သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လန်ဒန် အကြမ်းဖက်တိုက်ခိုက်သူ နှစ်ဦးအမည် ရဲထုတ်ပြန်


 အသက် ၂၇ နှစ်အရွယ် Khuram Butt နဲ့ အသက် ၃၀ အရွယ် Rachid Reouane
အသက် ၂၇ နှစ်အရွယ် Khuram Butt နဲ့ အသက် ၃၀ အရွယ် Rachid Reouane

မေလ ၃ ရက် စနေနေ့ညက ဗြိတိန်နိုင်ငံလန်ဒန်မြို့တော်မှာ လူပေါင်း ၇ ယောက်သေဆုံးအောင် တိုက်ခိုက်ခဲ့သူ ၃ ယောက်ထဲက ၂ ယောက်ရဲ့ နာမည်တွေကို လန်ဒန်မြို့တော်ရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

East London အရပ်မှာနေကြတဲ့ အသက် ၂၇ နှစ်အရွယ် Khuram Butt နဲ့ အသက် ၃၀ အရွယ် Rachid Reouane တို့ဖြစ်ပြီး တိုက်ခိုက်ခဲ့သူ တတိယတယောက် ဘယ်သူ ဘယ်ဝါဖြစ်တယ်ဆိုတာကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်တယ်လို့ ရဲကပြောပါတယ်။ Khuram Butt ဟာ အိမ်ထောင်သည်၊ ကလေး ၂ ယောက် ဖခင်ဖြစ်ပါတယ်။ သူဟာ Pakistan မှာမွေးဖွားပြီး ကလေးအရွယ်ထဲက မိဘတွေနဲ့ ဗြိတိန်မှာ နေထိုင်ခဲ့သူပါတယ်။ သူ့အကြောင်းကို အကြမ်းဖက်မှုတိုက်ဖျက်ရေး တာဝန်ရှိသူတွေနဲ့ ထောက်လှမ်းရေးဌာနတွေ လွန်ခဲ့တဲ့ ၂ နှစ်လောက် သိရှိထောက်လှမ်းခဲ့ပေမဲ့ တိုက်ခိုက်မယ့်အန္တရာယ်ရှိသူအဖြစ် စိုးရိမ်ရလောက်တဲ့ လက္ခဏာမှ မပြခဲ့ဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

Rachid Reouane ကတော့ Ireland နိုင်ငံမှာ နှစ်အတော်ကြာကြာနေထိုင်ခဲ့ဖူးတဲ့ လစ်ဗျားနွယ်ဖွား မော်ရကိုနိုင်ငံသားဖြစ်တယ်လို့ သူ့ကိုယ်သူ ဆိုထားဖူးကြောင်း ရဲကပြောပါတယ်။

London မြို့ထဲက London Bridge တံတားပေါ်မှာ Van ကားနဲ့ လူတွေကို အတင်းဝင်တိုက်ပြီး အနားက Borough Market အရပ်မှာ တွေ့ရာလူတွေကို ဓါးနဲ့ထိုးခဲ့သူ ၃ ယောက်လုံးကို ရဲက ပစ်ခတ်သတ်ပစ်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်း ၇ ယောက် သေဆုံးပြီး လူပေါင်း ၅၀ ကျော်လည်းထိခိုက်ဒဏ်ရာရခဲ့ပါတယ်။တိုက်ခိုက်မှုနဲ့ ပတ်သက်တယ်လို့ မသင်္ကာသူတွေကို Newham နဲ့ Barking ရပ်ကွက်တွေက နေရာတော်တော်များများမှာ လိုက်လံရှာဖွေစီးနင်းမှုတွေကိုလည်းလုပ်ခဲ့ပါတယ်။

Barking ရပ်ကွက်က လိပ်စာ ၂ ခုမှာ ဖမ်းဆီးခဲ့တဲ့ထဲက အသက် ၁၉ နှစ်ကနေ ၆၀ ကြား အမျိုးသမီး ၇ ယောက်နဲ့ အမျိုးသား ၅ ယောက်ကို ပုဒ်မ မတပ်ဘဲပြန်လွှတ်ခဲ့တယ်လို့ တနင်္လာနေ့ညပိုင်းမှာ ရဲက ကြေညာခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ တခြားနိုင်ငံသားတချို့ပါတယ်ဆိုတာ သိထားပြီး အတိအကျ ဘယ်သူဖြစ်ဝါဖြစ်တယ်ဆိုတာ ရဲကဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ ဝန်ကြီးချုပ် Theresa May ကပြောကြားခဲ့ပါတယ်။ သေဆုံးသူတွေအတွက် အောက်မေ့ဆုတောင်းပွဲကို တနင်္လာနေ့ညနေပိုင်းက London Bridge တံတားနားက Potters Field ပန်းခြံလေးမှာ ပြုလုပ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG