မလေးရှားဝန်ကြီးချုပ်ဟောင်းကတော် Rosmah Mansor အပေါ် စွပ်စွဲထားတဲ့ ငွေကြေးခဝါချမှု၊ အခွန်ရှောင်မှုတို့အတွက် ခိုင်လုံတဲ့အထောက်အထား သက်သေမရှိလို့ဆိုပြီး မလေးရှားတရားရုံးချုပ်က တရားသေ လွှတ်ပေးလိုက်ပါတယ်။
လက်ရှိထောင်ကျနေတဲ့ ဝန်ကြီးချုပ်ဟောင်း Najib Razak ရဲ့ ဇနီးဖြစ်သူ Rosmah Mansor ဟာ ငွေကြေးခဝါချမှု ၁၂ မှု၊ အခွန်ရှောင်မှု ၅ မှု စုစုပေါင်း ၁၇ မှုအတွက် လွတ်မြောက်သွားပေမဲ့ Najib အစိုးရလက်ထက်က ဆိုလာဓါတ်အားပေးစီမံကိန်းရဖို့ ကုမ္ပဏီတခုဆီက ဒေါ်လာ သန်း ၃၀၀ နီးပါး လာဘ်ငွေယူမှုအတွက် ထောင်ဒဏ် ၁၀ နှစ်ချခံထားရတာကို အယူခံဝင်ထားရဆဲဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်က ချထားတဲ့ ထောင်ဒဏ် ၁၀ နှစ်အတွက် အာမခံနဲ့လွတ်နေတဲ့ Rosmah Mansor က သီးခြား အမှု ၁၇ မှုကနေ ဒီနေ့ တရားသေလွတ်မြောက်ခဲ့ပြီးနောက် ဒါကမှ တရားမျှတမှုဖြစ်တယ်လို့ ပြောခဲ့သလို တရားသူကြီးကိုလည်း မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချတယ်လို့ဆိုပြီး ကျေးဇူးတင်စကား ပြောခဲ့ပါတယ်။
မလေးရှားအစိုးရရန်ပုံငွေတွေနဲ့ တည်ထောင်ထားတဲ့ 1MDB ကနေ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၄ ခုနှစ် အတွင်း ဒေါ်လာ ၄.၅ ဘီလျံ ခိုးယူခံရတယ်လို့ မလေးရှားနဲ့ အမေရိကန်အာဏာပိုင်တွေ ပြောကြား ထားတဲ့ ငွေကြေးခိုးယူမှုတွေနဲ့ ဆက်စပ်ပြီး ဝန်ကြီးချုပ်ဟောင်း Najib တို့ ဇနီးမောင်နှံဟာ အမှု တော်တော်များများကို ရင်ဆိုင်နေရတာပါ။ သူတို့ ၂ ယောက်လုံးကတော့ စွပ်စွဲမှုတွေအပေါ် ငြင်းဆန်ခဲ့ကြပါတယ်။ 1MDB ငွေကြေးအရှုပ်တော်ပုံအတွက် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့စဉ်က သူတို့ပိုင်တဲ့ အဆောက်အဦးတွေမှာ Rosmah Mansor ရဲ့ ဒေါ်လာ ထောင် သောင်းတန် လက်ကိုင်အိတ်ပေါင်း ၅၀၀ ထက်မနည်းသာမက အဖိုးတန် လက်ဝတ်လက်စား တသောင်းနှစ်ထောင် ထက်မနည်းကို ရဲကတွေ့ရှိ သိမ်းဆည်းခဲ့ပါတယ်။
အဂတိလိုက်စားမှုနဲ့ ငွေကြေးခဝါချမှုတို့မှာ ဝန်ကြီးချုပ်ဟောင်း Najib အပြစ်ရှိတယ်လို့ တရားရုံးက ၂၀၂၂ ခုနှစ်မှာ ဆုံးဖြတ်ပြီး ထောင်ဒဏ် ၁၂ နှစ်ချခံခဲ့ရပေမဲ့ မလေးရှားဘုရင်ဦးဆောင်တဲ့ လွတ်ငြိမ်း ချမ်းသာခွင့် ဘုတ်အဖွဲ့က ထောင်ဒဏ် တဝက်လျော့ချပေးခဲ့ပါတယ်။ သူတည်ထောင်တဲ့ 1MDB ငွေကြေးအရှုပ်တော်ပုံ ဖြစ်တဲ့အပေါ် တောင်းပန်ပေမဲ့ နိုင်ငံပိုင်ဘဏ္ဍာတွေကို တရားမဝင်လွှဲပြောင်းတာ သူမသိပါဘူးလို့ဆိုထားတဲ့ ဝန်ကြီးချုပ်ဟောင်း Najib က ကျန်တဲ့ထောင်ဒဏ်တွေကို နေအိမ် အကျယ်ချုပ် ပြောင်းပေးဖို့ တောင်းဆိုနေပါတယ်။
Forum