သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မတ္တရာမြို့နယ်တွင်း လက်နက်ကြီးထိမှန်လို့ ဒေသခံ ၃ ဦးသေဆုံး


မတ္တရာမြို့အဝင်
မတ္တရာမြို့အဝင်

စစ်ရေးတင်းမာပြီးတိုက်ပွဲဖြစ်နေတဲ့ မန္တလေးတိုင်း မတ္တရာမြို့နယ်ထဲကို စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးပစ်ခတ်လို့ ဒေသခံ ၃ ဦး သေဆုံးပြီး ၅ ဦးထက်မနည်းဒဏ်ရာရခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့တွေပြောပါတယ်။ စစ်ကိုင်းတိုင်း ကနီဘက်မှာလည်း စစ်သင်္ဘောတွေတိုက်ခိုက်ခံရလို့ စစ်ကောင်စီက လေကြောင်း ပစ်ကူတိုက်ခိုက်ပါတယ်။ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းထဲကအခြေအနေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

စစ်ရေးတင်းမာပြီး ကာကွယ်ရေးတပ်ဖွဲ့တွေထိုးစစ်ဆင်နေတဲ့ မတ္တရာမြို့နယ်ထဲက ကျေးရွာတွေဘက်ကို လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အရပ်သား ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့သိရပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ကျောက်တံတားကျေးရွာနဲ့ ၄ မိုင်ခန့်အကွာက အောင်ချမ်းသာ ကျေးရွာကို သြဂုတ်လတရက်က စစ်ကောင်စီဘက်ကပစ်ခတ်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ဒေသခံအရပ်သား ၃ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောပါတယ်။

"မတ္တရာမြို့နယ် ကျောက်တံတားရွာမှာတော့ ကျနော်တို့ တိုက်ပွဲဆက်ပြီးဖြစ်နေပါတယ်။ အောင်ချမ်းသာကျေးရွာဖြစ်စဉ်က တိုက်ပွဲဖြစ်ပွားခြင်းလုံးဝမရှိဘဲနဲ့ စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူတွေ ထိခိုက်သေဆုံးတဲ့ ဖြစ်စဉ်တွေ ဖြစ်ပါတယ်။"

မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စဉ့်ကူးမြို့နယ်ကို တိုက်ခိုက်ထိန်းချုပ်လိုက်ပြီလို့ ဆိုတဲ့နောက်၊ မတ္တရာမြို့နယ်ထဲက စစ်တပ် တပ်စွဲထားတဲ့နေရာတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။

မတ္တရာမြို့နယ်ထဲ အယ်ဖာ ဘိလပ်မြေစက်ရုံအပါအဝင် စစ်တပ်တပ်စွဲထားတဲ့ တပ်စခန်း ၃၅ ခုကို ကာကွယ်ရေး တပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ကျောက်တံတားကျေးရွာနဲ့ မြကန်သာကျေးရွာက စစ်ကောင်စီ တပ်စခန်းတွေကို ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဘက်မှာဆိုရင်လည်း စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘောနဲ့ ရိက္ခာတင် သင်္ဘော ၁၅ စီးဟာ မုံရွာ မင်းဒေါင့် ဆိပ်ကမ်းကနေ စစ်ကိုင်းတိုင်းအထက်ပိုင်းကို ရိက္ခာတွေပို့ဆောင်ဖို့ ချင်းတွင်းမြစ်အတိုင်း သြဂုတ် ၁ ရက်က စတင်ထွက်ခွာလာပါတယ်။

ကနီမြို့နယ် ချင်းတွင်းမြစ်ဘေးက အိုင်တောင်ကျေးရွာနဲ့ မင်းအိုကျေးရွာကြားမှာကာကွယ်ရေး တပ်ဖွဲ့တွေဘက်က တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က လေကြောင်းကနေ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"အိုင်တောင်နဲ့မင်းအိုကြားမှာ အဖွဲ့တဖွဲ့က လှမ်းပစ်လိုက်တာတော့ရှိတယ်။ လက်နက်ကြီးနဲ့ပေါ့နော်။ အဲ့အဖွဲ့တဖွဲ့က ရဲဘော်တယောက်ကတော့ ဒဏ်ရာရတယ်လို့ပြန်ပြီးတော့ကြားရတယ်။ လေကြောင်းတိုက်ခိုက်မှုက ၂ ကြိမ်ရှိတယ်။ ၂ ကြိမ်ရှိတာကို ပြည်သူတွေဘာညာ ထိခိုက်တာတော့မရှိဘူး။ ကျနော်တို့ အိုင်တောင်မှာလည်းပစ်တယ်။ အိုင်တောင်ရဲ့ တောင်ဘက်မှာလည်း အဓိကထားပစ်တယ်။"

စစ်ကောင်စီတပ်ဟာ မုံရွာဆိပ်ကမ်းကနေ စစ်သင်္ဘော ၂ စီး ကုန်တင်သင်္ဘော ၁၃ စီးနဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းကို ဆန်တက်နေတာဖြစ်ပြီး ချင်းတွင်းမြစ်တလျှောက် တပ်စွဲထားတဲ့နေရာတွေနဲ့ စစ်ကောင်စီထောက်ခံတဲ့ ပျူစောထီး ကျေးရွာတွေကို ရိက္ခာလက်နက်တွေ ပို့ဆောင်တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာအရင်က လက်နက်နဲ့ ရိက္ခာတွေတင်ပို့ဖို့ ကုန်လမ်းကိုအသုံးပြုပေမယ့် မိုင်းဆွဲတိုက်ခိုက်ခံရတာတွေများလာလို့ ရေလမ်းကြောင်းကို အသုံးပြုပို့ဆောင်နေတာလည်းဖြစ်ပါတယ်။ အခုလို ရေလမ်းကနေတဆင့် သွားလာတဲ့ စစ်ကောင်စီသင်္ဘောတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေက မကြာခဏဆိုသလို ကြားဖြတ်တိုက်ခိုက်ပြီး ရိက္ခာတင် သင်္ဘောတွေကို သိမ်းဆည်းရမိတာတွေလည်း ရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG