သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီခန့်ဝန်ကြီးနဲ့ မလေးရှားသံအမတ်ကြီးတွေ့ဆုံမှု မလေးရှားကာကွယ်ပြောဆို


မလေးရှားသံအမတ်ကြီး မြန်မာ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး နဲ့ တွေ့ဆုံ
မလေးရှားသံအမတ်ကြီး မြန်မာ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး နဲ့ တွေ့ဆုံ

{{Zawgyi/Unicode}}

မြန်မာစစ်ကောင်စီ ကိုယ်စားလှယ်တစ်ဦးနဲ့ မလေးရှား သံအမတ်ကြီးတို့ တွေ့ဆုံဆွေးနွေးခဲ့တာနဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံက ကြာသပတေးနေ့က ကာကွယ်ပြောဆိုလိုက်ပါတယ်။

ဒီလို တွေ့ဆုံမှုဟာ ဆန္ဒပြသူတွေကို ရက်ရက်စက်စက် ဖြိုခွဲနှိမ်နှင်းနေတဲ့ စစ်ကောင်စီကို အသိအမှတ်ပြုတဲ့ သဘောဖြစ်တယ်လို့ ဝေဖန်ပြောကြားမှုတွေထွက်ပေါ်လာပြီးတဲ့ နောက် မလေးရှားက အခုလို ကာကွယ်ပြောဆိုလိုက်တာပါ။

မလေးရှားသံအမတ် Zahairi Baharim က စစ်ကောင်စီရဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးအောင်သန်းဦးနဲ့ တွေ့ဆုံဆွေးနွေးနေတဲ့ ဓာတ်ပုံတွေ လူမှုကွန်ယက် မီဒီယာတွေပေါ်မှာ ထွက်ပေါ်လာပြီးတဲ့နောက် မလေးရှားနိုင်ငံပေါ် ဝေဖန်ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ မလေးရှားနိုင်ငံပိုင် ရေနံကုမ္ပဏီ Petronas ရဲ့ စီမံကိန်း တခုရပ်ဆိုင်းလိုက်တာကို မြန်မာနိုင်ငံကို အသိပေးဖို့အတွက် အခုလို တွေ့ဆုံတာဖြစ်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် အခုလို တွေ့ဆုံမှုဟာ နိုင်ငံတော် အုပ်ချုပ်ရေးကောင်စီကို အသိအမှတ်ပြုခြင်း၊ မပြုခြင်းဆိုတဲ့သဘော မဆောင်ဘူးလို့ မလေးရှားနိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံအပေါ်မှာ ထားရှိတဲ့ မလေးရှားနိုင်ငံရဲ့ ရပ်တည်ချက်က တသမတ်ထဲသာဖြစ်ကြောင်းနဲ့ လက်ရှိ အကြပ်အတည်းကို ငြိမ်းချမ်းစွာဖြေရှင်းဖို့လည်း မလေးရှားနိုင်ငံက တောင်းဆိုကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။

မလေးရှားနိုင်ငံဟာ ဖေဖော်ဝါရီလတုန်းကလည်း မလေးရှားရောက် မြန်မာနိုင်ငံသား ၁,၀၀၀ ကို မြန်မာနိုင်ငံကို ပြန်လွှဲပြောင်းပေးဖို့ စစ်ကောင်စီနဲ့ သဘောတူခဲ့တာကြောင့် ဝေဖန်ခံခဲ့ရပါတယ်။

ဆန္ဒပြသူတွေကို စစ်တပ်က ပစ်ခတ်နှိမ်နှင်းနေတာတွေနဲ့ ပတ်သက်လို့ မလေးရှားနိုင်ငံက အင်ဒိုနီးရှား၊ စင်္ကာပူ၊ ဖိလစ်ပိုင်နိုင်ငံတို့နဲ့ အတူ စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောကြားနေသလို မြန်မာ့အရေး အရှေ့တောင်အာရှနိုင်ငံခေါင်းဆောင်တွေနဲ့ အဆင့်မြင့်ဆွေးနွေးပွဲတခုကို အမြန်ဆုံးပြုလုပ်ဖို့ ထောက်ခံနေတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

........................................................

တိုက်ရိုက် လင့်ခ်

{{Unicode}}


XS
SM
MD
LG