သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၁ရာစုပင်လုံညီလာခံ တိုင်းရင်းသားပေါင်းစုံ တက်ဖို့က အစိုးရလိုက်လျောမှုပေါ် မူတည်ဟု UNFC ယူဆ


မိုင်ဂျာယန်အစည်းအဝေး။ ဇူလိုင်လ ၂၉ရက်နေ့၊ ၂၀၁၆
မိုင်ဂျာယန်အစည်းအဝေး။ ဇူလိုင်လ ၂၉ရက်နေ့၊ ၂၀၁၆

၂၁ရာစုပင်လုံညီလာခံကို တိုင်းရင်းသားပေါင်းစုံတက်ဖို့က အစိုးရရဲ့ လိုက်လျောမှုပေါ်သာ မူတည်တယ်လို့ ညီညွှတ်သော တိုင်းရင်းသားလူမျိုး များဖက်ဒ ရယ်ကောင်စီ(UNFC)က ဒုဥက္ကဋ္ဌ နိုင်ဟံသာကပြောဆိုလိုက်ပါတယ်။ လာမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပရာမှာ အစိုးရကနိုင်ငံရေး ဆွေးနွေးပွဲ တွေမှာ ကိုယ်စားပြု တက်ရောက်ဆွေး နွေးမယ့် ကိုယ်စားပြု အစုအဖွဲ့ ကို ၇ပွင့်ဆိုင် လို့ သတ်မှတ်ထားတဲ့အပေါ် တိုင်းရင်းသားတွေဘက်က လက်မခံချင်ကြပါ ဘူး။ တိုင်းရင်းသားတွေဘက်က အရင်တင်ပြထားတဲ့ ကိုယ်စားပြုအစုအဖွဲ့ ၃ဖွဲ့သတ်မှတ်မှုကိုဘဲ ဆက်လက်လက်ခံဖို့ ဒီကနေ့ညီလာခံမှာ ဆုံးဖြတ်လိုက်ပါ တယ်။ ဒီသတင်းတွေကို မိုင်ဂျာယန်ကိုရောက်နေတဲ့ ဗွီအိုအေ သတင်းထောက်မေခကပေးပို့သွားမှာပါ။

ဒီကနေ့မိုင်ဂျာယန် ညီလာခံမှာတော့ နိုင်ငံရေးဆွေးနွေးမှုမူဘောင်နဲ့ ပတ်သတ်ပြီး ဆွေးနွေးခဲ့ရာမှာ အစိုးရကနိုင်ငံရေးဆွေးနွေးပွဲမှာ ကိုယ်စားပြု တက် ရောက်ဆွေး နွေးမယ့် ကိုယ်စားပြုအစုအဖွဲ့ ကို ၇ပွင့်ဆိုင် လို့ သတ်မှတ်ထားတဲ့ အပေါ် တိုင်းရင်းသားတွေဘက်က လက်မခံဘဲ အရင်ထဲက တိုင်းရင်းသားတွေ သဘောတူထားတဲ့ ကိုယ်စားပြုအစုအဖွဲ့ ၃ပွင့်ဆိုင် သတ်မှတ်မှုကိုသာ လက်ခံဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

တိုင်းရင်းသားတွေဘက် အစိုးရခေါင်းစဉ်အောက်မှာ လွှတ်တော်၊ အစိုးရ၊ တပ်မတော်ဆိုပြီး အစုအဖွဲ့တွေ အများကြီးခွဲပြီးဆွေးနွေးမှာကို မလိုလားပါဘူး။ တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့၊ အစိုးရနဲ့ နိုင်ငံရေးပါတီအစုအဖွဲ့ စတဲ့ ၃ခုနဲ့ဘဲ ဆွေးနွေးမှာကို လိုလားကြပါတယ်။ ဒါနဲ့ပတ်သက်ပြီး ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒ ရယ်ကောင်စီ (UNFC)က ဒုဥက္ကဋ္ဌ နိုင်ဟံသာက ခုလိုပြောဆိုပါတယ်။

" မူဘောင်ထဲမှာ ၇ဖွဲ့ ဖြစ်နေတယ်ခင်ဗျ။ အုပ်စု ၇စု ခွဲထားတယ်။ အစိုးရရယ်၊ လွှတ်တော်ရယ်၊ တပ်မတော်ရယ်၊ တိုင်းရင်းသား လက်နက်ကိုင်တွေ ရယ်၊ နိုင်ငံရေးပါတီတွေရယ်၊ တိုင်းရင်းသား အစုအဖွဲ့ရယ် နောက် ပါဝင်သင့် ပါဝင်ထိုက်သူများဆိုပြီးတော့မှ အုပ်စု ၇စုအနေနဲ့ အရေအတွက် မတူပေမဲ့ ၇စုပုံစံမျိုးနဲ့ ပြဋ္ဌာန်းထားတယ်။ ဒီဝိုင်းထဲမှာတော့ ဒါကို လက်မခံဘူးဗျ။ ဒီဝိုင်းထဲမှာ ဒို့လက်ခံတဲ့အပိုင်းက အားလုံးသဘောတူလိုက်တာကတော့ အရင်ဒို့ရပ်တည်တဲ့ပုံစံ အတိုင်းပဲ သုံးပွင့်ဆိုင်ပါပဲလို့။ ကျန်တဲ့အင်အားစုတွေ CSO တွေကတော့ သူ့သက်ဆိုင်ရာကဏ္ဍတွေမှာ သူက ပါဝင်ပြီးတော့မှ ဆွေးနွေးသွားမယ်ဆိုတဲ့ သဘောထားမျိုး ချမှတ်ပါတယ်။"

လာမယ့် ၂၁ရာစုပင်လုံညီလာခံကို တိုင်းရင်းသားပေါင်းစုံတက်ဖို့က အစိုးရရဲ့ လိုက်လျောမှုပေါ်သာ မူတည်တယ်လို့ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒ ရယ်ကောင်စီ (UNFC)က ဒုဥက္ကဋ္ဌ နိုင်ဟံသာက ခုလိုပြောဆိုပါတယ်။

" လာမယ့် ၂၁ရာစုပင်လုံညီလာခံပေါ့နော်။ တက်မယ်။ မတက်ဘူး ဆိုတာကတော့ ယေဘူယျအားဖြင့်တော့ အားလုံးတက်ချင်တဲ့ဆန္ဒရှိတယ်။ ဒါပေမဲ့ တက်နိုင်မလား။ မတက်နိုင်ဘူးလားဆိုတာကတော့ NCA ကို လက်မှတ်ထိုးရမှာလား။ ထိုးပြီးမှ တက်ခွင့်ရှိမလားဆိုတဲ့ကိစ္စပေါ်မှာလည်း အများကြီး စကားပြောပါတယ်။ အဲ့ဒီ့ကိစ္စက ဒီနေ့ ဒီဝိုင်းမှာလည်း အဆုံးအဖြတ်ပေးလို့မရဘူး ဖြစ်နေပါတယ်။ ဒါ အစိုးရနဲ့လည်း ပြန်ညှိရဦးမယ်။ အစိုးရက သူတို့ပြောထားတဲ့ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်ကို ဆွေးနွေးမယ့် ပုံစံပေါ့ဗျာ။ မူဘောင်ကို အရင်ညှိမယ် အဲ့ဒီ့အပေါ်မှာလည်းပဲ သဘောကတော့ နားလည်မှုရတဲ့အပေါ်မှာမှ တက်ရောက်နိုင်မယ် မတက်ရောက်နိုင်ဘူးဆိုတဲ့ဟာကလည်း အဆုံးအဖြတ်ပေးဖို့ရှိပါတယ်။"

ဒီကနေ့ဆွေးနွေးမှုမှာ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်မှာ ကိုယ်စားပြုမှုနဲ့ စုဖွဲ့မှုအပါအဝင် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ လုံခြုံရေးနဲ့ မြေယာသဘာဝပတ် ဝန်းကျင်စတဲ့ ကိစ္စတွေမှာ ဘုံသဘောထား ချနိုင်ခဲ့တယ်လို့ တိုင်းရင်းသားတွေ ကပြောပါတယ်။ ဒီကနေ့ဆွေးနွေးမှုမှာ လက်ရှိရခိုင်ဒေသအရေးအကြောင်းကို လည်း နိုင်ငံရေးဆိုင်ရာထဲမှာ ထည့်သွင်းဖို့ တင်ပြလာမှုတွေရှိတယ်လို့ တိုင်းရင်းသားတွေဘက်ကပြောပါတယ်။

လတ်တလော တိုင်းရင်းသားတွေအနေနဲ့ ငြိမ်းချမ်းရေးနဲ့အမျိုးသား ရင်ကြားစေ့ရေး လုပ်ဆောင်တာမှာ လက်ရှိအစိုးရအပေါ်မှာ စိုးရိမ်မှုတွေရှိတာကြောင့် အကျေ အလည်ဆွေးနွေးမှုတွေ ရှိနေရတယ်လို့ ပအိုဝ့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းကပြောပါတယ်။

" ဒီနေ့ဆွေးနွေးကြတဲ့ အကြောင်းအရာအားလုံးမှာ သူ့ဘက်ကိုယ့်ဘက်မှာ စိုးရိမ်မှုတွေရှိကြတယ်။ တပ်မတော်ဘက်မှာ စိုးရိမ်မှုတွေရှိတယ်။ အစိုးရမှာ ရှိတယ်။ ထိုနည်းတူ ကျနော်တို့မှာလည်း စိုးရိမ်မှုတွေရှိတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးကောက်ပွဲအနိုင်ရတာ။ အရင်က ကျနော်တို့ တိုင်းရင်းသား အင်အားစုတွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီမိုကရေစီရေး၊ တိုင်းရင်းသား အရေးတွေကို အပြန်အလှန်အားဖြင့် အားပြုခဲ့ကြတယ်။ သို့သော် ဒီနေ့ အချိန်အခါမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတာ အစိုးရဖြစ်သွားတဲ့အတွက် အစိုးရကတော့ အစိုးရလိုပဲ စဉ်းစားပြီး လုပ်သွားမှာမလား။ ဒါမှမဟုတ်ရင် တပ်နဲ့အစိုးရနဲ့က ပေါင်းပြီးတော့ ကျနော်တို့ကို ပြန်ပြီးတော့ နှိပ်ကွပ်မလား ဆိုတဲ့ စိုးရိမ်ချက်ကတော့ ရှိနေတယ်။ ဒီစိုးရိမ်မှုတွေကို ကျနော်တို့က ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြီးတော့မှ သင့်မြတ်ရေးကို ကျနော်တို့ ရယူနိုင်မယ်လို့ပြောချင်ပါတယ်။ ဒီလောက်ပါပဲ။"

မိုင်ဂျာယန်ညီလာခံကို ဒီကနေ့ ကျင်းပနေတာ လေးရက်မြောက်နေ့ရှိပါပြီ။ ညီလာခံကို မနက်ဖြန်မှာ ဆက်လက်ဆွေးနွေးသွားမှာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG