သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားရောက် မြန်မာအလုပ်သမားတွေကို ကိုဗစ်ရှိမရှိ စစ်ဆေးပေးနေ


Top Glove စက်ရုံအလုပ်သမားများကို ကိုဗစ်ရှိမရှိ စစ်ဆေးပေးနေ
Top Glove စက်ရုံအလုပ်သမားများကို ကိုဗစ်ရှိမရှိ စစ်ဆေးပေးနေ

(Zawgyi/Unicode)

မလေးရှားနိုင်ငံမှာ ကိုဗစ်၁၉ ရောဂါပိုး ကူးစက်မှုထောင်ချီဖြစ်လာနေတဲ့အထဲ မြန်မာအလုပ်သမား ရာနဲ့ချီ မှာပါ ကူးစက်ခံနေရလို့ ကျန်တဲ့မြန်မာအလုပ်သမားတွေမှာပါ ရောဂါပိုးကူးစက်မှုရှိ-မရှိ လုပ်ငန်းခွင်တွေအထိ လိုက်လံ စစ်ဆေးပေးနေတယ်လို့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိ ကပြောပါတယ်။ အရေးပေါ် အခြေအနေ ထုတ်ပြန်ထားတဲ့ မလေးရှားနိုင်ငံထဲက ကိုဗစ်ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းတွေကို မြန်မာ အလုပ်သမားတွေ အထူးလိုက်နာကြဖို့လည်း တိုက်တွန်းပါတယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မဆုမွန် စုစည်းတင်ပြထားပါတယ်။

မလေးရှားနိုင်ငံမှာ ကူးစက်မြန်ရောဂါ ကိုဗစ် ၁၉ တကျော့ပြန် ကူးစက်မှုတွေ ပိုတိုးလာပြီး စိုးရိမ်စရာအခြေအနေ ဖြစ်လာလို့ မလေးရှားနိုင်ငံတခုလုံးကို မလေးရှားဘုရင် Al-Sultan Abdullah က ဇန်နဝါရီလ ၁၂ရက်နေ့ ကတည်းက နိုင်ငံကိုအရေးပေါ် အခြေအနေကြေညာထားတာပါ။ လက်တလောမှာတော့ မလေးရှားနိုင်ငံတွင်းက ခရိုင်တွေမှာ အသွားအလာ ကန့်သတ်မှု A movement control order (MCO) ထုတ်ပြန်ထားပြီး မြို့တော် ကွာလာလမ်ပူ အပါအဝင် ပိုးကူးစက်မှုနှုန်းမြင့်မားနေတဲ့မြို့တွေကိုလည်း တင်းကျပ်တဲ့ ကိုဗစ်စည်းကမ်းတွေကို ချမှတ်ထားပါတယ်။

မလေးရှားနိုင်ငံထဲမှာ နေ့စဉ်လို လူထောင်နဲ့ချီကူးစက်မှုဖြစ်လာနေတဲ့ အတွက်မလေးရှားအစိုးရစီမံချက်နဲ့ မြန်မာအလုပ်သမားတွေကြား ရောဂါပိုး ရှိ-မရှိ လိုက်လံ စစ်ဆေးပေးနေပါတယ်လို့- မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးရဲ့ အလုပ်သမားသံအရာရှိ ဦးဝင်းမင်းစိုး က လက်ရှိအခြေအနေ ရှင်းပြပါတယ်။။

"လက်ရှိမှာတော့ ကျနော်တို့ကတော့ ဒီမလေးရှားနိုင်ငံမှာ အဓိက မြို့ကြီး(၆)မြို့ပေါ့ (MCO) သတ်မှတ် ထားတာပေါ့။ (MCO- movement control order) နဲ့ အသွားအလာကို ယခင်တုန်းကထက်ပိုပြီး တင်းကျပ်ထားတာရှိပါတယ်။ ပြီးတော့ MCO ကာလကိုလည်း အရင်က ဇန်နဝါရီလ ၂၆ရက်အထိ သတ်မှတ်ထားတာပေါ့နော်။ အခုဟာက ဖေဖော်ဝါရီ (၄)ရက်အထိထပ်တိုးလိုက်ပါတယ်။နောက်တခုကအစိုးရအစီအစဉ်နဲ့ သူ့ဒေသအလိုက် ကိုဗစ်၁၉ လိုက်စစ်ပေးနေတဲ့အနေအထားတော့ရှိပါတယ်။ နိုင်ငံခြားသားတွေအတွက် မလေးရှားအစိုးရက ချမှတ်ထားတဲ့အစီအစဉ်ပေါ့နော်။ ကျနော်တို့က ပေါ်လစီတခု ချမှတ်ထားတယ်။ နိုင်ငံခြားသားအလုပ်သမားတွေအားလုံးကိုအလုပ်ရှင်ရဲ့ကုန်ကျစားရိတ်နဲ့ ကိုရိုနာဗိုင်းရပ်စ်ကို စစ်ပေးရမယ်ပေါ့နော်။ အဲ့မူဝါဒချမှတ်ထားတာကို ဒီဘက်က သက်ဆိုင်ရာအစိုးရရယ် လူမှုဖူလုံရေးအဖွဲ့အစည်း ကနေ လိုက်ပြီးစစ်ပေးနေတဲ့ အစီအမံတွေရှိပါတယ်။"

အဲ့ဒီ့လိုမလေးရှားအစိုးရအစီအမံနဲ့ ကိုဗစ်ရောဂါပိုးရှိ-မရှိလိုက်လံစစ်ဆေးချိန်မှာ မြန်မာအလုပ်သမားတွေကြားမှာ ကိုဗစ်၁၉ ပိုးကူးစက်နေတာတွေ တွေရှိနေပြီး မြန်မာအလုပ်သမားတွေဘက်က ကိုဗစ်၁၉ ဆိုင်ရာအရေးပေါ် အခြေအနေဖြစ်လာရင် မြန်မာသံရုံးကို အမြန်ဆုံးဆက်သွယ်ကြပါလို့ လို့လည်း အလုပ်သမားသံအရာရှိ ဦးဝင်းမင်းစိုးက တိုက်တွန်းပါတယ်။

" မြန်မာနိုင်ငံသားတွေထဲမှာ ပိုးတွေ့တဲ့သူတွေလည်းရှိပါတယ်။ ကျနော်တို့ မြန်မာအလုပ်သမားတွေကို အစိုးရအစီအမံနဲ့စက်ရုံအလုပ်ရုံတွေကို ကိုဗစ်ပိုးတွေ လိုက်ပြီးစစ်တဲ့အခါမှာ ပိုးတွေ့တဲ့အရေအတွက် ပိုများလာတွေ့ရတယ်။ အခုလက်ရှိအများဆုံးဖြစ်နေတဲ့ အနေအထားတခုကတော့ လက်အိတ်စက်ရုံပေါ့နော် အဲ့လက်အိတ်စက်ရုံမှာ မြန်မာအလုပ်သမား ၃၀၀ကျော်လောက်အထိကိုဖြစ်သွားတာပေါ့နော်။ သို့သော်သေဆုံးသူ မရှိပါဘူး။ အစိုးရကသတ်မှတ်ထားတဲ့ ကွာရမ်တင်းစင်တာတွေမှာသွားနေကြရတယ်။ ပြီးရင် Recovery Process အတွက်ကို စောင့်ကြည့်တဲ့အနေအထားတခုမှာတော့ရှိနေပါတယ်။ ဒါကြောင့် အခုမလေးရှားအစိုးရက တင်းကျပ်ထားတဲ့ ဒီ (MCO- movement control order) အမိန့်အောက်မှာ လိုက်နာဖို့ပေါ့နော်။ ကျနော်တို့ Hotline Phone Numbers တွေ ဖြန့်ဝေထားပါတယ်။ အတတ်နိုင်ဆုံးဝိုင်းဝန်းကူညီမှာပါ ကျနော်တို့ဘက်က ၂၄နာရီပတ်လုံး ဒီဖုန်းတွေကိုဖွင့်ထားပါတယ်။"

မလေးရှားနိုင်ငံတွင်းမှာ ကိုဗစ်၁၉ အရေးပေါ်အခြေအနေဖြစ်နေချိန် အသွားအလာတွေ တင်းကျပ်ကန့်သတ်နေတဲ့ နယ်မြေတွေကို ထပ်တိုးချဲ့ပြီး ကူးစက်ပြန့်ပွားမှုကာကွယ်ထိန်းချုပ်နေတဲ့ အနေအထားမှာ မလေးရှားရောက်မြန်မာတွေ အထူးသတိထား လိုက်နာကြဖို့ကိုလည်း အလုပ်သမားရေးကူညီဆောင်ရွက်ပေးနေတဲ့ ကိုသီဟမောင်မောင်က သတိပေးပါတယ်။

"ရောဂါတွေ့တာပိုများလာတယ် အရင်တုန်းက တရက်တရက်ကို ရာဂဏန်းရှိလာတာကနေထောင်ဂဏန်း အထက်ရှိလာရာကနေ ပြီးခဲ့တဲ့ရက်ကဆို စံချိန်ချိုးသွားတာပေါ့။ လေးထောင့်ကျော်သွားတယ်။ ဒီနေ့ဆိုလည်း သုံးထောင်ကျော်တယ်။အခုဟာက တနိုင်ငံလုံးအတိုင်းအတာနဲ့ ဘောနီယိုကျွန်းဘက်က ဆာလာဝပ်တခုပဲ လွတ်တယ်။ ကျန်တဲ့ပြည်နယ်တွေအကုန်လုံး လော့ခ်ဒေါင်းချလိုက်ပြီး စည်းမျဉ်းစည်းကမ်း အတိုင်း လိုက်နာရမယ်ဆိုပြီး အမိန့်တွေထုတ်ထားလိုက်တယ်ပေါ့နော်။ အဲ့တော့ စည်းမျဉ်းစည်းကမ်းကတော့ မလေးရှားက နဂိုကတည်းက သတ်မှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းအတိုင်း ဥပဒေအတိုင်းလိုက်နာကြဖို့ သူတို့ တိုက်တွန်းထားတာတွေရှိတယ်။ အခုအချိန်မှာ ရောဂါကူးစက်မှုက များနေတဲ့အခါကျတော့ အဓိကက ကျနော်တို့မြန်မာနိုင်ငံသားတွေ အကုန်လုံး အတတ်နိုင်ဆုံး လူစုလူဝေးရှိတဲ့နေရာတွေကို မသွားကြဖို့ပေါ့။အပြင်ထွက်ရင်လည်း Mask တပ်ပြီးသွားပါ။ သူ့နိုင်ငံသားတွေလည်းဖြစ်နေတယ် နိုင်ငံခြားသားတွေမှာလည်း ဖြစ်နေတဲ့အခါကျတော့ ကိုယ့်ဘက်က စည်းကမ်းလိုက်နာ ကာကွယ်ထားနိုင်မှ တော်ရုံကြမှာလေ။"

အခုဆိုရင် မလေးရှားနိုင်ငံမှာ ကိုဗစ်၁၉ လူနာတွေများပြားလာတဲ့အတွက် ဆေးရုံဆေးခန်းတွေမှာ နေရာ မလုံလောက်မှုတွေဖြစ်နေပါတယ်။ အမေရိကန်ပြည်ထောင်စုအခြေစိုက် Johns Hopkins ဆေးတက္ကသိုလ်ရဲ့ကမ္ဘာလုံးဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်၁၉ ကူးစက်မှုနှုန်းလေ့လာစစ်တမ်းကောက်ယူနေတဲ့ စင်တာရဲ့ထုတ်ပြန်ချက်အရ ဇန်နဝါရီလ ၂၂ရက်နေ့အထိ မလေးရှားနိုင်ငံတွင်း ကိုဗစ်၁၉ ကူးစက်သူပေါင်း (၁၇၆,၁၈၀) ရှိနေပြီး ကိုဗစ်ကြောင့် သေဆုံးသူပေါင်း (၆၆၀) အထိရှိသွားပြီဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


.............

(Unicode)










XS
SM
MD
LG