သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွိုင်ကော်ဒေသခံ စစ်ဘေးရှောင်တွေ အရေးပေါ်အကူအညီ လိုအပ်နေ 


ကယားပြည်နယ်၊ လွိုင်ကော်မြို့ဝန်းကျင်က စစ်ဘေးရှောင်ပြည်သူများ။ (ဖေဖေါ်ဝါရီ ၂၊ ၂၀၂၂/ ဓာတ်ပုံ ခွန်ကျော်ဆွေ)
ကယားပြည်နယ်၊ လွိုင်ကော်မြို့ဝန်းကျင်က စစ်ဘေးရှောင်ပြည်သူများ။ (ဖေဖေါ်ဝါရီ ၂၊ ၂၀၂၂/ ဓာတ်ပုံ ခွန်ကျော်ဆွေ)

[[Zawgyi/Unicode]]

ကယားပြည်နယ်၊ လွိုင်ကော်မြို့နဲ့အနီးတဝိုက်က တိုက်ပွဲတွေကြောင့် မြို့လုံးကျွတ်နီးပါး အိုးအိမ် ပစ် ထွက်ပြေးနေကြသူတွေအတွက် အကူအညီတွေ လိုအပ်နေပါတယ်။ အများစုက ရှမ်းပြည် ဘက်ကို ထွက်ပြေးခိုလှုံနေကြတာမှာ ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့မှာ စစ်ဘေးရှောင်သူ ၂ သောင်းဝန်းကျင်ရှိနေပြီး သူတို့တွေအတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေတာပါ။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို အလိမ္မာက တင်ပြပေးထားပါတယ်။

ကယားပြည်နယ်၊ လွိုင်ကော်နဲ့ အနီးတဝိုက်မှာ နေထိုင်ကြသူတွေဟာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေ၊ လက်နက်ကြီးဒဏ်တွေကြောင့် ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေကြရတာ တလနီးပါးရှိပါပြီ။ ထွက်ပြေးလာသူတွေ ခိုလှုံနေကြတဲ့ ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့မှာဆိုရင်လည်း ဒုက္ခသည်အရေအတွက်က ၂ သောင်းဝန်းကျင်အထိ ရှိနေပါပြီ။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေတုန်းက လွိုင်ကော်မြို့၊ လွိုင်လင်လေကျေးရွာအုပ်စု၊ ကုန်းဆွတ်ကျေးရွာနားမှာ တိုက်ပွဲတွေဖြစ်ခဲ့တာကြောင့် အဲဒီကနေထွက်ပြေးလာသူတွေထဲက အယောက် ၁,၀၀၀ ကျော်ဟာလည်း ဆီဆိုင်မြို့ကို ထပ်ရောက်လာလို့ ဒုက္ခသည်တွေအတွက် အကူအညီတွေလိုအပ်နေတယ်လို့ ကူညီပေးနေတဲ့ ဒေသခံ ခွန်ကျော်ဆွေကပြောပါတယ်။

"စားနပ်ရိက္ခာလည်း လိုအပ်သေးတယ်ဗျ။ နောက် စောင်တို့၊ အိပ်ယာခင်းတို့၊ တချို့က တည်းဖို့ camp ထိုးဖို့လိုအပ်တာပေါ့နော်။ အခု ၂၈ ရက်နေ့မှာ ကုန်းဆွတ်ဘက်မှာထပ်ဖြစ်တဲ့ တိုက်ပွဲကြောင့် နောက်ထပ် လူ ၁,၀၀၀ ကျော်လောက် ဆီဆိုင်မြို့ထဲကို ထပ်ရောက်လာတယ်။ ထပ်ရောက်လာတဲ့ စစ်ရှောင်အသစ်အတွက်က နေစရာတွေ၊ စားနပ်ရိက္ခာတွေ၊ အဝတ်အစား၊ စောင်တွေ လိုအပ်တယ်ဗျ။ အရင်အဟောင်းတွေကိုတောင်မှ ကျနော်တို့ အကုန်လုံးမကူညီနိုင်တဲ့ အနေအထားရှိတယ်ဗျ။ အသစ်ထပ်တိုးလာတော့ လူဦးရေက အရမ်းများတဲ့အခါကျတော့ ဒီဟာတော့ တော်တော်လေးတော့ ခက်ခဲတာပေါ့ဗျ။ ဆီဆိုင်မြို့နယ်မှာက စစ်ရှောင်ဦးရေက ၂ သောင်းဝန်းကျင်တော့ ကျန်သေးတယ်ဗျ။ တခြားနေရာတွေမှာ ကျနော်ကြားသိသလောက်တော့ ပင်လောင်းဘက်မှာလည်း ၈,၀၀၀ ကျော်ရှိတယ်ဗျ။ မောက်မယ်မြို့နယ်ထဲမှာလည်း ၁,၀၀၀ ကျော်ရှိတယ်။ ဟိုပုန်းတို့၊ တောင်ကြီးတို့ဘက် ရောက်သွားတဲ့စစ်ရှောင်တွေရှိတယ်။"

စစ်ဘေးလွတ်အောင် ထွက်ပြေးလာသူတွေအတွက် မြို့ပေါ်မှာ ယာယီစခန်းတွေလုပ်ပြီး နေရာထိုင်ခင်း စီစဉ်ပေးထားသလို ဘာသာရေးအဆောက်အအုံတွေနဲ့ ရွာခန်းမမှာလည်း မျှပြီးထားနေရတာပါ။ ဒေသခံတွေရဲ့ နေအိမ်တွေမှာ လူအယောက် ၂၀ ကနေ ၃၀ အထိ စုပြီးနေကြတာလည်း ရှိပါတယ်။ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စုက ကောင်ထိုရွာမှာတော့ အိမ်ခြေ ၂၀ ကျော်သာရှိပြီး အဲဒီမှာရောက်နေတဲ့ ပြည်တွင်းဒုက္ခသည် ၃၅၀ ကျော်လောက်ရှိနေလို့ သူတို့အတွက် နေစရာ တဲထိုးဖို့ မိုးကာတွေလည်း လိုအပ်နေပါတယ်။ အဲဒါအပြင် အရေးပေါ်လိုအပ်ချက်တွေထဲမှာ ဆေးဝါး၊ စားနပ်ရိက္ခာနဲ့ ရာသီဥတုအအေးဒဏ်ကြောင့် စောင်နဲ့ အိပ်ယာခင်းတွေလည်း လိုနေတယ်လို့ ကုန်းဆွတ်ရွာကနေ စစ်ဘေးလွတ်အောင် ပြေးလာသူတွေက ပြောပြပါတယ်။

"သူတို့လတ်တလော အရေးပေါ် လိုအပ်တာကတော့ အဝတ်အစားတွေလိုမယ်၊ မိုးကာတွေရောပေါ့။ မိုးကာတွေ၊ စောင်တွေ၊ အဝတ်အစားတွေ၊ အိပ်ယာခင်းတွေပေါ့။ မြေပေါ်မှာ ဒီတိုင်းတဲထိုးပြီး အိပ်ကြရတာကို အများကြီးပဲ။ အမျိုးသမီးတွေရဲ့ အသုံးအဆောင်လည်း လိုတာပေါ့။ ထမင်းအိုးတွေလည်း လိုတယ်လို့ပြောတယ်ဗျ။ ချက်စရာအိုးတွေ၊ ဒယ်အိုးတွေပေါ့။"

ထွက်ပြေးလာသူအများစုက ပအိုဝ်းဘာသာစကားပြောသူတွေဖြစ်လို့ ကူညီပေးနေသူကတဆင့် ပြန်ရှင်းပြထားတာပါ။ ကုန်းဆွတ်ရွာမှာ တိုက်ပွဲတွေဖြစ်ခဲ့ပြီး ရွာထဲမှာ တပ်စွဲနေတာလည်းရှိလို့ ကြောက်လန့်ပြီး အများစုက ထွက်ပြေးလာကြတာပါ။ စစ်အာဏာသိမ်းပြီးချိန်ကစလို့ ကယားပြည်နယ်ထဲက မြို့နယ်တချို့မှာ တိုက်ပွဲတွေ ဆက်တိုက်ဆိုသလိုရှိနေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်တာ၊ လေကြောင်းကနေ တိုက်ခိုက်တာတွေကြောင့် ဒေသခံတော်တော်များများ ဘေးလွတ်နိုင်မယ့်နေရာတွေဆီ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတာပါ။ နယ်မြေထဲမှာ တိုက်ပွဲတွေ တော်တော်ပြင်းထန်လာလို့ ပြီးခဲ့တဲ့ ဇန်နဝါရီလကစပြီး တမြို့လုံး၊ တရွာလုံးနီးပါး ထွက်ပြေးနေကြရတာပါ။ ထွက်ပြေးလာသူတွေကို ပြည်သူအချင်းချင်း ကူညီပေးတာတွေ၊ လိုအပ်တာတွေကို ဒေသခံတွေက ဖြည့်ဆည်းဆောင်ရွက်ပေးနေပေမယ့် စစ်ပြေးဒုက္ခသည်တွေ
တစထက်တစများလာလို့ အကူအညီတွေ ထပ်ပြီး လိုအပ်နေတာပါ။

ကိုယ့်ရဲ့နေအိမ်ကို စွန့်ခွာလာကြရသူတွေဟာ ဒေသတွင်းအခြေအနေ တည်ငြိမ်စပြုပြီအထင်နဲ့ တချို့အိမ်ပြန်သွားသူတွေလည်း ရှိပါတယ်။ ဒါပေမယ့်လည်း နယ်မြေထဲ တိုက်ပွဲအခြေအနေတွေကြောင့် ချက်ချင်း ပြန်ထွက်ပြေးလာရသူတွေလည်း ရှိနေတာပါ။ ဒီလိုထွက်ပြေးလာရသူတွေအနေနဲ့ ကိုယ့်ရဲ့နေအိမ်ဆီ ပြန်နိုင်ဖို့ အလှမ်းဝေးနေသေးတဲ့ အခြေအနေကို သူတို့ကို ကူညီပေးနေသူတယောက်က ခုလိုရှင်းပြပါတယ်။

"လိုင်းပေါ်မှာ သူတို့ကြည့်ပြီးတော့ ပြန်လို့ရတယ်လို့ပြောတယ်။ ပြန်သွားတဲ့အခါကျတော့ တကယ်တမ်းလိုင်းပေါ်မှာ တွေ့သလို လုံခြုံမှုမရှိဘူးပေါ့။ အဲလိုဖြစ်တဲ့အခါကျတော့ သူတို့ရောက်တာနဲ့ ချက်ချင်းပြန်လှည့်လာတဲ့ စစ်ဘေးရှောင်တွေလည်း အများကြီးရှိတယ်ဗျ။ တချို့ကျတော့ ပစ္စည်းအခိုးခံရတာတို့၊ အိမ်ဖောက်ခံရတာတို့ အဲလို စိုးရိမ်ကြောင့်ကြမှုနဲ့ ပြန်သွားကြတာ ရှိတယ်ဗျ။ ကျနော်တို့ စစ်ရှောင်စခန်းထဲမှာရှိတဲ့ စစ်ရှောင်ပြည်သူ IDP တွေကလည်း သူတို့အိမ်မရှိတော့ဘူးလေ။ အိုးမရှိ၊ အိမ်မရှိဖြစ်တော့ ပြန်တော့လည်း ဘယ်မှာသွားနေရမှန်း မသိဘူးဖြစ်နေသူတွေလည်း အများကြီးရှိတယ်။ ဒီထက်ပိုပြီး ဆိုးရွားတာက မိတခြား၊ ဖတခြားရောက်သွားတဲ့ အုပ်စုတွေလည်း ရှိတယ်ဗျ။ အဲလိုလူတွေကလည်း သူတို့ဘယ်လိုပြန်ဆုံစည်းပြီးတော့ အတူပြန်ရမလဲဆိုတာ အတော်ခက်ခဲတာပေါ့ဗျ။"

စစ်ဘေးလွတ်အောင် ထွက်ပြေးလာကြသူ အများစုက အမျိုးသမီးတွေဖြစ်ပြီးတော့ အဲဒီထဲမှာ သက်ကြီးရွယ်အို၊ နာမကျန်းသူ၊ ကလေးငယ်တွေနဲ့ မွေးခါနီး ကိုယ်ဝန်ဆောင်တွေလည်း ပါဝင်ပါတယ်။ သူတို့အတွက် လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ပအိုဝ်း ကျန်းမာရေးလုပ်ငန်း ဖော်ဆောင်ရေးကော်မတီက ကူညီပေးနေပါတယ်။

အိုမီခရွန် ကိုဗစ်ပိုးသစ်ကူးစက်သူ မြန်မာနိုင်ငံထဲမှာ ရှိနေတာမို့ လူဦးရေများပြားနေတဲ့ ယာယီဒုက္ခသည်စခန်းတွေမှာ ကပ်ရောဂါကူးစက်မှု မရှိစေဖို့ကိုလည်း ကျန်းမာရေးစောင့်ရှောက်ပေးနေသူတွေက ဝိုင်းဝန်းကြိုးပမ်းနေကြပါတယ်။ သောင်းနဲ့ချီ ထွက်ပြေးခိုလှုံနေရတဲ့ စစ်ဘေးရှောင်သူတွေအတွက် ကျန်းမာရေး၊ စားသောက်နေထိုင်ရေး အကူအညီ အမြန်ဆုံး လိုအပ်နေ ကြပါတယ်။

တိုက်ရိုက် လင့်ခ်

==============

[[Unicode]]












XS
SM
MD
LG