သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လန်ဒန်မြေအောက်ရထားဗုံးခွဲမှု သံသယရှိသူ နောက်တဦးဖမ်းဆီး


လန်ဒန်လုံခြုံရေးရဲများ
လန်ဒန်လုံခြုံရေးရဲများ

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်က မြေအောက်ရထား ဗုံးခွဲမှုနဲ့ ဆက်စပ်မှု သံသယနဲ့ ဒုတိယမြောက် လူတဦးကို ထပ်မံ ဖမ်းဆီးထားကြောင်း ရဲက ပြောပါတယ်။ ဟီသရိုးလေဆိပ် ရှိရာ လန်ဒန် အနောက်ပိုင်း Hounslow က အသက် ၂၁ နှစ် အရွယ် အမျိုးသား တဦးကို စနေနေ့ည သန်းခေါင်းမတိုင်မီလေးမှာ ဖမ်းဆီးတဲ့ အကြောင်း ရဲအဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။ ဗြိတိန်နိုင်ငံရဲ့ အကြမ်းဖက်ဝါဒဆိုင်ရာ ဥပဒေနဲ့ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ မနေ့ စနေ့နေ့ အစောပိုင်းတုန်းကတော့ Dover ဆိပ်ကမ်း ဧရိယာကနေ အသက် ၁၈ နှစ် အရွယ် အမျိုးသား တဦးကို ဖမ်းဆီးခဲ့တာပါ။

ဒီဆိပ်ကမ်းကတော့ ဗြိတိန်နဲ့ ပြင်သစ် နိုင်ငံကြားက ကူးလူးသွားလာကြရာ အရေးပါတဲ့ ကုတို့ ဆိပ်ကမ်းတခု ဖြစ်ပါတယ်။ အကြမ်းဖက်ဝါဒလုပ်ရပ် လုပ်ဆောင်မှု၊ ပြင်ဆင်မှု ဒါမှမဟုတ် ကူညီအားပေးမှုဆိုင်ရာ သံသယတွေနဲ့ အဲဒီလူငယ်ကို ဖမ်းလိုက်တာ လို့ စနေနေ့ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဒုလက်ထောက် ရဲကော်မရှင်နာမင်းကြီး Neil Basu ကပြောပါတယ်။ ပထမဆုံး ဖမ်းဆီးမှုက သိပ်ကို အရေးပါခဲ့တယ်လို့ ဒုလက်ထောက် ရဲကော်မရှင်နာမင်းကြီး Basu က ပြောပါတယ်။ ဒီဖမ်းဆီးမှုနောက်ပိုင်းမှာတော့ ဒိုဗာ ဆိပ်ကမ်းနဲ့လန်ဒန်မြို့စွန်က ရပ်ကွက် တခုက ဒေသခံတွေကို ပြောင်းရွှေ့ပြီး အိမ်တလုံးကို ရဲက ရှာဖွေခဲ့ပါတယ်။ သက်ကြီးရွယ်အို ဇနီးမောင်နှံ နှစ်ဦးရဲ့ အိမ်ကို ရဲက ရှာခဲ့တာလို့ Sunbury ရပ်ကွက်သူ ရပ်ကွက်သားတွေက ပြောပါတယ်။

Penelope နဲ့ Ronald Jones တို့ ဇနီးမောင်နှံက မွေးစားကလေးတွေကို ဆယ်စုနှစ်တွေနဲ့ချီ ကြည့်ရှုစောင့်ရှောက်ခဲ့ကြသူတွေ ဖြစ်ပြီး သူတို့ရဲ့ ဆောင်ရွက်ချက် အတွက် ဘုရင်မကြီး အဲလိဇဘက်က ၂၀၁၀ ပြည့်နှစ်တုန်းကဂုဏ်ပြု ချီးမြှောက်ခဲ့သေးတာ ဖြစ်ပါတယ်။ ဒိုဗာ ကုတို့ဆိပ်ကနေ ပစ္စည်း တချို့လည်း သိမ်းဆည်းရမိတယ်လို့ ဒုလက်ထောက် ရဲကော်မရှင်နာမင်းကြီး Basu က ပြောပေမယ့် အသေးစိတ်ကိုတော့ မပြောပါဘူး။ ရထားပေါ်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တဲ့ Parsons Greens ဘူတာရုံကိုလည်း ပြန်ဖွင့်လိုက်ပြီလို့ မနေ့ စနေနေ့ အစောပိုင်းမှာဘဲ လန်ဒန် သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့က ပြောပါတယ်။ ဒီပေါက်ကွဲမှုဟာဆိုရင် ဒီနှစ် အတွင်း ဗြိတိန်နိုင်ငံတွင်း ၅ ကြိမ်မြောက် အကြမ်းဖက် ဝါဒစွဲ တိုက်ခိုက်ခံရမှု ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG