သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဌာနေပြန်လိုသူ မလေးရောက်မြန်မာတွေအတွက် လေယာဉ်ခရီးစဉ် တိုးချဲ့


မလေးရှားနိုင်ငံကနေ နေရပ်ပြန်လာကြတဲ့ မြန်မာနိုင်ငံသားများ။ (ဓာတ်ပုံ -Myanmar Embassy in Kuala Lumpur, Malaysia - သြဂုတ် ၂၆၊ ၂၀၂၀)
မလေးရှားနိုင်ငံကနေ နေရပ်ပြန်လာကြတဲ့ မြန်မာနိုင်ငံသားများ။ (ဓာတ်ပုံ -Myanmar Embassy in Kuala Lumpur, Malaysia - သြဂုတ် ၂၆၊ ၂၀၂၀)

(Zawgyi/Unicode)

မလေးရှားနိုင်ငံကနေ ပြည်တွင်းပြန်လာချင်တဲ့ မြန်မာနိုင်ငံသား အယောက် ၁၅,၀၀၀ ကျော်ရှိနေပြီး သူတို့အတွက် ကယ်ဆယ်ရေး လေယာဉ်ခရီးစဉ်တွေ ထပ်တိုးတော့မယ်ဆိုတဲ့ သတင်းကို ကိုဇော်ထက်တင်ဆက်ပေးမှာပါ။

အကြောင်းအမျိုးမျိုးနဲ့ မလေးရှားနိုင်ငံကို ရောက်နေပြီး ကိုဗစ်ကပ်ရောဂါကာလမှာ နေရပ်ပြန်ဖို့ စာရင်းပေးထားတဲ့ မြန်မာနိုင်ငံသား ၁၅,၀၀၀ကျော်အတွက် လေယာဉ်ခရီးစဉ် အသစ် ၂ ခုတိုးမြှင့်လိုက်ကြောင်း မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူအခြေစိုက် မြန်မာသံရုံးက ဒုတိယသံအမတ်ကြီး ဦးသန်းထွေးက ဗွီအိုအေကို ပြောပါတယ်။ ဒီအရေအတွက်ထဲမှာ တရားဝင်အလုပ်သမားတွေအပြင် ထိန်းသိမ်းခံလုပ်သားတွေနဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသား အများအပြားပါကြောင်း သူက ပြောပါတယ်။

“တချို့ကလည်း ပြစ်ဒဏ်ကျလိုက်တယ်ပေါ့နော် အကြောင်းကြောင်းကြောင့် စာရွက်စာတမ်းပေါ့ နည်းနည်း မမှန်တာတွေ၊ ပါမစ်မမှန်တာတွေ၊ ကျတာရှိတယ်။ အဲဒါတွေ သက်ဆိုင်ရာ ပြစ်ဒဏ်ကျပြီး ထိန်းသိမ်းရေးစခန်းထဲ ရောက်သွားတယ်၊ ထိန်းသိမ်းရေး စခန်းထဲရောက်ရင် ကျနော်တို့ကသွားပြီး အင်တာဗျူးရတယ် မြန်မာနိုင်ငံသား ဟုတ်၊ မဟုတ်ကြည့်ပြီး CI ထုတ်ပေးပေါ့။ ကျနော်တို့ စစ်ပြီးဆေးပြီးသားကို ၂၅၀၀ နဲ့ ၃၀၀၀ ကြားလောက် ရှိပါတယ်ခင်ဗျ၊ စစ်ဆေးထားတာပေါ့နော်။ မစစ်ဆေးတာလည်း ကျန်သေးတယ်။ အဲဒီမှာလည်း အကြမ်းဖျင်း ၃၀၀၀ နဲ့ ၄၀၀၀ ကြားမှာ ရှိနိုင်ပါတယ်။ Illegal ( တရားမဝင်) ကတော့ ခန့်မှန်းရခက်တော့ အကြမ်းဖျင်း ၁၅,၀၀၀ ဆိုပြီးတော့ မှန်းထားတာပါ။ ဒီထက်များဖို့ရှိပါတယ်။”

အရင်က ပြန်ဖို့စာရင်းပေးထားပေမဲ့ နောက်ပိုင်းမပြန်ဖြစ်တဲ့သူတွေလည်း ရှိလို့ ရထားတဲ့စာရင်းက အပြောင်းအလဲရှိနိုင်တယ်လို့ သူကပြောပါတယ်။

မလေးရှားနိုင်ငံက ပြန်လာမယ့် မြန်မာနိုင်ငံသားတွေအတွက် အရင်က တပတ်ကို လေယာဉ် အခေါက်ရေ တကြိမ်သာပျံသန်းပေးပေမဲ့ အခုနောက်ထပ် နှစ်ကြိမ် ထပ်တိုးပြီး တပတ်သုံးကြိမ် ပျံသန်းပေးမှာပါ။ အကြောင်းကတော့ မလေးရှားအစိုးရဟာ ၂၀၂၀ နိုဝင်ဘာကနေ ၂၀၂၁ ဇွန်လအထိ ၆ လအတွင်းမှာ တရားမဝင်လုပ်သားတွေ တရားဝင်ဖြစ်ဖို့ ခွင့်ပြုလိုက်သလို ဒီကာလထဲ နေရပ်ပြန်မယ့်သူတွေကိုလည်း ဒဏ်ကြေးရင်းဂစ်ငွေ ၅၀၀ အထိ လျှော့ချလိုက်လို့ ပြန်ဖို့အကောင်းဆုံးအချိန်လို့ အများစုက ယူဆထားကြတာပါ။

ပြီးတော့ မလေးရှားအစိုးရက ရွှေ့ပြောင်းလုပ်သားတွေကို တရားဝင်လုပ်သားအဖြစ် လုပ်ပေးမယ့် အထူးအခွင့်အရေး အစီအစဉ်ကြောင့် ပြည်တွင်းပြန်ပြီး မလေးရှားအလုပ်ကို ပြန်လျှောက်မယ့် သူတွေလည်း ရှိနေပါတယ်။ ဒါကြောင့် နေရပ်ပြန်ဖို့ နိုင်ငံကူးလက်မှတ် လာလျှေက်သူတွေ မလေးရှားမြန်မာသံရုံးမှာ တရက်ကို အယောက် ၂၀၀ လောက်ရှိနေတယ်လို့ ဆိုပါတယ်။

ကပ်ရောဂါကာလထဲ မလေးရှားနိုင်ငံကနေ ပြည်တွင်းပြန်လာတဲ့ မြန်မာနိုင်ငံသားက စုစုပေါင်း ၇၅၀၀ ကျော်ရှိပါတယ်။ အခုပြန်တဲ့အခါမှာလည်း ဦးစားပေးသင့်သူတွေကို အရင်ဆုံးပြန်ပို့နိုင်ဖို့ စီစဉ်နေကြောင်းလည်း မလေးရှားအခြေစိုက် ကပုန်းမြန်မာလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးဆန်းဝင်းက ပြောပါတယ်။

“အဲဒီ ဦးစားပေးအနေအထားမှာ တကယ်ကို နာတာရှည်ရောဂါသည်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ဒီလူတွေက အဓိကပါတယ်။ နောက်ပြီး အကြောင်းကြောင်းကြောင့် ဖမ်းဆီး ထိန်းသိမ်းရေး camp ထဲမှာလည်း လေဖြတ်တဲ့သူတွေ၊ ကျန်းမာရေးမကောင်းတဲ့သူတွေ ဒီလူတွေက အဓိကအနေနဲ့ ပြန်ပို့ပေးရမယ်ပေါ့။ ဦးစားပေး (၁) ထဲမှာ။ ကျန်တဲ့ဟာကတော့ သံရုံးရဲ့ စီမံခန့်ခွဲမှုနဲ့ အားလုံးက ဒီအောက်မှာပဲသွားကြမှာပေါ့။”

မလေးရှားနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကူးစက်မှု တကြော့ပြန်တက်လာလို့ အစိုးရက ဇန်နဝါရီ ၁၃ ရက်စလို့ အဓိကမြို့ကြီးတွေမှာ အသွားအလာ ကန့်သတ်မှုတွေ စလုပ်ခဲ့ပြီး ဒီနေ့မှာတော့ အဲဒီကန့်သတ်မှုကို ဖေဖော်ဝါရီလ ၄ ရက်အထိ တိုးမြှင့်လိုက်ပါတယ်။ ကပ်ရောဂါ အမိန့်တွေနဲ့အတူ ပြင်းပြင်းထန်ထန် အရေးယူမှုတွေလည်းရှိလာလို့ အထောက်အထားမရှိဘဲ အလုပ်လုပ်နေတဲ့ မြန်မာအသိုင်းအဝန်းကြားမှာလည်း စိုးရိမ်မှုတွေ ရှိနေတာပါ။

မလေးရှားမှာ ကြာသပတေးနေ့ တရက်တည်းမှာတင် ရောဂါကူးစက်ခံရသူ ၃၀၀၀ ကျော်ပြီး ဒီနေ့အထိ ၁၇၀၀၀၀ ကျော်ကူးစက်ခံထားရပါတယ်။ သေဆုံးသူကတော့ အယောက် ၆၄၀ ကျော်လာပြီဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


...............


(Unicode)











XS
SM
MD
LG