗွီအိုအေသတင်း ထောက် နိုင်ကွန်းအိန်ကနေ ပြောပြပေးမှာပါ။

ကယားပြည်နယ် လွိုင်ကော်မြို့နယ်မှာ ဒေသခံလူငယ်တွေ စုဖွဲ့ထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တို အကြား တိုက်ပွဲဖြစ်ပွါးနေပြီး ဒီနေ့ တနင်္လာနေ့ မနက် အစောပိုင်းမှာ စစ်တပ်ဖက်က ပစ်ခတ်မှုကြောင့် လွိုင်ကော်မြို့နယ် ကယန်းသာယာကျေးရွာရှိ ဘုရားကျောင်းထဲ လက်နက်ကြီး ကျရောက်ခဲ့ပြီး အရပ်သား ၄ ယောက် သေဆုံးခဲ့တယ်လို့ လွိုင်ကော်မြို့ခံတဦးကပြောပါတယ်။

"မနေ့ကညဆို တညလုံး အမြှောက်တွေထုတယ်ပေါ့နော် ။ တောင်ကုန်းပေါ်ကနေ မြို့ပတ်ပတ်လည်တွေမှာ အမြောက်နဲ့လိုက်ထုနေတယ်။ ပိုပြီးဖြစ်တာက ကယန်းသာယာကျေးရွာက ဒီမနက် (၁) နာရီမှာ ဘုရားကျောင်းထဲ မှာပုန်းခိုနေတဲ့ ပြည်သူလူထုတွေကိုအမြောက်တပ်ကအမြောက်နဲ့ ထုပြီး ပြည်သူလူထုဘက်က ပွဲချင်းပြီး (၄) ယောက် သေသွားပြီး (၈) ဦးလောက်ဒဏ်ရာရရှိသွားတယ်"

လွိုင်ကော်မြို့နယ်အတွင်း ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဘုရားကျောင်းထဲ လာရောက်ခိုလှုံနေသူတွေ အမျိုးသား ၁ ယောက်၊ အမျိုးသမီး ၃ ယောက် သေဆုံးခဲ့ကြတာဖြစ်ပါတယ်။
ဒါ့အပြင်လွိုင်ကော်မြို့မှာလဲ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ထားသလို မြို့ထဲက နာနတ်တောရပ်ကွက်နဲ့ ပန်းကန်ရပ်ကွက်တွေမှာ ပစ်ခတ်တိုက်ခိုက်မှုတွေရှိနေဆဲလို့ လွိုင်ကော်မြို့ခံ အမျိုးသမီးတဦးကပြောပါတယ်။

"လွိုင်ကော်မြို့တွင်း အခြေအနေကတော့ ဒီမှာအပစ်အခတ်တွေဖြစ်နေတယ်ပေါ့နော်။ အခုနာနတ်တောကပိုကြပ်နေတာပေါ့နော်။ အရပ်(၈)မျက်နှာလုံး နာနတ်တောကို ပိတ်ထားပါတယ်။ ပန်းကန်းဘက်လဲပစ်တယ်။ Martial Law ထုတ်ထားတယ်ရှင့် ။ မနေ့ည(၂)နာရီကတည်းကထုတ်ထားတာ။ အဲဒီလိုလေ။ တင့်ကားတွေနဲ့ထွက်လာပြီးတော့နော် အဲဒီမှာပစ်နေတာပေါ့"

ဒီနေ့ ညနေပိုင်း(၄)နာရီအထိဆက်သွယ်ချက်အရ လွိုင်ကော်မြို့တွင်းပစ်ခတ်မှုမှာ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က တဦးကျဆုံးတယ်လို့ ဒေသခံတချို့က ပြောပေမဲ့သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒါ့အပြင်လွိုင်ကော်မြို့နယ်ထဲက ပီကင်းကောခူ စစ်ဘေးရှောင် ပြည်တွင်း ဒုက္ခသည်စခန်းမှာ စစ်ကောင်စီတပ်ဖက်က တပ်စွဲထားလို့ စခန်း နေသူ တထောင်ကျော် ဘေးလွတ်ရာကို တိမ်းရှောင်နေရပါတယ်။

ဒီမောဆိုမြို့မှာလည်း လက်နက်စွဲကိုင်လာကြတဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီ တပ်တို့အကြား တိုက်ပွဲပြင်းထန်နေပါတယ်။

တနင်္ဂနွေနေ့ ညနေပိုင်းက PDF အဖွဲ့တွေက ဒီမောဆိုမြို့ထဲက အစိုးရရုံးတချို့ကို မီးရှို့ဖျက်စီးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

အဲဒီနောက် စစ်တပ်ဖက်က စစ်ကူရောက်လာတဲ့ တပ်တွေ ဝင်ရောက်တပ်စွဲ စခန်းချနေတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

"မနေ့ညရဲ့နောက်ဆက်တွဲ စသုံးလုံးရုံးရယ်။ ထွေအုပ်ရုံး တရားရုံး လျှပ်စစ် သူတို့အဲဒီရုံးမှာခြေကုတ်ယူထားတယ်လေ။ အများစုအဲဒီရုံးတွေမီးလောင်သွားတော့ ဒီကောင်တွေက တခြားနေရာရွှေ့ကုန်တယ်။ အခုလက်ရှိကတော့ လူသူကိုမရှိတော့ဘူးကျွန်တော်တို့မြို့ပေါ်မှာ။ စစ်ကောင်စီတပ်ကတော့ရဲစခန်းမှာနေရာယူထားတုန်း။ မနေ့ညတုန်း က တင့်ကားတွေအဲဒီနေရာကိုရောက်လာထားတာ"

ကယားပြည်နယ် ဒီမော့ဆိုမြို့ ဒေါင်ခါးရပ်ကွက်ကနေ ငွေတောင်ကျေးရွာထိ လမ်းမကြီးတစ်လျှောက် Non-CDM ရုံးတွေ ဒလန်အိမ်တွေကို ယနေ့ မေလ (၂၄)ရက် မနက် (၇)နာရီကျော်မှာ ဖြိုချဖျက်ဆီးခဲ့ကြောင်း ကရင်နီပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ KPDF မှ ထုတ်ပြန်ကြေညာထားပါတယ်။

လက်ရှိဒီမောဆိုမြို့အတွင်း စစ်ကောင်စီတပ်ဖွဲ့တွေကနေ အားဖြည့်နေရာယူထားတာပြီး ဒေသခံသောင်းနဲ့ချီ စစ်ဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့ ဒေသခံကယားပြည်နယ်ဒီမိုကရက်တစ်ပါတီတာဝန်ရှိသူ ခူသဲရယ် ကပြောပါတယ်။

"စုစုပေါင်းလူဦးရေက(၂)သောင်းလောက်ရှိတာပေါ့။ ဒီမော့ဆိုသက်သက်က(၂)သောင်းကျော်နေပြီး။ စစ်ဘေးရှောင် စခန်းတော့ ဒီမော့ဆိုဘက်မှာ သီးသန့်ဖွင့်ထားတာမရှိသေးဘူး။ ဒါပေမဲ့တောတောင်မှာသွားနေကြတယ်။ တချို့က သူ့အမျိုးအိမ်မှာသွားနေကြတယ်"

ပြီးခဲ့တဲ့သောကြာနေ့နဲ့စနေနေ့တုန်းကလဲ ဒီမော့ဆိုမြို့မှာ PDF တပ်ဖွဲ့တွေနဲ့စစ်ကောင်စီတပ်ဖွဲ့တို့ ပစ်ခတ် တိုက်ခိုက် မှုမှာတော့ စစ်ကောင်စီစခန်းတခု ဖြစ်တဲ့ ဒေါတဝီဂိတ် ကို ပြည်သူ့ကာကွယ် အဖွဲ့ကသိမ်းပိုက်ခဲ့ကြပါတယ်။

တခါ ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့မှာ မနေ့က တနင်္ဂနွေနေ့က PDFအဖွဲ့ကနေ ရဲစခန်းကို ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့ ရာမှာ ရဲတပ်ဖွဲ့ဝင် ၁၄ ယောက်ထက်မနည်း သေဆုံးတယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်တပ်ဖက်ကတော့ ဒါနဲ့ပါတ်သက်လို့ တစုံတရာ ပြောခြင်း မရှိသေးပါဘူး။ ဒီပစ်ခတ်တိုက်ခိုက်မှုမှာ PDF အဖွဲ့ဝင်တဦး ကျဆုံးပြီး (၂) ဦးဒဏ်ရာရရှိသလို မြို့ခံ(၂) ဦးလဲ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ေးသခံတွေကဆိုပါတယ်။

လက်ရှိမိုးဗြဲမြို့ခံတွေသောင်းနဲ့ချီနေရာကနေတိမ်းရှောင်နေရတယ်လို့ ကိုယ်တိုင်ထွက်ပြေးနေရတဲ့ မြို့ခံတဦးက ပြောပါတယ်။

"မိုးဗြဲကတော်တော်များတယ်။ တမြို့လုံးနီးပါးပြေးကုန်ပြီး။ လူဦးရေခန့်မှန်းခြေတော့ တသောင်းကျော် နှစ်ေသောင်း နီးပါး တော့ရှိမယ်ထင်တယ်။ စီးပူးတို့ ပီကင်းတို့ ရေလဲ့တို့အနောက်ပဒေါင်ဘက်ကိုပြေးနေတယ်။ မိုးဗြဲမြို့အခြေ အနေကလူမရှိသလောက် တိတ်ဆိတ်နေတယ်"

လက်ရှိကယားပြည်နယ် လွိုင်ကော်မြို့၊ ဒီမောဆိုမြို့နဲ့ ရှမ်းပြည်နယ် မိုးဗြဲမြို့တွင်း ဒေသခံပြည့်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ အကြား ပစ်ခတ်တိုက်ခိုက်မှုအခြေအနေကိုသိရှိဖို့ စစ်ကောင်စီပြောခွင့်ရကိုဆက်သွယ်ခဲ့ပေမဲ့မရခဲ့ပါဘူး။ လက်ရှိမှာတော့ အဲဒီမြို့ ၃ ခုလုံးမှာ စစ်တပ်ဘက်က အင်အားတွေ ထပ်ပြီးတိုးမြှင့်ထားပါတယ်။

.............................................

တိုက်ရိုက် လင့်ခ်

{{Unicode}}





















XS
SM
MD
LG