(Zawgyi / Unicode)
ကယားပြည်နယ် လွိုင်ကော်မြို့ အနီးဝန်းကျင် ဒေသတွေမှာ တနင်္ဂနွေနေ့ နေ့ခင်းပိုင်းကနေ ညနေခင်းအထိ တိုက်ပွဲတွေ ဖြစ်ခဲ့ပြီးနောက် တနင်္ဂနွေနေ့ ညမှာတော့ လွိုင်ကော်မြို့တွင်းမှာ နာရီဝက်နီးပါး သေနတ်တွေနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။
တိုက်ပွဲတွေ ပြင်းထန်နေတဲ့ လွိုင်ကော်နဲ့ဝန်းကျင် နောက်ဆုံးအခြေအနေတွေကို ညသန်းခေါင်အချိန်မှာ ဗွီအိုအေက ဆက်သွယ်မေးမြန်းတာမှာ ဒေသခံ ကိုကျော်က အခြေအနေကို ပြောပြပါတယ်။
“ည ၁၀ နာရီခွဲလောက်မှ ငြိမ်သွားတာ။ မြို့ထဲမှာကို ပစ်သွားတာ။ နှစ်ဖက်ပစ်တာ မဟုတ်ဘူး။ သူတို့ တဖက်တည်းက တမြို့လုံးကို မွှေပြီး ပစ်သွားတာ။ ၁၅ မိနစ်၊ မိနစ် ၂၀ လောက် ရှိမယ်ထင်တယ်။ မရပ်မနား ပစ်တာ။”
လွိုင်ကော်မြို့မှာ တပ်မတော်ဘက်က အင်အားဖြည့်ပြီး လုံခြုံရေး တင်းကျပ်ထားတာကြောင့် တပ်မတော်ဘက်က ပစ်ခတ်တာလို့ ဒေသခံတွေက ယူဆကြပါတယ်။ လွိုင်ကော်မှာ ညပိုင်း ပစ်ခတ်မှုမှာ ဘယ်အဖွဲ့လက်ချက် ဆိုတာကိုရော၊ ထိခိုက်ဒဏ်ရာရမှု အခြေအနေကိုရော ဗွီအိုအေအနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
လွိုင်ကော်အနီးဝန်းကျင် ဒေသတွေမှာ တနင်္ဂနွေနေ့က အာဏာသိမ်းစစ်တပ်ရဲ့ လုံခြုံရေးအဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF ကြား တိုက်ခိုက်ခဲ့ကြတာမှာ လွိုင်ကော်ထဲကနေပါ ပစ်ခတ်သံတွေ ကြားနေရပြီး ညဦးပိုင်းမှာ ပစ်ခတ်သံတွေ ပိုပြီး ဆိုးလာခဲ့တာပါ။ လွိုင်ကော်ဒေသခံက ...
“မြို့နဲ့အနီးမှာ တိုက်ပွဲက တော်တော်ကြီးတယ်ထင်တယ်။ အမြောက်တွေ လက်နက်ကြီးရော အတွဲလိုက်တွေရော ကြားနေရတယ်။” လို့ ပြောပါတယ်။
လွိုင်ကော်နဲ့ သိပ်ပြီးမဝေးလှတဲ့ ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ် မိုးဗြဲရဲစခန်းကို PDF အဖွဲ့က တနင်္ဂနွေနေ့ခင်းပိုင်းမှာ ဝင်ရောက်တိုက်ခိုက်တဲ့ ဗွီဒီယိုတခုလည်း လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။
အဲဒီဗွီဒီယိုထဲမှာတော့ အရပ်ဝတ် လူငယ်လေးတွေ ပြေးလွှား တိုက်ခိုက်နေတာကို တွေ့ကြရပါတယ်။ လွိုင်ကော်နဲ့ ဒီမော့ဆိုကြားက ပန်ကန်းမှာလည်း တိုက်ပွဲတွေဖြစ်ခဲ့ပြီး နေ့ခင်း ၂ နာရီခွဲလောက်ကနေစလို့ လက်နက်ကြီးသံတွေ ကြားနေရတယ်လို့လည်း လွိုင်ကော်ဒေသခံက ပြောပါတယ်။ တိုက်ပွဲတွေကနေ တိမ်းရှောင်နေကြသူတွေလည်း ရာချီရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။
-------------------
(Unicode)