သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားမှာ နိုင်ငံခြားသားအလုပ်သမားအားလုံး COVID-19 စစ်ဆေးနေ


မလေးရှားနိုင်ငံ Kuala Lumpur မြို့ရှိ ကိုဗစ်ရောဂါရှိ၊ မရှိ စစ်ဆေးပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတဦး။ (အောက်တိုဘာ ၂၂၊ ၂၀၂၀)
မလေးရှားနိုင်ငံ Kuala Lumpur မြို့ရှိ ကိုဗစ်ရောဂါရှိ၊ မရှိ စစ်ဆေးပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတဦး။ (အောက်တိုဘာ ၂၂၊ ၂၀၂၀)

[Zawgyi/Unicode]

ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေတဲ့ မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသားတွေ အပါအဝင် သန်းချီတဲ့ နိုင်ငံခြားသား အလုပ်သမားတွေကို ရောဂါပိုးရှိ၊ မရှိ စတင်စစ်ဆေးနေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မကြာသေးခင်ရက်တွေအတွင်း ရွှေ့ပြောင်းအလုပ်သမားတွေကြားမှာပါ ကိုဗစ်ရောဂါကူးစက်မှုတွေ တွေ့ရှိခဲ့ရပြီးနောက် နိုင်ငံခြားသား အလုပ်သမားတွေအားလုံး ရောဂါပိုးစစ်ဆေးဖို့ အာဏာပိုင်တွေက အမိန့်ထုတ်လိုက်တာပါ။ မြန်မာနိုင်ငံသားတွေ အများအပြားရှိရာ နေရာတွေ အပါအဝင် နိုင်ငံခြားသား အလုပ်သမားတွေ ရှိရာနေရာတွေမှာပါ စစ်ဆေးမှာ ဖြစ်ကြောင်းလည်း မလေးရှားနိုင်ငံအခြေစိုက် အလုပ်အကိုင်ရရှိရေး အကျိုးဆောင်လုပ်ငန်းက ဦးသန်းထွန်းက ပြောပါတယ်။

“ကိုဗစ် test စစ်မယ်ပေါ့.. နိုင်ငံခြားသားအလုပ်သမားတွေကို သူတို့ ကြေငြာထားတာက နိုင်ငံခြားသား အလုပ်သးမား ၁၀၀,၀၀၀ ကျော်တယ်။ အကုန်တနိုင်ငံလံးပေါ့ ပီနန်၊ Negri Siembilanနဲ့ Labuan ကွာလာလမ်ပူ၊ ဆလန်ဂေါ အဲဒီ ပြည်နယ်က နေရာတွေကို စစ်မယ်။ ရောဂါအဖြစ်များတဲ့နေရာတွေမှာပေါ့.... ဒီနိုင်ငံမှာ ကိုဗစ်ကို အလေးထားပြီးကာကွယ်နေတယ် စင်္ကာပူနိုင်ငံလိုပဲစစ်သွားမှာလေ။ ရောဂါဖြစ်နေတာ အလုပ်သမားတွေပဲအဖြစ်များလို့ အလုပ်သမားထူထပ်တဲ့နေရာတွေ အလုပ်သမားအများစုရှိတဲ့နေရာတွေမှာ လိုက်စစ်တယ်။”

မလေးရှားနိုင်ငံမှာ ရှိနေတဲ့ ခန့်မှန်းခြေ နိုင်ငံခြားသား အလုပ်သမား ၁.၇ သန်းကို ရောဂါပိုးရှိမရှိ စစ်ဆေးဖို့နဲ့ ဒီအထဲက ၉၀၀,၀၀၀ လောက်ကို အမြန်ဆုံး စစ်ဆေးဖို့ စီစဉ်နေကြောင်းလည်း ကပ်ရောဂါတိုက်ဖျက်ရေး လုပ်ငန်းတွေမှာ ဦးဆောင်နေတဲ့ မလေးရှားကာကွယ်ရေး ဝန်ကြီး Ismail Sabri Yaakob ကို ကိုးကားပြီး ဒေသခံသတင်းတွေက ဖော်ပြပါတယ်။ အလုပ်ရှိတဲ့ သူတွေအတွက်ကိုတော့ အလုပ်ရှင်က ရောဂါပိုးစစ်ဆေးတဲ့ ကုန်ကျစရိတ်ကို ကျခံရမှာဖြစ်ပြီး လူတယောက်အတွက် မလေးရှားရင်းဂစ်ငွေ ၆၀ လောက်ကုန်ကျမယ်လို့လည်း ဆိုပါတယ်။ ဆလန်ဂေါ ပီနန် ကွာလာလမ်ပူစတဲ့ နိုင်ငံခြားသားတွေအနေများတဲ့ နေရာတွေကိုတော့ မနေ့ ကြာသပတေးနေ့ကစပြီး ကျန်းမာရေးဝန်ထမ်းတွေနဲ့ အာဏာပိုင်တွေ စေလွှတ်ပြီး စတင်စစ်ဆေးနေပြီလို့လည်း သတင်းတွေက ဖော်ပြနေပါတယ်။

မြန်မာနိုင်ငံသားတွေ အပါအဝင် တရားမဝင် နေထိုင်သူတွေကိုတော့ ကိုဗစ်ရောဂါပိုး စစ်ဆေးပြီး ဖမ်းဆီးထိန်းသိမ်းတာတွေလည်း ရှိတယ်လို့ ဦးသန်းထွန်းက ပြောပါတယ်။

“အမြဲတမ်း ကိုဗစ်ဖြစ်တဲ့နေရာတိုင်းကိုစစ်တယ်။ အဲဒီ နေရာတွေမှာ Lock down ဖြစ်တဲ့နေရာတွေမှာစစ်တယ်။ ရောဂါဖြစ်တဲ့ positive တွေကိုတော့ ဆေးရုံပို့ပြီး စစ်ဆေးတယ်။ တရားမဝင်တွေကိုတော့ Lock down ပြီး ကျန်းမာရေးစစ်ပြီးတာနဲ့ ဖမ်းဆီးထိန်းသိမ်းတယ်။”

နိုင်ငံခြားသားအလုပ်သမားတွေကို အလုပ်ခန့်အပ်ထားတဲ့အလုပ်ရှင်တွေအနေနဲ့လည်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွန်ကြားချက်တွေကို လိုက်နာဖို့နဲ့ ပျက်ကွက်ခဲ့ရင် ဒဏ်ငွေရင်းဂစ် ၅၀,၀၀၀ အထိချမှတ်ခံရမယ်လို့လည်း အာဏာပိုင်တွေက သတိပေးထားပါတယ်။

ဆလန်ဂေါပြည်နယ်မှာ နိုင်ငံခြားသားအလုပ်သမား ၁,၅၀၀ ကျော်လောက် ကိုဗစ်ရောဂါပိုး ကူးစက်မှုတွေ တွေ့ရှိခဲ့ရပြီးနောက် စက်ရုံ ၂၈ ရုံကို အရေးပေါ် ပိတ်ဖို့လည်း အာဏာပိုင်တွေ ညွှန်ကြားထားပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၃၄၈ ယောက်နဲ့ ကူးစက်သူ ၆၀,၀၀၀ ကျော် ရှိနေတဲ့ မလေးရှားနိုင်ငံမှာ ခန့်မှန်းခြေ မြန်မာနိုင်ငံသား အလုပ်သမား ၅၅၀,၀၀၀ လောက် ရှိနေပြီး ကပ်ရောဂါကာလ အလုပ်အကိုင်နဲ့ စားဝတ်နေရေး အခက်အခဲကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်သူ တချို့ရှိခဲ့သလို နေရပ်ပြန်ဖို့ ကြိုးစားသူတွေလည်း ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]










XS
SM
MD
LG