သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုဗ်ပြတိုက် ခေတ်သစ်ဖက်ရှင်နဲ့ ရှေးဟောင်းပစ္စည်း ပြခန်းသစ်


ပြင်သစ်နိုင်ငံ ပါရီမြို့တော်က လုဗ်ပြတိုက်မှာ ပြသထားတဲ့ ပြခန်းတခု (ဇန်နဝါရီ ၂၅၊ ၂၀၂၅)
ပြင်သစ်နိုင်ငံ ပါရီမြို့တော်က လုဗ်ပြတိုက်မှာ ပြသထားတဲ့ ပြခန်းတခု (ဇန်နဝါရီ ၂၅၊ ၂၀၂၅)

ကမ္ဘာပေါ်မှာ လာရောက်လည်ပတ်သူ အများဆုံး ပြတိုက်ဖြစ်တဲ့ ပြင်သစ်နိုင်ငံ ပါရီမြို့တော်က လုဗ်ပြတိုက်မှာ Chanel ရှန်နယ်၊ Saint Laurent စိန့်လော်ရင့်နဲ့ Dior ဒီယော ဒီလို ကမ္ဘာကျော် နာမည်ကြီး ဖက်ရှင်အမှတ်တံဆိပ်တွေရဲ့ ဒီဇိုင်နာဝတ်စုံတွေနဲ့ ဖက်ရှင်ပစ္စည်းတွေကို ပြခန်းဖွင့်လှစ်ပြသနေပါတယ်။ ဇန်နဝါရီ ၂၄ ရက်နေ့မှာ စတင်တဲ့ ဒီပြခန်းမှာတော့ ရှေးဂရိခေတ်ကစလို့ ပြင်သစ်ဒုတိယအင်ပါယာခေတ်အထိ သမိုင်းဝင် တန်ဆာဆင် အနုပညာ ပစ္စည်းတွေကိုလည်း အတူပြထားတာပါ။

"ဒီလို ဖက်ရှင်ဒီဇိုင်နာ ဝတ်စုံတွေကို လုဗ်ပြတိုက်ထဲမှာ ခင်းကျင်းပြသတာ ဒါပထမဆုံးအကြိမ်ပါ" လို့ ပြတိုက်ရဲ့ တန်ဆာဆင် အနုပညာဌာန ညွှန်ကြားရေးမှူး Olivier Gabet အိုလီဗီယာ ဂါဘက်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

"ပါရီက ဖက်ရှင်မြို့တော်ပါ။ ဖက်ရှင်တံဆိပ်တွေနဲ့ ပါရီမြို့ကြား ရှိထားတဲ့ ပတ်သတ်မှုက အင်မတန် အားကောင်းပြီး လုဗ်ပြတိုက်ဆိုတာကလည်း ပါရီမြို့တော်ရဲ့ ဆုံချက်မှာ တည်ရှိနေတာပါ" လို့ သူက ပြောပါတယ်။ ကမ္ဘာကျော်ဖက်ရှင်ဒီဇိုင်နာတွေဖြစ်တဲ့ Yves Saint Laurent အိဗ်စ် စန့်လော်ရင့်၊ Hubert de Givenchy ဟူးဘတ် ဒီ ဂျီဗွန်ရှီ နဲ့ Karl Lagerfeld ကားလ် လာဂါဖဲလ် တို့ဟာ ပြတိုက်နဲ့ ပြတိုက်ရဲ့ပစ္စည်းတွေနဲ့ အထူးနီးစပ်ခဲ့တာလို့လည်း ပြောပါတယ်။

ပြင်သစ်ဘုရင် လူဝီ ၁၄ အတွက် သီးသန့်ခင်းကျင်းထားတဲ့ အခန်းမှာတော့ နံရံပေါ်က ဘုရင်ကြီးရဲ့ ပုံတူပန်းချီကားရယ်၊ ရွှေချထားတဲ့ ပရိဘောဂတွေနဲ့ရယ်နဲ့အတူ အခန်းအလယ်မှာ ၂၀၀၆ ခုနှစ်က ဒီဇိုင်နာ John Galliano ဂျွန် ဂါလီယာနိုက Dior ဒီယောအတွက် ဖန်တီးထားတဲ့ ပိုးထည် ညစာစားပွဲ ဝတ်စုံကို တွေ့ရတာပါ။

နောက်ထပ်အခန်းတခုမှာတော့ အင်္ဂလိပ် ဖက်ရှင်ဒီဇိုင်နာ Alexander McQueen အလက်ဇန်းဒါး မက်ကွင်းရဲ့ ၂၀၁၁ ခုနှစ်က Armadillo အာမာဒီလို ခုံထူဖိနပ်တွေကို ၁၇ ရာစုခေတ်လက်ရာ ရေကန်ထဲက သက်ရှိတွေပုံဆွဲထားတဲ့ ပန်းကန်ပြားတခုနဲ့ ယှဉ်တွဲပြသထားပါတယ်။

"ဒီလိုပြပွဲမျိုးရဲ့ ရည်ရွယ်ချက်က လုဗ်ပြတိုက်ကို လာခဲ့ပါ၊ ပြတိုက်မှာ ပြထားတဲ့ပစ္စည်းတွေကို ရှုထောင့်သစ်ကနေ ကြည့်ကြည့်ပါ” လို့ ပြောချင်တာပါဆိုပြီး ဂါဘက်က ပြောပါတယ်။

ပန်းချီဆရာ လီယိုနာဒို ဒါဗင်ချီရဲ့ မိုနာလီဇာ ပန်းချီကားရှိတဲ့ ဒီလုဗ်ပြတိုက်က သူတို့ရဲ့ ပြခန်းဟောင်းတွေကို ပြုပြင်မွမ်းမံဖို့နဲ့ အနုပညာလက်ရာတွေကို ပိုပြီးအကာအကွယ်ပေးနိုင်ဖို့အတွက် ပြင်သစ်အစိုးရဆီကို တလောကပဲ အရေးပေါ်အကူအညီ တောင်းခံခဲ့ပါသေးတယ်။ အခု ဖက်ရှင်လက်ရာနဲ့ ရှေးဟောင်းပစ္စည်းပြပွဲကို ဇူလိုင် ၂၁ ရက်နေ့အထိ ပြသသွားမှာ ဖြစ်ပါတယ်။

Forum

XS
SM
MD
LG