သုံးရလွယ်ကူစေသည့် Link များ

ပျောက်ဆုံးနေတဲ့ မလေးရှားခရီးသည်တင်လေယာဉ် MH370 ရှာဖွေမှုတွေ သုံးနှစ်နီးပါး ကြာလာပြီးတဲ့နောက် သဲလွန်စ ရေရေရာရာ ဘာမှ မတွေ့ခဲ့ရတာကြောင့် ဒီကနေ့မှာတော့ ရှာဖွေမှုတွေကို လုံးဝ ရပ်ပစ်လိုက်ပါပြီ။ အိန္ဒိယသမုဒ္ဒရာ အတွင်းပိုင်း ပင်လယ်ရေနက်ထဲအထိ ခက်ခက်ခဲခဲ ရှာဖွေမှုတွေ လုပ်ခဲ့ပေမဲ့ လေယာဉ်ပျောက်နဲ့ပတ်သက်လို့ ဘာသဲလွန်စမှ မရခဲ့တာကြောင့် အခုလို ရှာဖွေမှုတွေ အဆုံးသတ် လိုက်တာပါ။

ရှာဖွေရေးအဖွဲ့တွေ အနေနဲ့ စတုရန်းကီလိုမီတာ တသိန်းနှစ်သောင်း ကျယ်ဝန်းတဲ့နေရာမှာ ထိရောက်မရှိတဲ့ ရှာဖွေမှုတွေ လုပ်ခဲ့ကြပြီးတဲ့နောက် အခုနောက်ဆုံး ရှာဖွေရေးလုပ်ငန်းတွေကို တရားဝင် ရပ်နားလိုက်ပြီဖြစ်တဲ့အကြောင်း သြစတြေးလျနိုင်ငံ အနောက်ဘက် ဝေးလံခေါင်သီတဲ့ ပင်လယ်ပြင်မှာ ဘိုရင်း ၇၇၇ ခရီးသည်တင်လေယာဉ် ရှာဖွေမှုတွေကို ဒေါ်လာ သန်း ၁၆၀ အကုန်အကျခံ လုပ်ဆောင်နေတဲ့ သြစတြေးလျနိုင်ငံ JACC အဖွဲ့က ပြောပါတယ်။

လေယာဉ်ပျောက်ရှာဖွေမှုတွေကို စုံစမ်းစစ်ဆေးနေတဲ့ တာဝန်ရှိသူတွေ ကတော့ ရှာဖွေရေး အဖွဲ့တွေအနေနဲ့ မြောက်ဘက် ကို နေရာရွှေ့ပြီး လေယာဉ် ပျက်ကျ နိုင်ခဲ့ဖွယ်ရှိတယ်လို့ သိပ်မကြာခင်ကပဲ သုံးသပ်ပြောဆို ထားတဲ့ နေရာမှာ ရှာဖွေဖို့ အကြံပြုတာရှိပါတယ်။ ဒါပေမဲ့ သြစတြေးလျအစိုးရကတော့ အဲဒီအကြံပြုချက်ကို ပယ်ချခဲ့ပါတယ်။

လေယာဉ် ပျောက်ရှာဖွေဖို့အတွက် အဓိက ငွေကြေးမတည်ပေးနေတဲ့ သြစတြေးလျ၊ မလေးရှားနဲ့ တရုတ်နိုင်ငံတွေအနေနဲ့ - လေယာဉ်ပျက်ကျတဲ့ နေရာကို ညွှန်ပြနိုင်တဲ့ သက်သေအထောက်အထားသစ်တွေ ထပ်မတွေ့ရဘူးဆိုရင် လက်ရှိ လေယာဉ်ပျောက်ရှာ ဖွေနေတဲ့ နေရာမှာ ရှာဖွေမှုတွေ ပြီးတာနဲ့ ဒါကိုအဆုံးသတ်မယ်လို့ ပြီးခဲ့တဲ့နှစ်ထဲမှာပဲ သဘောတူထားကြတာပါ။

မလေးရှားခရီးသည်တင်လေယာဉ် MH370 လေယာဉ် လွန်ခဲ့တဲ့သုံးနှစ်လောက်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ကနေ တရုတ်နိုင်ငံ ဘေဂျင်းမြို့ကိုအသွား လမ်းမှာ ပျောက်သွားခဲ့တာပါ။

XS
SM
MD
LG